မြေကြီး


သမိုင်း အစဉ်အလာတွေနဲ့
 နှိုင်းယှဉ်ကာ စာတင်ခဲ့ကြတယ်
 ဟောဒီ့ မြန်မာ့မြေ ။
သူ့ကျွန်ဘ၀ ရောက်တော့
 ထကြွကာ ပုန်ကန်
 ကြွေးကြော်သံက သခင်မျိုးဟေ့ ဒို့ဗမာ
လွတ်လပ်ပြီ မမှတ်ကြလေနဲ့
သူ့ကျွန်ထက်ဆိုးတာက
 အချင်းချင်း ကျွန်ပြုနေကြတာ
 ခေါင်းတောင် မဖော်နိုင်ဘူး။
 မြေပေါ်မှာ စိုက်တော့
 ရွှေဝါရောင်စပါး
 မြေအောက်က နှိုက်တူးထုတ်ရင်
ရတနာ ရွှေ ငွေ။
အဖိုးတန် သယံဇာတတွေနဲ့
အမျိုးမှန် မြန်မာမျိုးတွေ
 မြေကြီးကို အမှီပြုပြီး
 မော်ကာ ကြွားကြတယ် ။
တို့ပြည်ကြီး မဆင်းရဲဘူး
 မြေပေါ်မြေအောက်
သယံဇာတတွေနဲ့ပေါ့။
 ကြွားချင်တိုင်း ကြွားနေတဲ့
 မြန်မာတွေ
သူတို့ ကိုယ်တိုင်မှာတာ့ဖြင့်
မနက်စာ မနက် ၊ ညစာ ည
 ရှာရတာ ဖတ်ဖတ်မောလို့ ။
 ပေါလွန်းတဲ့ သယံဇာတတွေကို
အစဉ်အဆက် နှိုက်ထုတ်သွားလိုက်ကြတာ
 ခင်ဗျားတို့ ၊ ကျွန်တော်တို့
 ပြည်သူတွေ ခံစားရလို့လား
 စံစားရလို့လား ။
အခုကြည့်ကြဦး
စိုက်ပျိုးစားသောက်နေတဲ့မြေကို
 ရန်ရှာလာကြပြီ။
တိုင်းပြည်ကြီး တိုးတက်ဖို့လည်း ဆိုရဲ့
 ဖွံ့ဖြိုးဖို့လို့လည်း ဆိုကြလေရဲ့
 ပြည်သူတွေ အငတ်ခံပြီး
လူတစ်စုကြွယ်ဝရုံနဲ့
တိုးတက်ပြီဆိုကြမှာလား ။
 ပြောလိုက်ပါရစေ
 ရွှေသီးတဲ့ မြေကြီးပေါ်က
 ရွှေမြန်မာ ပြည်သူအပေါင်းတို့
 ရှာချင်တဲ့ ရန်ကို ရှာပါစေ
 ဟောဒီ မြေကြီးပေါ်က
 မောင်းထုတ်တဲ့ ရန်ကိုတော့
အကြောက်တရားကို ဖျောက်
 မြေကြီး ကို ကာကွယ်စောင့်ရှောက်ကြပေတော့ ။ ။


 နောင်တော်လေး

တေးဆိုငှက်သို့


ခွန်းဆင့်သံချို
မြကျေးညိုလျှင်
နွေကြိုတေးလည်း သီခဲ့ပြီ။

ခွန်းဆင့်သံချို
မြကျေးညိုလျှင်
မိုးကြိုတေးလည်း သီခဲ့ပြီ။

ခွန်းဆင့်သံချို
မြကျေးညိုလျှင်
ဆောင်းကြိုတေးလည်း သီခဲ့ပြီ။

နွေ မိုး ဆောင်း ကြို
တေးသီဆိုရင်း ၊ နေညိုတော့မည်
ဘ၀သည်ကား ၊ လှုပ်ရှားရုန်းကန်
တော်လှန်ပြောင်းလဲ၊ စဉ်အမြဲတည့်
သင်၏တေးလျှင်၊ နားဆင်သူပေါင်း
ငြိမ့်ငြောင်းချိုမြ ၊ နားဝင်လှလည်း
လောကကောင်းကျိုး ၊  ကောင်းဆိုးနှစ်လီ
မသီမပြု ၊ အများစု၏
စားမှုနေရေး ၊ သောကဝေးရာ
လောကသစ်ဆီ ဦးတည်မျှော်ရစ်
အားမာန်သစ်မည့်
ခေတ်ကြိုတေးလည်း သီပါဦး ။   ။

