ဖြုတ် ထုတ် လုပ်ဖို့ အချိန်တန်ပြီ
  မြန်မာနိုင်ငံသူ နိုင်ငံသားတွေဟာ စစ်အစိုးရရဲ့ လက်အောက်မှာ သက်ဆိုင်ရာ ၀န်ထမ်း အသီးသီးရဲ့ ခေါင်းပုံဖြတ်အမြတ် ထုတ်ခြင်းကို နှစ်ပေါင်းများစွာ ခံခဲ့ရပါတယ်။ ၀န်ထမ်းတွေဟာ နိုင်ငံအကျိုးမပါဘဲ ကိုယ် ကျိုးသက်သက်အတွက် ဆောင်ရွက်တဲ့ လုပ်ငန်းစဉ်တွေမှာပါ နိုင်ငံတော်ဆိုတဲ့ ဝေါဟာရကို သုံးစွဲပြီး လိမ်လည် လှည့်ဖြားခဲ့တာတွေကြောင့် ပြည်သူ ပြည်သား ( နိုင်ငံသား)တွေဟာ လုပ်သမျှကို မဟုတ်လည်းခံ ဟုတ်လည်း ခံ နေခဲ့ရပါတယ်။ လုပ်ကိုင်ဆောင်ရွက်မှု အတော်တော်များများဟာလည်း မဟုတ်မမှန် လုပ်ကိုင်ခဲ့တာတွေ များလွန်းမက များနေတာကို ထောက်ရှု ဆင်ခြင်သုံးသပ်ကြည့်ရင် မြင်နိုင်ပါတယ်။
          နိုင်ငံသားတွေဟာ လူပါးဝမှုတွေ မခံမရပ်နိုင်ဖြစ်ရတဲ့ကိစ္စတွေကို အထက်အရာရှိ အဆင့်ဆင့်တင်ပြ တိုင်ကြားပေသည့်လည်း တရားခံက အပြစ်မရှိ ၊ တင်ပြတိုင်ကြားသူသာ အပြစ်ဖြစ်ရတဲ့ကိန်းကိုလည်း မကြာခဏ ကြုံတွေ့ရပါတယ်။ ၀န်ထမ်းခြင်း အထက်အောက်ဖေးမတယ် ဆိုရာမှာလည်း အထက်ကို အောက်ကနေ ပူဇော်သက္ကာရ ပြုနေခြင်းကြောင့်သာ ဖြစ်ပါတယ်။ အထက်ကို ပူဇော်သက္ကရပြုလိုက်ရင် အစစ အရာရာ အဆင်ပြေတယ်လို့ ယုံကြည်သွားပြီဖြစ်တဲ့ အောက်ခြေ၀န်ထမ်းတွေဟာ နိုင်ငံသူ နိုင်ငံသားတွေရဲ့ အပေါ် မဟားတရားသော်လည်းကောင်း ၊ မမှန်မကန်သော်လည်းကောင်း လုပ်ဖို့ကို ၀န်မလေးတော့ပါဘူး။ အကြောက်တရားလည်း ကင်းမဲ့သွားပါတယ်။ ငါတို့ဆရာက ငါတို့ဘက်က ကာကွယ်ပေးမှာပါဆိုတဲ့ အသိဝင်နေကြပါပြီ။
          အဲဒါကြောင့်မို့လည်း အောက်ခြေ၀န်ထမ်းလို့ပြောတိုင်း အထက်ကိုလည်း ပြောရမှာဖြစ်ပါတယ်။ အထက်ကလူက ပူဇော်သက္ကာရပြုခြင်းကို ခံယူနေလို့ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးခြင်း မရှိတာလား ဆိုတာလည်း စဉ်းစားရတော့မှာပါ။ အဲဒီတော့ အားလုံးကို သိမ်းကြုံးပတ်ခြုံပြီး မင်းတို့ မကောင်းဘူး (မင်းတို့မကောင်းတာတွေက ပေထက်အက္ခရာတင်လို့တောင် ဆုံးမှာ မဟုတ်တော့ဘူး) လို့ ပြောရမယ့် ကိန်းကို ရောက်လာပါလိမ့်မယ်။
          နိုင်ငံသူ နိုင်ငံသားတွေဟာ နိုင်ငံတော်ရဲ့ တစ်စိတ်တစ်ဒေသအဖြစ် ပါဝင်ပေမယ့် နိုင်ငံတော်ဆိုတဲ့ စကားရပ်ကိုတော့ အလွဲသုံးစားပြုခွင့်မရှိပါဘူး။ ၀န်ထမ်းမဟုတ်သော နိုင်ငံသားတွေကသာ နိုင်ငံတော်ဆိုတံ ဝေါဟာရကို အလွဲသုံးစားပြုမိရင် အလွန်ကြီးလေးသော ပြစ်ဒဏ်သက်ရောက်မှာ ဧကန်မုချပါပဲ။ ၀န်ထမ်း ကြီး/ငယ်တွေအတွက်သာ အလွဲသုံးစားကို တွင်တွင်ကျယ်ကျယ်သုံးစွဲခွင့်ပြုထားတဲ့ ဝေါဟာရကြီးတစ်ရပ်လို ဖြစ်နေပါတယ်။
          မြန်မာ နိုင်ငံဟာ မချမ်းသာသော်လည်း မဆင်းရဲသော နိုင်ငံဖြစ်ပါတယ်။ မည်သို့ပင် နိုင်ငံတော်ပေါ် မှ အမြတ်ထုတ်နေစေကာမူ ကိုယ့်ထမင်းကိုယ်ရှာစားပြီး လူပါးဝခြင်းအမျိုးမျိုးကို ခံရပါတယ်။ လူပါးဝသူ အကြီးစားတွေကလည်း သက်ဆိုင်ရာ(အစိုးရ ၊ အုပ်ချုပ်ရေး ၊ . . . . )နဲ့ တစ်နည်းမဟုတ် တစ်နည်းပတ်သက် နေသူတွေသာ ဖြစ်ပါတယ်။