ခင်ပိုက်ဆွေ - ပြည်
တိုင်းရင်းမေ ဂျာနယ်မှ ဖတ်မိ မှတ်ခဲ့ မျှဝေလိုက်သည်။

ပဲပြုတ်သည် မေမေ



ဝေလီရယ် လင်းပါပေါ့

ပဲပြုတ်ရောင်း ထွက်ရမည်

လှေကလေးကိုပြင်

သားငယ်က ပဲ့ကလှော်လို့

လှေဦးမှာ အမေထိုင်

တကျော်ကျောင် အော်ရှာလေတယ်

ဟောဒီက ... ပဲပြုတ်။

ချောင်းရေကဆန်

အားတင်း၍ သားငယ်လှော်ဟန်

အမေမှာ ဘ၀င်မထိလှတယ်

အမေ ကူလှော်ပါ့မယ်ကွယ်။

အမေ့အော်သံကြားပါပေါ့

လာပါအုံးပဲပြုတ်သည်

လှေနံချင်းယှဉ် ပဲပြုတ်ရောင်းတယ်

ဧရာဝတီ မြစ်ဝကျွန်းပေါ်။

ချောင်းရေက အကျ

တံတားဦး လှေမမီ

ရွှံ့ဗွက်က အမေရုန်းတက်တယ်

ရွာပေါ်မှာ ပဲပြုတ်ရောင်းဖို့။

အမေက မှာသံပါးတယ်

ရွာဦးက အမေ့ကိုစောင့်လော့

ကျောင်းတက်ချိန်အမီရောက်အောင်

သုတ်သုတ်ရောင်း၍ ပြန်ကြမယ်

အားထည့်၍လှော်။

ရွာပေါ်က အမေ့အသံ

နားထဲမှာ ကြားယောင်သေးတယ်

ပဲပြုတ် ... ပဲပြုတ် ... ပဲပြုတ်

လှေကလေးကိုလှော်ရင်းပေါ့

နောင်တော်လေး (ဘိုကလေး)

ဇေယျာသော်ရဲ့ ထောင်တွင်းကဗျာ


လူမျက်နှာ ပျောက်တဲ့ လူသားတွေ
လူုအချင်းချင်း
မီးထက်ပြင်းတဲ့ ထိုးနှက်မှုတွေ
အချစ်ကို ၀ယ်စားကြသူတွေနဲ့
အချစ်ကို ရောင်းစားကြသူတွေ
ဈေးခေါ်နေတဲ့ စာရိတ္တတွေနဲ့
မေတ္တာမဲ့ နှလုံးသားတွေ
ဘယ်သူသေသေ
ငတေမာရင်ပြီးရောပေါ့။
ငါတို့ခေတ်မှာ
လူသားတွေဟာ တစ်ယောက်အတ္တအတွက်
တစ်ယောက်က အခြားတစ်ယောက်ရဲ့
မျှော်လင့်ချက်တွေကို ရိုက်ချိုး
အသွေးအသားကို မီးလှုံ
အရိုးတွေနဲ့ ယုံကြည်ချက်တွေ
တိုးတိုက်မိကြပေါ့
ငါတို့ခေတ်မှာ
ကမ္ဘာရဲ့ သစ္စာနဲ့
ပျောက်ဆုံးနေတဲ့
လောကပါလဟာ
ဘယ်မှာမှ ရှာမရသလို
အတ္တမျက်မှန်တွေတပ်
မောဟ အမှောင်တိုက်ထဲ တိုးဝင်
ဟင် . . . လူသားတွေဟာ
မျက်နှာတွေ ပျောက်နေကြပြီ ။

လွတ်လပ်မှ အနမ်းခြွေ

အလှကို ဆောင်ကြဉ်းပေးဖို့
လောကကြီးက မင်းကို
ဒီနေရာမှာ တာဝန်ချပေးလိုက်တယ် ။
မင်းကို နက်ရှိုင်းစွာ ချစ်ဖို့
လောကကြီးက ငါ့ကို
ဒီနေရာမှာ တာဝန်ချပေးလိုက်တယ်
ချစ်မိတဲ့ အခါ လူတွေ နမ်းကြတယ်။
အချို့ကို သူတို့ လက်လွတ်မခံကြ
ငါ့နှလုံးသားက မင်းကို
ပြင်းပြစွာ တမ်းတနေပေမယ့်
စစ်မြေပြင်ကိုလည်း
ငါသွားရဦးမယ်။
အချစ်ရေ . . . တိုက်ပွဲမှာ
ငါကျဆုံးသွားခဲ့ရင်
ငါ့နှုတ်ခမ်းတွေက ကျည်ဆံဒဏ်ရာကြောင့်
စုတ်ပြဲဖွာလန်ပြီး
မင်းနှုတ်ခမ်းတွေကို ဘယ်သောအခါမှ
မနမ်းနိုင်တော့မှာလဲ ဖြစ်နိုင်တာပဲ။
အချစ်ရေ . . . ငါသေသွားခဲ့သော်မှ
ငါကတော့မင်းကို ချစ်မြဲပါ။
ဒါပေမယ့် ကျွန်တစ်ယောက်ရဲ့
နှုတ်ခမ်းတွေနဲ့ မင်းကို ငါနမ်းဖို့
မဖြစ်နိုင်လို့ပါ။   ။

ငုယင်ဂီယက် (ဗီယက်နမ်)

စစ်မုန်းနှင်းဆီအတွက် မြရွက်တို့ရဲ့ မော်ကွန်း

(၁)

ကျောက်ဂူထဲက

တစ်လှမ်းချင်းထွက်လာတဲ့

ကြေးဝါရောင် ခြင်္သေ့ တစ်ကောင်လိုပဲ

၁၉၉၁ ရဲ့ ဒီဇင်ဘာ(၁၀)ရက် ဟာ

နေခြည်မျှင်စ တွေကို လည်ဆံမွှေးလို ခါချရင်း

လူ့ လောကထဲ တိုးဝင်လာခဲ့ပြီ ။

ဖက်ဆစ်ကလည်း

သူ့ ဖိနပ်ကို ကျစ်တဲ့ကြိုးနဲ့

ငါတို့ကို စီးမိုးတုပ်ခတ်

ဘီလူး အိမ်မက်မှာ

ညတွေ နက်ပြီးရင်း နက်ခဲ့ပြီ ။

ငါတို့ရဲ့တော်လှန်နိုင်ငံ ဟာ

အာရှရဲု့မုတ်သုန်စီးကြောင်းအောက်မှာ

စစ်ခမောက်တစ်လုံး မှောက်ထားသလို

မီးခိုးညိုတွေ အူထွက်

အဲ့ဒီအထဲကမှ ငါက အားယူ နိုးထလျှက်ပေါ့ ။

ဒီနေ့ဟာ

သံလွင်ခက်တွေ သက်ဝင်မဲ့နေ့

ရာဇ၀င်မှာ ရွှေလို စင်ကြယ်တဲ့ နေ့ပါပဲ။

ငါ့ရင်ထဲမှာ မွှေးမြသင်းရီ

ငါ့နိုင်ငံ မှာ လင်းပစွေးနီ

ငါတို့ ချစ်သော

အို ... အောင်ဆန်းနှင်းဆီ ။

(၂)

ဘုန်းကြီးသင်္ဃန်း တွေကို ချွတ်ပြီး

လူသေပတ်တဲ့ အ၀တ်လုပ်သူတွေက

နိုင်ငံတော် အာဏာ ကို

သေနတ်အိတ်ထဲက ထုတ်ကြည့်နေလေရဲ့ ။

အရိုးနဲ့ ဆောက်တဲ့ အုတ်ဂူမှာ

ယမ်းငွေ့ သွေးမြူတွေ အုံ့ ဆိုင်း

သည်မြေကို ရိုင်းအောင် လုပ်ရက်ကြတယ်

ဟေး... ပွင့်စမ်း ဝေစမ်း ရဲရင့်စမ်း

ငါတို့ ချစ်သော အောင်ဆန်းနှင်းဆီ ။

ငြိမ်းချမ်းရေး ကို မြတ်နိုးသူ က

သံချပ်ကာ အင်္ကျီ ၀တ်ထားသင့် သလား

သားသတ်သမားနဲ့ ဘုရားသခင် ကို ငါမေးချင်တယ် ။

တောင်စွယ်နေကွယ်ချိန်

သူသတ်ကုန်းမှာ

ငါလိုရာသာ တောင်းခွင့်ရရင်

မင်းတို့ ဘုရင် နဲ့ စီးချင်းထိုးချင်လို့ ပဲ

ငါပြောမိလိမ့်မယ် ။

ဒါတော်လှန်ရေး

တော်လှန်ရေး မှာ အေးစက်မှုန်ဝါး

အောင်ဆန်းနှင်းဆီ နေ့  များ

အောင်ဆန်း နှင်းဆီ ည များ

ပြည်သူကြားမှာ လွင့်ပါးလှုပ်ခတ်

အနာဂတ် မိုးကြီး ရွာတော့မယ် ကွယ် ။

(၃)