          နိုင်ငံတော်ကြီး ကမ္ဘာ့အဆင့်မီပြောင်းလဲဖို့ကို ခေတ်ပြောင်းစနစ်ပြောင်းမှာ အသည်းအသန်လိုက်လုပ်နေပြီး မြန်မာပြည်ကမြေတွေကို တိုင်းတစ်ပါးလက်အပ်ပြီး ကြီးပွားချမ်းသာအောင် ဆောင်ရွက်မယ်ဆိုတဲ့ အစိုးရရဲ့ ရည်ရွယ်ချက်လောက် အောက်တန်းကျတာတော့ မရှိနိုင်တော့ပါဘူး။ ဒီပြည်သူတွေက ဒီမြေကို မှ အသုံးချခွင့် ၊ ဒီမြေပေါ်က အကျိုးခံစားခွင့်မရှိဘဲ ရောက်လာသမျှ အရင်းရှင်တွေ ဆီမှာ ကျွန်ခံရမယ်ဆိုရင် ကျွန်စိတ်ဖျောက်ပြီး သခင်စိတ်မွေးခဲ့တာ အချည်းအနှီးပါပဲ။ ကျွန်တော်တို့ရဲ့ ဒီမိုကရေ စီအစိုးရသစ်က ကျွန်စိတ်ပြန်သွပ်သွင်းရာ ကျပါတော့မယ်။
          တိုင်းပြည်ရဲ့ ပြောင်းလဲလာတဲ့အခြေအနေကြောင့် နိုင်ငံတကာကလည်း နွေးထွေးပျူငှာစွာ ကြိုဆိုလာ ကြတဲ့အချိန်မှာ တစ်ချိန်မှာ တစ်ချိန်က ဦးနုဟာ တရုတ်နဲ့ ဆက်ဆံရေးမှာ မြေဧရိယာလေး ဘယ်လောက်မှ မကျယ်ဘူးလို့ လက်လွတ်စပါယ်ပေးလိုက်တဲ့ အတွက် တိုင်းပြည်ကို လက်ညှိုးထိုးရောင်းစားနေသော ဦးနုနှင့် အပေါင်းအပါများ ဆိုသလို တစ်နိုင်ငံလုံးကို တွင်တွင်ကျယ်ကျယ် ရောင်းဝယ်ဖောက်ကား စားသုံးဖို့ ကြံစည် နေတဲ့ အစိုးရကို ဘယ်လိုပြောကြပါ့ ။
          အစိုးရအသိုင်းအ၀ိုင်းမှာက ပညာရှိ ခရိုနီတွေလည်း ရှိမယ် ။ ပညာမရှိဘဲ အခွင့်အရေး ရယူနိုင်မယ့် ခရိုနီတွေလည်း ရှိနှင့်ပြီးသကာလ ပညာရှိ ခရိုနီတွေက ဒီအတိုင်းဆိုသင့်တော်ရဲ့ ဆိုပြီး တိုက်တွန်းတိုင်းသာ လိုက်လုပ်နေရင် ဦးသိန်းစိန်ရဲ့ စိတ်ထား ကောင်းသမျှဟာလည်း သဲထဲရေသွန် ဖြစ်မှာပါပဲ။
          ပြည်တွင်းမှာက ပြဿနာတွေ အထပ်လိုက် အပုံလိုက်ဖြစ်နေချိန် ၊ ပြည်သူတွေကလည်း ယခင့်ယခင်က ပြောခွင့်မသာ ဆိုခွင့်မရလို့ နှုတ်ပိတ်နေလာခဲ့ရပြီး ယခုလို ပွင့်လင်းလာချိန်မှာ ပြောချင်တိုင်း ပြော ဆိုချင်တိုင်း ဆို သူတို့အမှန်တကယ် နစ်နာခဲ့မှုတွေ အတွက်ပြောနေပါပြီ။ ဘယ်သူကမှ တာဝန်ယူ ဖြေရှင်းပေးခြင်းမရှိဘူးဆိုရင် ယခင်နဲ့ ဘာများထူးမှာလည်း ။
          မြန်မာပြည်အခြေအနေနဲ့ ပတ်သက်ပြီး ဆင်းရဲသော်လည်း ငတ်လောက်သည်အထိ မမွဲသေးတာတော့ အမှန်ဖြစ်တဲ့အတွက် ချမ်းသာလွန်းမက ချမ်းသာချင်နေတဲ့ ခရိုနီတွေရဲ့ တိုက်တွန်းမှုကြောင့် ကမ္ဘာပတ်ပြီး မြေတွေရောင်းတဲ့အလုပ်ကို ခေတ္တဆိုင်းငံ့ထားပြီး တဖြည်းဖြည်းချင်း ဆောင်ရွက်သွားသင့်ပါတယ်။ မြေမဲ့ ယာမဲ့ ပြည်သူတွေအတွက် ဘယ်သို့ဘယ်ပုံ အစီအစဉ်တွေ ချပေးသင့်တယ်ဆိုတာကို အရင်ချင့်ချိန်ဆောင်ရွက်ပြီးမှ ကမ္ဘာ့လုပ်ငန်းရှင်တွေကို ဒီမြေတွေနဲ့ ပတ်သက်ပြီး ဒီဒေသခံတွေဆီက တိုက်ရိုက်ငှားရမ်းပါ။ ဒေသခံက သဘောတူခွင့်ပြုသည်အထိ နှစ်အပိုင်းအခြားကို စာချုပ်ချုပ်၍ လုပ်ကိုင်စေ။ အဲဒီအတွက် နိုင်ငံတော်ကို လုပ်ငန်းရှင်အနေဖြင့် အခွန်ဘယ်လောက်ပေးဆောင်စေ လို့ လုပ်သင့်ပါတယ်။
          ပြည်တွင်းက ပြဿနာတွေကိုလျစ်လျှုရှုပြီး ထင်ရာ မြင်ရာလုပ်သွားမယ်ဆိုရင်တော့ အထူးခြားတဲ့ အပြောင်းအလဲ တစ်ရပ်ကို ပြည်သူတွေ ရင်ဆိုင်လိုက်ရခြင်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံတွေအနေနဲ့ကလည်း ဒီလို လုပ်ကိုင်ဆောင်ရွက်နေမှုတွေကို ထဲထဲဝင်ဝင်သိရှိနိုင်ခြင်း ရှိမှာ မဟုတ်ပါဘူး။ တစ်ချိန်က နိုင်ငံဝန်ထမ်းတွေ လာဘ်စားခဲ့လို့ ဆိုတာကို လက်ခံခဲ့ကြပြီးပါပြီ ။ ဆက်မစားဖို့ကိုလည်း တာဝန်ယူဖို့ပြောဆိုပြီးပါပြီ။ ထိထိ ရောက်ရောက်မဖြစ်သေးတာကိုလည်း သိရှိသင့်ပါတယ်။ အဲဒီတော့ ကန်းကန်းတက် မိုက်ရူးရဲဆန်ဆန် လုပ်နေကြတဲ့ ၀န်ထမ်းတွေကို ဖြုတ် ထုတ် လုပ်ဖို့ဟာ အချိန်တန်ပြီလို့ ဆိုချင်ပါတယ်။ ဖြုတ် ထုတ် သတ် ဆိုတဲ့ စစ်မိန့်အတိုင်း