ဒီကဗျာကို ငါရေးတာ

သူမ အတွက် ဘုန်းတော်ဘွဲ့တင်ဆက်တာ မဟုတ်ဘူး

တော်လှန်ရေး ကို

အာဇာနည်ကုန်းပေါ် က

တက်အလေးပြုတာပဲ ဖြစ်တယ် ။

ငါပြန်စဉ်းစားရင်

မိခင်ရဲ့ မျက်နှာမှာ

ဓါးခုတ်ရာ အမာရွတ် ကိုတွေ့ရသလိုပဲ

အသည်းနာလွန်းလှတယ် ။

ငြိမ်းချမ်းရေးစောင်းကြိုးနဲ့  ဟိုးအဝေးက စစ်ခရာ

လောကမှာ ဘယ်သူ လင်းပြာစေမလဲ

ဆက်လျှောက်

ဆက်ကြိုးစား

အမှန်တရားဆိုတာ ဘယ်သူမှ အလကားမရဘူး။

လျှောက်ရဲသူအတွက် လမ်းဆိုတာ

မနက်ဖန် နေထွက်ချိန်တိုင်းမှာ ရှိတယ် ။

ကြောက်တဲ့သူ လက်နက်ချစတမ်းဆိုရင်

ငါရေးတဲ့  ဒီနှင်းဆီပန်းကဗျာ ဟာ ဓါးဖြစ်လာလိမ့်မယ်

ထက်မြစိမ်းဝင်း

သတ္တိအဆင်းတို့ လွမ်းခြုံ

အရှေ့ စူးစူး ရောင်ခြည်ခူးဖို့

ငါတို့ အားလုံး ဦးလည်မသုန်

ငါတို့ အားလုံး ဦးလည်မသုန်

ငါတို့ အားလုံး ဦးလည်မသုန်။ ။

ရွှေဘုန်းလူ (ခ)ချစ်ညီညီ(ခ)တာရာမင်းဝေ (ဒီဇင်ဘာ၊၁၉၉၁ တွင် ထောင်တွင်းရေးစပ်ခဲ့သည်) (၈၈မျိုးဆက်ကျောင်းသား)

ကိုဇော်ဇော်အောင်(၈၈မျိုးဆက်ကျောင်းသား) မှ ပြန်လည်ဖေါ်ထုတ်သည်။



* * * * ဘ၀မှာ * * * *

အစားထိုးမရတဲ့ ဆုံးရှုံးမှု နှစ်ခုသာရှိတယ်။
အဲဒါ မိဘ နဲ့ အချိန် ပဲ။
လူတစ်ယောက်၏ တန်ဖိုး ဆိုတာ
အလုပ်လုပ်ခြင်းပဲ။
ဆင်ခြေပေးတဲ့ ပါးစပ်
ထမင်းငတ်တတ်တယ်။
မေ့တယ်ဆိုတာ မလေးစားလို့
ကြောက်တယ်ဆိုတာ မခိုင်လုံလို့
နှေးတာ အရေးမကြီးဘူး။
ရပ်မနေဖို့ဘဲ အရေးကြီးတယ်။
မနာလိုမဖြစ်ပါနဲ့
လုပ်တဲ့သူက နေရာရမှာပဲ။
စာရိတ္တကောင်းရင်
နောက်ကြောင်းရှင်းတယ်။
မလုပ်တတ်ကြောင်း များများပြောလေ
မလုပ်တတ်လေ။
လိုသလောက်မရနိုင်ပေမယ့်
လုပ်သလောက်တော့
ရနိုင်ပါတယ်။
အကျင့်စာရိတ္တသည်
ထိုသူ၏ ကံကြမ္မာပင်ဖြစ်သည်။ ။

ပန်းပန်လျက်ပဲ


ညိုပြာပြာ လတာပြင်ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း
ဆင်းရလဲ မသက်သာ
အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ
အဆင်းနဲ့ အလာ၊ ဗေဒါမ အတွေး
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး
ဆောင့်ခဲ့လည်း မသက်သာ
နောက်တစ်ချီ ဒီတစ်လုံးက ဖုံးလိုက်ပြန်ပါ
မြှပ်လေပေါ့ ပေါ်မလာ၊ မဗေဒါ အလှ
တစ်လံကွာ လှိုင်းအကြွ ပေါ်လိုက်ပြန်ရ
ပေါ်ပြန်လဲ မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက ဘဲထွက်လို့လာ
ဘဲအုပ်မှာ တစ်ရာ နှစ်ရာ၊ မဗေဒါ တစ်ပင်ထဲ
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ ပန်းပန်လျက်ပဲ ။  ။

ဆရာ ဇော်ဂျီ

ဓာတ်ပုံ ကိုသားညွှန့်ဦး( facebook) မှ ယူထားပါသည်။

* * * မင်းခစား * * *

အစဉ်အလာမပျက်
မင်းနား ကပ်၍
မင်းကို မြှောက်စား
မင်းခ စားဟု
ဆိုရ လောက်အောင်
မကောင်း မင်းစုတ်
သတင်း ယုတ်ဆို
အလျဉ်းမကြေညာ
မင်းဆိုးမင်းယုတ်
ဒူးတုပ်၍ ဖူးမျှော်
မင်းခြွေကပ်စား
မင်းလက်ပါးက
သူကြွယ်သား အသွင်
ဂုဏ်ရှိဘိထင်
မင်းစိတ်မကွက်
နေတတ်လျှင် သော်
မင်းခစားလည်း
ခွေးနှင့် တူသော လူတော် . . .။ ။

မင်းမကြောက်   

ကျွန်ုပ်၏ပထမဆုံး အတွေ့အကြုံ

ဒါဟာ ပထမဆုံးပဲ
အမေစုကိုတွေ့ရရုံသာမက
မိန့်ခွန်းကိုပါ ဒီနားနဲ့
ဆက်ဆက်ကြားခဲ့ရတယ်
ချိုမြိန်တဲ့အသံ
နူးညံ့တဲ့ အပြုံး
ငါ့တစ်ကိုယ်လုံးလွမ်းခြုံရစ်ခဲ့ပေါ့
စိုးရိမ်သောကဘယ်ဆီရောက်ခဲ့
ဘယ်မလဲအကြောက်တရား
ငါကိုတားမရခဲ့
ပူပြင်းတဲ့နေ
ကြမ်းတမ်းတဲ့လမ်း ငါမမှု
ငါဘာကောင်မှမဟုတ်ပေမယ့်
အင်အားတွေပြည်ခဲ့တယ်
ငါနားလည်ခဲ့ပြီ
မျှော်လင့်ချက်နေရောင်
ဒို့အတွက်ထွန်းလင်းလို့လာခဲ့ပြီ
အောင်မြင်မှုလက်တကမ်းကို
အမေစုလှမ်းလို့ကြိုပြီ
ဒိုပြည်တ၀ှမ်း။

စိန်ခေါ်သူ

* * * အလေးပြု * * *


ဝါ စိမ်း နီ ကြယ်တစ်လုံး
ငါအမုန်းဆုံး
အဝါရောင် “ ရွှေ ” ကိုမှန်းလို့
စိမ်းအရောင် “ စစ် ” ကိုယ်စားပြု
ရဲရဲနီ မဗာ့သွေးကိုမှ
သောက်ကြ ရော့ထင်
အာဏာရှင် မိစ္တာရိုင်းတို့
ဘယ်ကြယ်ကိုမှန်း
ရမ်းသမ်းတော့မဆိုချင်
မိစ္တာတို့ အလံပြုတဲ့
ဟာသဇာတ်လမ်း
ဗြမ်းဗြမ်းကွဲအောင်ရယ်ကြ
အရုးထ၍နေကြသည်
ကိုယ့်လှေကိုယ်ထိုး
ပဲခူးရောက်ရောက်ဆို
ကလေးတောင်မက
ခွေးတောင်လုပ်တတ်သပ
လက်နှီးစုတ် တိုင်ထက်ချီ
လာလေကွာ အလေးပြုစို့
အာဏာရှင် အလံခိုး။...... တို့
မင်းမကြောက်

`ဇာနည်ထုံး´

လွတ်လပ်တော့မည်၊ မြန်မာပြည်တည့်

ဇာနည်တို့ထုံး၊ ပိုက်ယူကျုံး၍

နှလုံးရဲခက်လှစေမင်း။

လွတ်လပ်တော့မည်၊ မြန်မာပြည်တည့်

ဇာနည်တို့ထုံး၊ ပိုက်ယူကျုံး၍

လက်ရုံးကျန်းခက် လှစေမင်း။

လွတ်လပ်သောအခါ အိုမြန်မာတို့

ချုချာနုံ့နဲ့၊ တအားနွဲ့ကို

ညှာငဲ့ထောက်တွေး၊ သားငယ်ထွေးသို့

ပြုရေးညံ့ သက်ကြစေမင်း


မင်းသုဝဏ်

မင်းတို့ ၀ါဒ

 
ဘ၀နိမ့်ပါး လူတန်းစား
 သင်္ခါရတရားး မသိငြား
အသိတရား လွန်ခေါင်းပါး
စာနာတရား ဘေးမှာထား
ငါနိုင် ငါစား ပြုသူများ
နောင်တတရား နောင်မှရ။
အတ္တမာန ဂုဏ်ဓနနဲ့
မောက်မာပျော်ရွှင် စည်းစိမ်ရှင်တို့
ဘ၀နိမ့်ပါး လူတန်းစားကို
လည့်စားခြယ်လှယ် ပြုလွယ်သည်
တို့တွေဘ၀ လေလွင့်ရပြီ။