သတ်တဲ့အထိကို မဆောင်ရွက်စေလိုပါဘူး။ အမှန်တကယ် ပြည်သူ့တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ခြင်းမရှိတဲ့ ပြည်သူ့ဝန်ထမ်းတွေနဲ့ ပတ်သက်လို့တော့ ဖြုတ်သင့်ရင် ဖြုတ်ရပါတော့မယ်။ ထုတ်ပယ် တဲ့အထိ မလုပ်ချင်ဘူးဆိုရင် ဒီဝန်ထမ်း မဟားတရားလုပ်ကိုင်ဆောင်ရွက်နေမှုနဲ့ ပတ်သက်လို့ အများပြည်သူ သိမြင်နိုင်တဲ့နေရာတွေကနေ ဖွင့်ဟ ဖော်ထုတ် ကြေငြာချက်ထုတ်ပြန်ပေးရပါမယ်။ ဒီမှာ အတိုင်ခံရလို့ ဟိုကို ပြောင်းလို့ နယ်ပြောင်းတဲ့ စနစ်နဲ့ သွားနေတဲ့အခါမှာ ဒီလူ့အကြောင်း ဟိုနယ်က ဘာမှမသိ။ `အစကတော့ ရိုးရိုး နောက်တော့ တစ်မျိုးတိုးလို့ ခိုးပြန်ဆိုပဲ ´ အဖြစ်မျိုးနဲ့ ပြည်သူတွေ နစ်နာလွန်းမက နစ်နာခဲ့ရပြီး ဖြစ်၍ ဖြုတ် ထုတ် အဆင့် လုပ်သင့်ပါပြီ ဆိုသည့် အကြောင်း ………………………… ကြေညာမောင်း ခတ်လိုက်လေ သတည်း …………………………….. ။
နောင်တော်လေး
ပြည်သူတွေ တာဝန်ကျေတယ် (၁)
ပြည်သူတွေ တာဝန်ကျေတယ် (၁)
ကျွန်တော်တို့အဖွဲ့ ခရီးထွက်ခဲ့ကြတယ်။ ရှေးဦးမစွ ရောက်ဖူးပေါက်ဖူးခြင်း တစ်ကြိမ်မျှ မရှိသေးတဲ့ အညာဒေသ ခင်ဦးမြို့နယ် ဆိုပါတော့။ အဓိက ဖိတ်ခေါ်သူက ခင်ဦးမြို့နယ် သရက်ပင်စုကျေးရွာက ပရဟိတ ကျောင်းတိုက်မှ သက်တော်(၈၀) ၀ါတော် (၆၀)ရနာယက ဆရာတော်ရဲ့ ကိုယ်ပိုင်ယာမြေလေးကို ရောင်းချပြီး ဘုရားသိမ်ကျောင်း တည်ထားဖို့ကိစ္စကနေ ခင်ဦးမြို့နယ်အတွင်းက လယ်သိမ်းခံ မြေသိမ်းခံ တောင်သူတွေရဲ့ ကိစ္စတွေ အဆုံး သိမ်းကြုံးပြီးမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
Fg(1)
ဆရာတော်ကြီး၏ ဘုရားသိမ်ကျောင်းပြီးမြောက်အောင် ဆောင်ရွက်နိုင်ရေး အကူအညီလိုအပ်လျှက်ရှိ ဆရာတော်ကြီးက ဘုရားသိမ်ကျောင်းဆောက်လုပ်လိုတဲ့အတွက် တခြားမှာရှိတဲ့ သူ့ကိုယ်ပိုင်မြေကို အလွှဲအပြောင်းလုပ်တယ်။ ကျောင်းပရ၀ဏ်နဲ့ နီးရာက ယာမြေကို ပြန်ယူတယ်။ အဲဒီယာမြေဟာလည်း ရွာသစ် ချပေးထားတဲ့ နေရာနဲ့ ဘုန်းကြီးကျောင်းရဲ့ကြားမှာ တည်ရှိနေပြီး စိုက်ပျိုးလုပ်ကိုင်ခြင်း မပြုတော့ပါဘူး။ ဆရာ တော်က အဲဒီမြေပေါ်မှာ အကွက်ရိုက်ရောင်းချပြီး ဘုရားသိမ်ကျောင်းဆောက်လုပ်ဖို့ စီစဉ်ထားရာမှာ ကျေးရွာ အုပ်ချုပ်ရေးပိုင်းနဲ့ ကိုယ်ကျိုးရှာ အမြတ်ထုတ်လိုသူတွေကြောင့် ကျန်ရှိနေတဲ့ ဒကာ၊ဒကာမတွေနဲ့ မညီမညွှတ် ဖြစ်ပြီး သက်ဆိုင်ရာမြို့နယ်ကလည်း ဆရာတော်၏ တင်ပြလျှောက်ထားမှုကို ဆောင်ရွက်ပေးခြင်းမရှိတော့ဘဲ ဆရာတော်ရဲ့ ဘုရားသိမ်ကျောင်းဆောက်လုပ်နေမှုဟာ တိုးလို့တန်းလန်းနဲ့ ရပ်ဆိုင်းထားရတဲ့အဖြစ်ကို ရောက် ရှိခဲ့ရပါတယ်။ ဆရာတော်ဘုရားဟာ သက်တော်(၈၀) ၀ါတော်(၆၀)ရလို့ အိုလွန်းပြီဖြစ်တဲ့အပေါ်မှာ သူ့ဆန္ဒကို အကောင်အထည်ပေါ်အောင် အားလုံးသော ဒကာ၊ဒကာမတွေကလည်း ဆန္ဒရှိနေကြပါတယ်။ အဲဒီအတွက် နောက်တစ်ကြိမ် ထပ်မံပြီး ဌာနဆိုင်ရာအကြီးအကဲတွေကို စာတင်ဖို့၊ လန(၃၉) ခွင့်ပြုပေးဖို့ ဆရာတော်နှင့် တကွ အားလုံးသော တပည့်ဒကာ၊ဒကာမတွေက လက်မှတ်ရေးထိုးပြီး တင်ပြကြဖို့ စီစဉ်နိုင်ခဲ့ပါတယ်။ ဒီနေရာမှာ ပြောဖို့လိုတာက သာသနာရောင်၊ ဘာသာရောင် ထွန်းလင်းပြောင်ချင်ကြတယ်ဆိုတဲ့ ဗုဒ္ဒဘာသာဝင်တွေဟာ သာသနအကျိုးယောင်ယောင် နဲ့ ကိုယ်ကျိုးရှာလိုကြတာကို ထည့်သွင်းပြောရတော့မှာ ဖြစ်ပါတယ်။ ဆရာတော်ဘုရားဟာ သူ့စိတ်ဆန္ဒဖြစ်ပေါ်တာကို ဘယ်တပည့် ဒကာကိုမှ တာဝန်မပိစေဘဲ ကိုယ့် ရှိတာလေးနဲ့ ဖြစ်အောင် ဆောင်ရွက်ရာမှာ ဒီမြေပေါ်မှာ အကွက်ရိုက်ပြီးရင် ကိုယ်ကျိုးအတွက် သုံးလိုသူတွေက ရှိနေတယ်။ ပေးကိုပေးရမယ် ဆိုတာမျိုးတွေ ဖြစ်ပေါ်လာလို့ ဒီဘုရားသိမ်ကျောင်း ဆက်လက်ဆောင်ရွက်နိုင် ခြင်းမရှိဖြစ်နေကြခြင်းပါ။