ဂုဏ်ဓနမဲ့ သုညပဲမို့
ကိန်းဂဏန်းရှာ သူ့ကျွန်ပမာ
ကျွန်ငါမဟုတ် သခင်သမုတ်လို့
ငါတို့ကြိုးစား တိုးမပွားခဲ့
စိတ်နာနာနဲ့ ဖြေသိပ်ခဲ့
မရေရာဌာန ဖြေစရာမရ
မာနဌာနေ ရွက်လွင့်ကြ။

သူငါလူသား မေတ္တာမထား
သူတို့အတ္တ အစွန်းရောက်ကြ
ပကာသန အရှိန်ရ
ဂုဏ်ပါဝါကို ထုတ်ပြကြ
ပုံစံမကြ အကျည်းတန်းလှ။
လုပ်ရပ်တွေက ထုံးစံမပါ
ငါ့အတွက်ပဲ ကြည့်ကြတာ
စာနာသနား သူတို့မထား
မင်းတို့ ၀ါဒများ။

ရေးသားသူ =  ညအလင်္ကာ

အမှန် နှင့် အမှား

“အမှန် နှင့် အမှား”
=============
ကိုယ့်မှာ ရှိတဲ့ စိန် အစစ်ကို 
လက်တွေ့ပြ
ဒါစိန်အစစ်ပဲလို့
သူနားလည်အောင် 
ပြောပြနိုင်ရင်
သူ့လက်က စိန်အတုကြီးကို
သူကိုယ်တိုင်ချွတ်ပြီး 
လွှတ်ပစ်လိမ့်မယ်။
သူများ အမှားကို 
ပယ်ပယ်နယ်နယ်ကြီး
အပုတ်ချမယ့် အစား
ကိုယ်ပြောမယ့် 
အမှန်တရားကိုသာ 
အများနားလည်အောင်
ရေရေလည်လည် 
ပြောပြဖို့လိုတယ် ။

ကမ္ဘာ့သာသနာပြုဆရာတော် အရှင်သေဋ္ဌိလ ၏ ကဗျာလေးအား စိန်ခေါ်သူ ပေးပို့ထားပါသည်။

ပြုတ်ပြုတ်ပြုန်းအောင်


သိနေတဲ့ အသိတွေ
မခံနိုင်တဲ့ လုပ်ရပ်တွေ
တတ်နိုင်သလောက်တော့
တော်လှန်နေပေမယ့်
တာဝန်မကျေသေးပါဘူး
လုပ်ရပ်က တိတ်ဆိတ်လွန်းတော့
ဆင်ကို ပုရွက်ဆိတ်ကိုက်နေသလို
သိတောင်သိပါ့လေမလား
ထိတောင်ထိပါ့လေမလား
ငါမခံနိုင်ဘူး
ဆက်ပြီးတော့ တော်လှန်ဦးမယ်
ငါတို့ ရဲ့ မျိုးဆက်သစ်
ညီအစ်ကိုတွေ
တွဲလက်တွေ ညီညာစွာနဲ့
မဟုတ်မမှန် 
လုပ်ကြံဇာတ်တွေကို 
အဟုတ်အမှန်
ပြုတ်ပြုတ်ပြုန်းအောင်
ချေမှုန်း ကြစို့  ။      ။


ကိုယ်တိုင်ရေး

ညီညွတ်အင်အား


ဒို့လူမျိုးမှာ
သိခံတတ်စိတ်
ငြိမ်းအေးတဲ့စိတ်
မြိုသိပ်နိုင်တဲ့ စိတ်
ဒီစိတ်တွေ အစဉ်ကိန်းလို့
ငြိမ်းချမ်းစွာနေချင်သော်ငြား ....
ဘကြီးသား နှစ်ပြားမတန်
မြန်မာကို မြေလှန်လို့
ထင်တိုင်းတူးစွ
ရလာတဲ့ အသပြာနဲ့
လူမိုက်တွေမွေးလို့
အမျိုးသားချင်း
သတ်ဖြတ်ခြင်းလည်း
အကြိမ်ကြိမ်အခါခါ
ကျူးလွန်ဖူးသည်။
သူ့အပစ် သူမမြင်
သူများကို အကွက်စင်လို့
ဖွဲ့စည်းပုံတည်ဆောက်
မထောက်မညှာ
လျှောက်လာနေလိုက်တာ
လမ်းဆုံးကို ရောက်လုနီးနီး
ဒီခရီးဆုံးရင်ဖြင့်
မြန်မာပြည် အမျိုးတုန်းပြီ။
သိခံစိတ်တွေဖျောက်
မြိုသိပ်ခဲ့တာတွေ ပွင့်အံ
တို့အတူ တော်လှန်မယ်
ဖြတ်မယ့်ဓားတွေ
အသွားသွေးထား
ငါတို့ရဲ့ဓား ညီညွတ်အင်အား။ ။