ရောက်တုံးရောက်ခိုက် အသက်တစ်ရာမနေရပေသည့် အမှုတစ်ရာပွေရတယ်ဆိုသလို တခြားသော ဒေသခံတွေရဲ့ ကြုံတွေ့ခံစားနေကြတဲ့ပြဿနာတွေလည်း ကြားသိခဲ့ရပါတယ်။ ခင်ဦးမြို့နယ်အတွင်းမှာလည်း ဟိုးနှစ်ပေါင်းများစွာကတည်းက သိမ်းဆည်းခံထားရတဲ့ ယာမြေတွေရှိနေပါတယ်။ အမှုနှစ်ခုမှာ ပထမတစ်ခုက လယ်ယာမြေ (၄၃)ဧကကို မွေးမြူရေးလုပ်ကိုင်ဖို့ သိမ်းဆည်းလိုက်ခြင်းဖြစ်ပါတယ်။ အဲဒီလိုသိမ်ဆည်းပြီးချိန်က တည်းက မွေးမြူရေးဆိုလို့ ဘာမျှလုပ်ကိုင်ခြင်း မရှိဘဲ တခြားသူတွေကို သီးစားပြန်ချစားတယ်လို့ သိရတယ်။ လက်ငုတ်လုပ်ကိုင်ခဲ့သူတွေကတော့ ခြေမဲ့လက်မဲ့ပါပဲခင်ဗျာ။ လွန်ခဲ့တဲ့ ငါးနှစ်လောက်ဆီက ကုလားသူဌေးတစ် ယောက်ကို ငါးကန်တွေ အငှားချစားတာကိုလည်း ဒေသခံတွေက ပြောပါတယ်။ ငါးမွေးကန်အဖြစ် ယာမြေ(၉) ဧကလောက်ကို တူးဖော်လိုက်ပြီး ဘာမှ ဆက်မလုပ်တော့ပါဘူး။ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး မေးမြန်း ကြည့်ရာမှာ ခင်ဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌက ဒီလယ်တွေမှာ လူငှားတွေနဲ့ လုပ်ကိုင်နေတာကို သိရှိရပါတယ်။
Fg(2)
 အဲဒီအထဲက မိဘလက်ထက်က ဧကအနည်းငယ် ပိုင်ဆိုင်ခဲ့တဲ့အဒေါ်တစ်ယောက်က ကျွန်မတို့မှာ ရှိတာလေးက ဒါပဲ။ အဲဒါကို သိမ်းသွားတော့ အခုဆန်စက်တွေမှာ စပါးလှန်း၊ ဆန်ပြာ လျှောက်လုပ်နေရတယ်။ ကျွန်မတို့လည်း သတင်းတွေကြားပါတယ်။ တစ်နိုင်ငံလုံးမှာ ဒီလိုကိစ္စတွေဖြစ်နေတာပါ။ ကျွန်မတို့လယ်လေး တွေပြန်ရချင်တာပါတဲ့။ အဲဒိဒေသက ဦးဆောင်သူတွေကလည်း ဒီမြေတွေကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော် အမြင့်ဆုံးတာဝန်ရှိလူကြီးတွေဆီအထိ တင်ပြပြီးပါပြီ။ ရောက်၏ မရောက်၏တော့ သူတို့လည်းမသိပါဘူး။ ဘာမှ ထူးထူးခြား ဆောင်ရွက်ပေးခြင်းမရှိတဲ့အပေါ်မှာ ဘာဆက်လုပ်ရမလဲ အခက်တွေ့နေကြတာပါ။ ဒုတိယ တစ်မှုကတော့ လယ်မြေဧက(၁၀၀)ကျော်ပါတယ်။ စစ်တပ်က သိမ်းတာပါ။ စစ်ကသိမ်းရင် တရားဝင်တယ်လို့ ရှင်းပြတဲ့အခါ မဟုတ်ပါဘူး စစ်တပ်ကသိမ်းတယ်။ ပြီးတော့ သူများတွေကိုသီးစားပြန်ချ တယ်။ တပ်ကြပ်ကြီးတစ်ယောက်က လုပ်စားနေတာပါတဲ့။ အဲသလို အဲသလိုတွေ ရှိပါတယ်။ အမှုကုန်ပြီလား မမေးပါနဲ့ဦး။ နောက်တစ်မှုက ယာမြေတွေအနီးမှာ အုတ်ဖုတ်တာပါ။ အဲဒီအတွက် အနီးအပါးက ယာသမားတွေဟာ တစ်နှစ်ထက်တစ်နှက် အထွက်လျှော့လာပါတယ်။ မြေတွေက မြေကျက်တွေလိုဖြစ်လာတယ်။ နောက်ပြီး အုတ်ဖုတ်ဖို့ ထင်းခုတ် ထင်းသယ်နဲ့ စိုးရွာစွာ ပျက်စီးလာနေတဲ့ သဘာဝပတ်ဝန်းကျင်အကြောင်းလည်း ဒေသခံ တွေအထိုက်အလျှောက် ပြောကြပါတယ်။ ဒီဟာက တရားဝင်လုပ်နေတာလား ဆိုတော့ မသိပါဘူး။ သူတို့ ပိုက်ဆံပေးပြီး လုပ်နေတာကို သိတယ်။ နေပြည်တော်လို နေရာမျိုးမှာတောင် လက်အုတ်တွေ မသုံးတော့ဘဲ ဗြုံးအုတ်တွေ သုံးလာနေပြီ။ အဲဒါ ဒီမှာ အခုထိ အုတ်ဖုတ်နေတာကို ငွေစားပြီး ခွင့်ပြုထားတဲ့အပေါ်မှာ တင်ပြတိုင်တန်းလိုစိတ် ရှိနေကြပါတယ်။ အညာဒေသ လမ်းပမ်းဆက်သွယ်ရေးကတော့ မဆိုးလှပါဘူး။ ခင်ဦးမြို့နယ် ၊ သရက်ပင်စုကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ ရောက်နေစဉ် ဒီပဲယင်းဘက်က ရပ်မိရပ်ဖတစ်ဦးရောက်လာပြီး သူတို့ဘက်မှာလည်း စစ်တပ်က သိမ်းပြီး သီးစားပြန်ချစားထားတဲ့အကြောင်း ပြောပြန်ပါတယ်။ လက်ငုတ်လုပ်ကိုင်သူတွေကိုတော့ ပြန်လည်ချထားခြင်း မရှိတဲ့အပေါ်မှာ တင်ပြတိုင်ကြားပြီး ဖြစ်တဲ့အကြောင်းလည်း သိရပါတယ်။ ခရီးရောက်မစိုက် သိရတဲ့ သတင်းက ကဒ်စော့လို့ ထောင်(၂) နှစ်ကျရရှာတဲ့ အမျိုးသားအတွက် ရတတ်မအေး ဖြစ်နေရရှာတဲ့ ဇနီးပါ။ ဖြစ်ပုံက လူကြီး(၃)ယောက် အပြင်းပြေ ဖဲမဟုတ်တဲ့ ကဒ်စော့တာကို အတို့အထောင်ကြောင့် ရဲနဲ့ ရပ်ရွာလူကြီးက လာရောက်ဖမ်းဆီးသွားချိန်မှာ အိမ်ရှင်ဖြစ်တဲ့သူ့အမျိုးသား တစ်ယောက်သာ အဖမ်းခံရပါတယ်။ ထောင်ကျပါတယ်။ ကျန်တဲ့သူတွေကို မနာလို ၀န်တိုလို့ ထောင်ကျစေချင် လို့ မဟုတ်ပါဘူး။ အမှုစစ်ဆေးတဲ့နေရာမှာ မှန်ကန်မှုမရှိတာကြောင့် အခုလိုမဟုတ်မမှန် ခံရတာကို ရင်နာမဆုံး ဖြစ်နေခြင်းပါ။ သားသမီး နှစ်ယောက်ရှိရာမှာ သားငယ်လေးက ကိုရင်ဝတ်နေပြီး သမီးလေးတစ်ယောက်နဲ့ လုပ်ကိုင်စားသောက်နေရပါတယ်။ ကဒ်ဝိုင်းကစားတဲ့နေရာမှာလည်း ပိုက်ဆံအပုံလိုက်နဲ့ စီးပွားဖြစ်လုပ်နေတာ မဟုတ်ဘဲ ထုံးတို့ကြေး လက်ကမျဉ်းကြောထနေကြတာပါ။ ဒီဝိုင်းမှာ ကျေးရွာကြံ့ဖွံ့ခေါင်းဆောင်ပိုင်း တစ်ယောက် လည်းပါတယ်။ အမှုက ကွင်းလုံးကျွတ်မလိုလိုနဲ့ သူ့ယောက်ျားထောင် ကျသွားခြင်းအပေါ် သက်ညှာသောအားဖြင့် အမှုမှန်အတိုင်း ပြန်လည်စစ်ဆေးပေးဖို့ တင်ပြမှာပါတဲ့။ တိုင်းမှူးအဆင့်ထိ တင်ပြပြီး ဖြစ်တဲ့အကြောင်းလည်း ပြသပါတယ်။ အစိုးရနဲ့ ပြည်သူဆိုတဲ့အခန်းဟာ နိဂုံးချုပ်ပါပဲ။ ပြည်သူတွေဟာ စားဝန်နေမှုအတွက် လုံးပမ်းရသလို နိုင်ငံတော် အုပ်ချုပ်မင်းလုပ်သူတွေအတွက် ၊ ဌာနဆိုင်ရာ ၀န်ထမ်းတွေအတွက် သင့်တော်သလို ထောက်ပံ့ပေး နေကြသူတွေပါ။ ပြည်သူနဲ့ အစိုးရကြားမှာ ကြီးကြီးမားမားကို ကွာဟနေပါတယ်။ အစိုးရရဲ့ အနိုင်ကျင့်ခြင်းကို ခံရတယ်လို့ ပြည်သူတွေစိတ်ထဲမှာ ကိန်းအောင်နေရင်ကို အလုပ်မဟုတ်တော့ပါဘူး။ တကယ်တော့ အရပ်သား အခြင်းခြင်းဖြစ်ရင်တောင် အမှုမှန်ဟာ ငွေကြေးပေါ်မှာ မူတည်နေပြီး အာဏာပါဝါရှိသူနဲ့ ရင်ဆိုင်ရမယ့် ကိစ္စမျိုး ဆိုရင်တော့ ပြည်သူတွေ အရှုံးချည်းပါပဲ။ အဲဒီတော့ ပြည်သူဟာ ကိုယ်ကြုံတွေ့ခံစားနေရတဲ့ ဒုက္ခအခက်အခဲကို တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူတွေထံ အသနားခံရတာတစ်မျိုး၊ တစ်ပြရတာတစ်ဖုံ အမျိုးမျိုးအဖုံဖုံ ကိုယ်တွေ ဒုက္ခဖြေရှင်းပေးဖို့ ကြိုးပမ်းကြရာမှာ အရာမထင်တဲ့သဘောတွေ သက်ရောက်နေပါတယ်။ ပြည်သူက ကိစ္စတစ်ခု မကျေမနပ်ဖြစ်တိုင်း တုတ်ထမ်း၊ ဓားထမ်းပြီး မိုက်ကြေးခွဲရရင်လည်း မင်းမဲ့တိုင်းပြည်ဆန်တော့မယ်။ ရောက်နေတဲ့ နေရာ၊ ရာထူး၊ တာဝန်တွေကို စဉ်းစားပြီး ငါတို့လုပ်နေတာ ပြည်သူကိုအကျိုးပြုရမယ့်အလုပ် လို့ သိလည်း သိကြပါ။ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို တလွဲအသုံးမချဘဲ စဉ်းစားချင့်ချိန်ပြီး ပြည်သူတွေက တာဝန်သိသိ နဲ့ တင်ပြတဲ့အပေါ်မှာ အရေးတယူဆောင်ရွက်ပေးကြပါလို့ ဆိုချင်ပါတယ်။ ပြည်သူတွေ တာဝန်ကျေတယ်လို့ ဆိုခြင်းအားဖြင့် . . . . . .။
နောင်တော်လေး (ဘိုကလေး) ၁၃.၈.၂၀၁၂
လူငယ်တွေ ဆုံကြသောအခါ.....