ကိုယ်တိုင်ရေး

ကမ္ဘာမကြေဘူး



ကမ္ဘာမကြေဘူး ... ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ ... တော်လှန်ရေး ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သူရဲကောင်းတို့ရေ ... အာဇာနည်တွေ နေတဲ့ တိုင်းပြည် ... ရဲရဲတောက် တို့ပြည်သူတွေ ...

ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ ... သခင်အောင်ဆန်း ... နိုင်ငံတော်လဲ သွေးစွန်းခဲ့ပြီ အဖရေ ... ဩော် ... လုပ်ရက်ကြပေ ... ပေတစ်ရာပေါ်မှာ ပြည်သူအလောင်းတွေ ... အတုံးအရုံး လဲပြိုကာနေ .

ညီအစ်ကိုတို့.. ပေတစ်ရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး.. မတွေဝေနဲ့.. ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော.. သြော်၊ သူရဲကောင်းတို့လို... ခိုင်မာပီပြင် တော်လှန်ပစ်မလေ.. အမျိုးချစ်တဲ့ တို့ဇာနည်တွေ...


ရှစ်လေးလုံး ခေါင်းဆောင် ကျောင်းသားဟောင်းများ၏ အသက်ပေးခဲ့သော ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ် ကို မမေ့သော မျိုးဆက်သစ်ကျောင်းသားအပေါင်းတို့သည် သွားလေသူတို့ ၏ စိတ်ဓာတ်သတ္တိမျိုး မွေးနိုင်ကြပါ စေ။မျိုးဆက်သစ်၏ တာဝန်ကို ဆက်လက်ထမ်းဆောင်ကြရမည် ။ နိုင်ရာအခန်းကဏ္ဍမှ ရဲရဲရင့်ရင့် ပါဝင်ကြ ပါ ။

ဒို့အတွက် 10 - 10 - 2010

သီချင်းကို ဒေါင်းလုပ်ဆွဲမယ်ဆိုရင် ဒီမှာ ကမ္ဘာမကြေဘူး ဆိုတဲ့သီချင်းကိုတင်ပေးထားတယ် ။
နားထောင်ကြည့်ပါ ။

ကမ္ဘာမကြေတဲ့ရက်

*ဖိနှိပ်မှုကိုတွန်းလှန်
 ပြည်သူမှန်သမျှအုံကြွ
 ရှစ်လေးလုံး
 လူထုအရေးတော်ပုံတိုက်ပွဲစခဲ့ကြ။
*မျိုးမစစ်မသားများ
 နိုင်ငံသားအချင်းချင်း
 ကျွန်ပြုလိုချင်းအဓိက
 အာဏာရလိုချင်းအဓိက
 လွတ်လပ်မှုကိုတောင့်တ
 တော်လှန်ကြပြည်သူကို
 ရန်သူလိုသတ်မှတ်
 စစ်တလင်းလိုဆုံးဖြတ်
 ပစ်သတ်လို့ရက်စက်
 နိုင်ငံထက်မင်းမူ
 ပြည်သူကိုလူလိုသဘောမထား
 စစ်မိစ္ဆာအာဏာရှင်များ။
*ဘုရားသား
 ကျောင်းသား
 တိုင်းရင်းသား
 ပြည်သူများ
 ရင်ဝယ်ပိုက်ထားခလေးငယ်မချန်
 သေနတ်မှန်သွေးစိမ်းစိမ်းထွက်
 ပြည်သူတွေရဲ့နှလုံးသွေးစက်
 သံဃာတွေရဲ့နှလုံးသွေးစက်
 ကျောင်းသားတွေရဲ့နှလုံးသွေးစက်
 တိုင်းရင်းသားတွေရဲ့နှလုံးသွေးစက်
 တို့ပြည်(ပြေ)တို့မြေထက်
 သွေးချောင်းစီးခဲ့ရတဲ့ရက်
 လွတ်လပ်မှုကိုမပေး
 ပြည်သူ့နှလုံးသွေးနဲ့
 စစ်ဖိနပ်ဆေးခဲ့ကြတဲ့ရက်။
*နာကျည်းချက်မပြေ
 ခံပြင်းချက်ဆူဝေ
 ယုံကြည်ချက်ခိုင်မာနေ
 ပြည်သူတွေရဲ့နှလုံးသားကွဲအက်
 သွေးအလိမ်းလိမ်းနဲ့အဖြစ်အပျက်
 နှလုံးသားအတွင်းစွဲလျက်
 ရှစ်ဆယ့်ရှစ်ရဲ့သမိုင်းအတွက်
 ကမ္ဘာမကြေတဲ့ရက်။     ။