ပညာသင်တယ် ဆိုတာတော့ပြီးဆုံးတယ် မရှိပါဘူး ဒါပေမယ့် တက္ကသိုလ် ကျောင်းတော်ကြီးက ဘွဲ့တစ်ခုရပြီးပြီပေါ့.. အဲဒီတော့ ကျောင်းသားလူငယ်ဘ၀ကနေ အလုပ်သမား လူငယ်ဘ၀ကို အလိုအလျောက် ကူးပြောင်းလာခဲ့တယ်.. အဲဒီအချိန်မှာ ကျောင်းသားဘ၀က သူငယ်ချင်းတွေလည်း ကိုယ့်လမ်းကိုလျောက်ရတော့တာပါပဲ...အဲဒီလိုနဲ့ တဖြေးဖြေး ဝေးသွားကြတာပေါ့... တစ်နေ့ အဲဒီနေ့က ၀ါဆိုလပြည့်နေ့ သူငယ်ချင်းတွေ အလုပ်ကိုယ့်စီ အားလပ်ရက်ရကြာတယ် သူငယ်ချင်းတွေ ဆုံဖို့ အစီအစဉ် ဆွဲလိုက်ကြတယ် ဒါဆို ဒို့သူငယ်ချင်းတွေ ဆုံရင်ဘာ လုပ်ကြမလဲ ဒါကို စဉ်းစားရတာပေါ့.. ကျောင်းသားဘ၀ ကတော့ သူငယ်ချင်းတွေနေ့ တိုင်းဆုံဖြစ်တယ် ဘာရယ်မှ မဟုတ်ပါဘူး စာပေအကြောင်းတွေပြောတယ် ကျောင်းသင်ခန်းစာနဲ့ ပတ်သက်တာတွေပြောတယ် ကောင်လေးတွေဆိုတော့ ကောင်မလေးအကြောင်းတွေ ပြောတယ်တခါတလေ ကိုယ်တတ်သိသမျှ နိုင်ငံရေး အကြောင်းတွေပြောတယ်..အပြောတွေချည်းပဲ.. လက်တွေ့လုပ်ဆောင်မှု တွေနဲနေတယ် ဒီတခေါက်ဆုံရင်တော့ ကျောင်းသားလူငယ်တွေ အနေနဲ့ ဆုံရမှာ မဟုတ်တော့ပါဘူး... အလုပ်သမားလူငယ်တွေ အနေနဲ ဆုံရမှာပါ..အပြောတွေချည်းပဲ ပြောနေလို့ မရတော့ဘူး လက်တွေ့လုပ်ဆောင်မှု တွေ လို့လာပြီ အလုပ်လုပ်နေပြီဆိုတော့ ကိုယ့်ဘ၀ကို ဆုံးဖြတ်ခွင့်ရသွားပြီ ကောင်းတဲ့လမ်းသွားမလား မကောင်းတဲလမ်းသွားမလား ဆုံးဖြတ်နိုင်ပြီ ဆုံးဖြတ်ခွင့်လည်း ရသွားပြီ ဒီတော့ ဆုံရင်ဘာလုပ်မလဲ ဘီယာဆိုင်သွားမလား တခြားမကောင်းတဲ့နေရာတွေသွားမလားဒါမှမဟုတ် ဘုရားသွားမလား အလှူအတန်း တွေလုပ်မလား အစရှိသဖြင့်ပေါ့ ဒီတော့ ပညာတတ်လူငယ်တွေအနေနဲ့ ဘာဆုံးဖြတ်ကြမလဲ ကျနော်တို့ သူငယ်ချင်းတစ်စုကတော့ အကောင်းဆုံးကို ရွှေးချယ်နိုင်ခဲ့ပါတယ် အဲဒီနေ့က ဘုရားသွားတယ် ၀ါဆိုသင်္ကန်းကပ်တယ်။ ကိုယ် တတ်အားသမျ ငွေနဲ့ ထည့်ဝင်လှုတန်းကြတယ် အမှတ်တရပါပဲ ဒီတစ်ခေါက်သုငယ်ချင်းတွေဆုံတာ အကျိုးရှိတဲ့ လုပ်ငန်းတွေလုပ်ဖြစ်သွားတယ်။ အဲဒီတော့ကျ နော် စဉ်းစားမိတယ်။ တခြားလူငယ်တွေရောဆုံရင်ဘာလုပ်ကြမလဲ ဘာတွေပြောကြမလဲ ဘယ်လိုတွေးကြမလဲ ဘာဖြစ်လို့လဲ ဆိုတော့ အင်္ဂလိပ်စကားပုံ တစ်ခုရှိတယ် thought become to action တဲ့ တွေးတာတွေဟာ လုပ်ဆောင်ချက်တွေဖြစ်လာလိမ့်မယ် မြန်မာနိုင်ငံ ရဲ့ အနာဂတ်ဟာ လူငယ်တွေလက်ထဲ မှာရှိပါတယ် ဒါကြောင့် လူငယ်တွေဆုံကြသော အခါဝယ်......