                             
          ထင်ကျော်(ဧရာဝတီ)

(   ၈၈၈၈      ၈-၈-၂၀၁၀   )

8888လုံးသွေးဘယ်လိုဆေးမလဲ

သွေးစသွေးစေး
သွေးစီးပေတရာ
သွေးစိမ်းဖြာဖြာနီရဲကာဖြင့်
သွေးဒဏ်ရာနှင့်လဲကျနေသူ
သွေးပွက်ပွက်ဆူကယ်ကူခွင့်မရ
သွေးချောင်းပေတရာ
သွေးပင်လယ်မှာ
သွေးစိမ်းပန်းကျ ဘက်နက်ရင်ဝ
တဆုံးထိုးချ
သွေးနီမြေခဒေါင်းပျိုလဲကျ
သွေးအိုင်ထဲမှာတက်နင်းအခါခါ
သွေးပင်လယ်မှာစစ်သွေးဆာတွေ
သွေးတွေသွေးတွေခွပ်ဒေါင်းသွေးတွေ
သွေးတွေသွေးတွေစစ်ဖိနပ်တွေမှာ
ဘယ်လိုဆေးလို့ရနိုင်မှာလဲ။   ။



            ထင်ကျော်(ဧရာဝတီ)

ဖြည်းဖြည်းလေးပါ

အေးသွားလိုက် ၊ ပူလာလိုက်နဲ့ 
ဘာကိုမှအာရုံမစိုက်နိုင်ကြတဲ့
ငါတို့ လူမွဲဘဝ
စားဝတ်နေရေးကြားက
လွှဲမထွက်နိုင်ကြ
နိုင်ငံရေးဆိုတာက 
ငါတို့အရေး ငါသိသလိုရေးခဲ့
ငါသိသိနဲ့ ဘာမှအဓိပ္ပာယ်မရှိသလို
နေနေရတယ် ။  ။
ဘယ်လူမှ မကြိုက်တဲ့
သူမိုက်တို့ လုပ်ရပ်တွေက
ဘယ်အချိန် ဘယ်သောအခါမှ
ဘယ်လိုမှ ပုံစံပြောင်းလာမဟုတ်ဘူးဆိုတာလည်း
ငါသိသိကြီး နဲ့ 
ငါခံစားတတ်တဲ့ နိုင်ငံရေးစိတ်ဓာတ်က
ဘယ်သူ့မှလည်း အကျိုးမပြုသေး
ဘာမှလည်း မလုပ်ဖြစ်သေး
ဖြေးဖြေးလေး ။  ။
လုပ်ရပ်တွေ အဖြေထုတ်
နိုင်ငံရေး အရှုပ်ထုတ်မှာ
ဒီမိုကရေစီမဟုတ်တဲ့ 
ဒီမိုကရေစီအတွက်
ကြိတ်ကြိတ်ပြီး ကြံစည်
အာဏာတည်စေဖို့ပေါ့
ဖြည်းဖြည်းလေး ။  ။
အသက်တွေကို စတေး
ဘ၀တွေပေးလို့ 
သွားလေသူတို့ ပေးဆပ်ပြီးသမျှ
သွေးအေးလို့ သွားကြရ 
ဖြည်းဖြည်းလေး။  ။
တဖြည်းဖြည်း စီးဆင်းခဲ့တဲ့
အာဏာရှင် သက်တမ်းက
နှစ်ဆယ်လီချီတော့မယ်
ငြိမ်ခံနေလိုက် 
ငုံ့ခံနေလိုက် 
အသေခံလိုက်နဲ့
ဘာတွေမှထူးမလာသေးလဲ
ငါအတွေးထဲက 
ဖြည်းဖြည်းလေး 
မစီးဆင်းနိုင်တော့တာတောင်
ငါ့လုပ်ရပ်က 
သွေးအေးလွန်းနေပါသေးတယ် ။ ။ 

ကိုယ်တိုင်ရေး