18.8.2012
ှSai J Men
တရားမျှတမှု ဥပဒေစိုးမိုးမှု ကင်းမဲ့နေသော နိုင်ငံတော်
လိမ်နည်းအမျိုးမျိုးနဲ့ လိမ်ခဲ့ကောက်ခဲ့တဲ့ ဇေကမ္ဘာကုမ္ပဏီနဲ့ ရွှေနံ့သာလယ်သမားအရေးကို ရှေးရှု ပြောဆိုလိုပါတယ်။ အစမှာ ကျေးရွာအုပ်ချုပ်ရေးနဲ့ ဇေကမ္ဘာကုမ္ပဏီပူးပေါင်းပြီး လယ်သမားတွေကို ခေါင်းစဉ်မရှိတဲ့ စာရွက်ပေါ် မှာလက်မှတ် ထိုးခိုင်းတယ်။ လယ်သမားတွေ က အကြိမ်ကြိမ်ငြင်းဆိုခဲ့တယ်။ အဲဒီနောက် ဦးခင်ရွှေက နိုင်ငံတော် သိမ်းတာ ငါသိမ်းတာ မဟုတ်ဘူး။ မင်းတို့ကို နိုင်ငံတော်က သိမ်းရင် တပြားမှ ရမှာမဟုတ်ဘူး။ မင်းတို့ကို ကိုယ့်လူမျိုး ချင်း စာနာသောအားဖြင့် ကရုဏာကြေးပေးမှာလို့ ပြောပြီး စည်းရုံးသိမ်းသွင်း တယ်။ အဲဒီနောက် ၅၀၀၀၀ ကနေ လယ်သမားတွေ လက်မခံ လက်ခံအောင် ၃၀၀၀၀၀ အထိ တိုးပေးပြီး လယ်သမားတွေက လယ်မလုပ်ချင်တော့လို့ လယ်အပ်တဲ့ သဘောမျိုးဖြစ်အောင် အုပ်ချုပ်ရေးနဲ့ ခင်ရွှေ ပူးပေါင်းကြံစည်ခဲ့ခြင်းက အစိုးရကို ခုတုံးလုပ်တဲ့ ပထမဆုံး ဥပဒေမဲ့ လုပ်ရပ်ဖြစ်ကြောင်း သိသာစေပါတယ်။ အဲဒီနောက် လယ်သမားတွေကို လယ်ပြန်စိုက်ခွင့်ပြုတယ်။ သီးစားပြေစာအတွက်တော့ ဘယ်သူ့လက် အပ်လိုက် တယ် ဆိုတာ လယ်သမားတွေက နားစွန်နားဖျား ဇေကမ္ဘာကို ပေးလိုက်တယ် ဆိုတာလောက်ပဲ သိပါတယ်။ လယ်သမားတွေ စပါးသိမ်းနေချိန်မှာပဲ ၂၀၁၁ ခုနှစ်ထဲမှာ လယ်ကန်သင်းတွေ ဖျက်တယ်။ နွေစပါး စိုက်လို့မရအောင် ရေမြောင်းတွေ ပိတ် ပစ်တယ်။ လယ်တွေကို အပြောင်ရှင်းတယ်။ မြေတွေကိုလည်း ရောင်းချထားပြီးဖြစ်ကြောင်း လယ်မြေတွေပေါ်မှာ ဘယ်က ဘယ်သူမှန်းမသိတဲ့ ကောင်တွေ နာမည်တွေ လာတပ်ထား ပါတယ်။ဒီကြား ထဲမှာ လယ်သမားတွေဟာ လယ်လုပ်ခွင့်ရဖို့ အမျိုးမျိုးကြိုးစားလာတာကြောင့် အငြင်းပွားမှုတွေ ဖြစ်လာပြီး ဇေကမ္ဘာရဲ့ ဖျက်စီးရေး လုပ်ငန်းတွေကို သက်ဆိုင်ရာက တားမြစ် တယ်။ နိုင်ငံတော်က စက်မှုဇုန် လုပ်ကိုင်ခွင့် ခွင့်ပြုထား သယောင် ငါးမဖမ်းရ ၊ ဖားမရိုက်ရ ဆိုတဲ့ စာတွေကပ်၊ ဇေကမ္ဘာ မန်နေဂျာ မြင့်ဇော်နေတဲ့ ရုံးကို လယ်ထဲမှာ လာဆောက်၊ လယ်သမားတွေကို ခြိမ်းခြောက်မှုတွေနဲ့ အတူ တုတ်တပြတ် ဓားတပြတ် လုံခြုံရေး ၀န်ထမ်း အင်အားကလည်း ကြောက်ခမန်းလိလိပါပဲ။ လယ်သမားတွေက လယ်ပြန်လုပ်ဖို့ နွားချေးမြေသြဇာတွေချနေတဲ့အချိန် ခင်ရွှေရဲ့ ကုမ္ပဏီက လယ်ကန်သင်းတွေ ကိုဖျက်လို့ ကောင်းဆဲ။ ဒီ ၂၀၁၂ ခုနှစ်ထဲမှာပါပဲ။ လယ်သမားတွေကလည်း တရုံးရုံးဖြစ်လာပြီ။ မြင့်ဇော်ကလည်း သက်ဆိုင်ရာက တားမြစ်နေတဲ့ကြားက တုတ်တပြတ် ဓားတပြတ် မိုက်ကြေးခွဲတဲ့ ပုံစံမျိုးအထိ ဖြစ်လာတာတွေဟာ မင်းမဲ့တိုင်းပြည် ဥပဒေမဲ့ တိုင်းပြည်လိုပါပဲ။ တားမြစ်စာတွေပို့ပြီး ဇေကမ္ဘာကုမ္ပဏီကို လယ်ကန်သင်းတွေမဖြတ်ဖို့၊ လယ်သမားတွေကိုလည်း လယ်မလုပ်သေး ဖို့ အငြင်းပွားနေဆဲ ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးကစာတွေပို့တယ်။ အဲဒီအထဲမှာ လယ်သမားတွေက သူတို့တစ်ခုခုလုပ်တိုင်း သက်ဆိုင်ရာကို အသိပေးအကြောင်းကြားပါသည်လို့ ရေးတာကိုတောင် နောက်နောင် အသိပေးအကြောင်းကြားပါသည်ဟု မရေးသားရန်လို့ မြို့နယ် အုပ်ချုပ် မှူးက ဆိုလာတယ်ဗျ။ ဘယ်လို ပြောရမှာလဲ တင်ပြအသနားခံပါသည် ဆိုတဲ့ စာသားတွေ သူတို့ရဲ့ အမှိုက်တောင်းထဲမှာ တပုံတခေါင်းပါ။ လူပါးဝချင် စိတ်က မကုန်သေးဘူး။ အဲဒါ အုပ်ချုပ်ရေး ပိုင်းကို ပြောတာ။ လယ်သမားတွေဟာ မထူးဇာတ်တော့ မဟုတ်ဘူး။ ဘယ်လို အခင်းအကျင်းဖြစ်လာမလဲ ဆိုတာသိချင်လို့ လယ်ထွန်တော့မယ်လို့ သတင်းလွှင့်လိုက်တယ်။ နောက်နေ့ တကယ်လယ်ထွန်ဖို့ လယ်ထွန်စက်ကြီးတွေ ပြင်ဆင်ကြတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးနဲ့ ကျေးရွာ အုပ်ချုပ်ရေါ်မှူး ဦးထွန်းထွန်းဦးတို့ ကိုယ်တိုင်ရောက်လာပြီး တားကြတယ်။ လယ်သမားတွေက ဥပဒေကို မလေးစားလို့၊ အုပ်ချုပ်ရေးကို မလေးစားလို့ လုပ်တာ မဟုတ်ပါဘူး။ ဥပဒေနဲ့ အုပ်ချုပ်ရေးကို ဘယ်သူတွေ ပေါ်ပေါ်လွင်လွင် ချိုးဖောက်နေလဲ ဆိုတာ သိချင်လို့ လယ်ထွန်စက်ကြီးနဲ့ ဟန်ရေးပြလိုက်တာပါ။ လယ်သမားတွေကို လာတားတော့ ဇေကမ္ဘာကိုလည်း သွားတားကြည့်ပါအုံးလို့ ပြောလိုက် တယ်။ အုပ်ချုပ်ရေးမှူးကြီးတွေ သွားတားတယ်။ မြင့်ဇော်က မကောင်းတတ်လို့ အားနာသမှုနဲ့ ခဏရပ်ပေးလိုက် တယ်။ အဲဒီညနေမှာပဲ ဖျက်စီးရေးကို ဆက်လုပ်တယ်။ နောက်နေ့လည်း ဆက်လုပ်တယ်။ မီဒီယာတွေရဲ့ အမေးကို တစ်ပတ်အတွင်း အဖြေသိပါလိမ့်မယ်။ ဖြေစရာစကားမရှိဘူးလို့ မာမာတင်းတင်းပဲ ပြောတယ်။ လယ်သမားတွေက သီးစားလုပ်ကိုင်ခွင့်ကို လျှောက်ထားပြီးဖြစ်နေပြီ။ ဇေကမ္ဘာကုမ္ပဏီက နောက်မှသွားပြီး သီးစား လုပ်ကိုင်ခွင့် လျှောက်တယ်။ ပြဌာန်းထားတဲ့ ဥပဒေတွေအရ လယ်သမားတွေဟာ လက်ငုတ်လုပ်ကိုင်သူတွေဖြစ်လို့ ဒီကိစ္စမှာတော့ ဥပဒေအရဆိုရင် လယ်သမားတွေ အောင်ပွဲခံလိမ့်မယ်လို့ မျှော်လင့်ခဲ့တယ်။ အငြင်းပွားနေတဲ့ ကိစ္စအတွက် သက်ဆိုင်ရာက ဘယ်သူ့ဘယ်သူမှ ခေါ်ယူညှိနှိုင်းခြင်းမရှိဘဲ လယ်ယာမြေတွေကို ဟောဒီနေ့ (၂၆.၅.၂၀၁၂) ရက်နေ့မှာပဲ ဇေကမ္ဘာကို ဆက်လက်လုပ်ကိုင်ခွင့်ပြုလိုက်ကြောင်းလို့ ဆုံးဖြတ်ချက် ချလိုက် ပါလေရောဗျာ။ လွှတ်တော် ကိုယ်စားလှယ်၊ ဇေကမ္ဘာဥက္ကဌ ခင်ရွှေကြီးက The Voice ဂျာနယ်မှာ လယ်လုပ်မှာ မဟုတ်ဘူး။ စက်မှုဇုန်လုပ်မှာလို့ ပြောထားပါလျှက် ဇေကမ္ဘာကို လယ်လုပ်ကိုင်ခွင့် ပြုတဲ့ ရန်ကုန်တိုင်းအစိုးရကို သောက်သုံးမကျတဲ့ အစိုးရ ဥပဒေမဲ့လုပ်တဲ့ အစိုးရလို့ မှတ်ချက်ပြုပါတယ်။ ဥပဒေကို လက်တစ်လုံးကြားလိမ်တာသည် အစိုးရအဖွဲ့ဖြစ်ပြီး လယ်သမားတွေဘက်က ဥပဒေအရ အကာအကွယ် ယူလို့ မရတော့တဲ့အခါမှာ လယ်သမာတွေက အရိုးကျေကျေ အရေခန်းခန်း တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ဆက်လက်ပြီးတော့လည်း ဥပဒေကြောင်းအရ ခင်ရွှေကို ဖိုးတွမ်တီးနဲ့ စွဲချက်တင်ပါမယ်။ ငွေကုန်ကြေးကျ မတတ်နိုင် လို့ နောက်ဆုံးလုပ်စရာက ဆန္ဒပြဖို့ပဲ ဖြစ်ပါတယ်။ ဥပဒေမဲ့နိုင်ငံတော်မှာ ခွင့်ပြုသည်ဖြစ်စေ ခွင့်မပြုသည်ဖြစ်စေ ပြည်သူအသံကို စောင့်မျှော်နေတဲ့ လူလိမ်အသိုင်းအ၀ိုင်းထဲက လွှတ်တော်ကိုယ်စားလှယ်ကြီးများကို ပြည်သူ့ဆန္ဒ ပြည်သူ့အမှန်တွေကို ကြားသိအောင် အသေခံတိုက်ပွဲဝင်သွားဖို့ပဲ ဖြစ်ပါတယ်။ နောက်ဆုံအနေနဲ့တော့ လူပါးဝ သူက ခင်ရွှေ ဆိုတဲ့ လွှတ်တော် အမတ်ကြီးပါ။ ဥပဒေမဲ့ ဘက်လိုက်ဆုံးဖြတ် တာက ရန်ကုန်တိုင်းအစိုးရအဖွဲ့ပါ။ ခံနေရတာတော့ လယ်သမားတွေပါ။ အဲဒီအရေးအတွက် ပြည်သူ့အကျိုးလိုလားသူ ပူးပေါင်းကူညီချင်သူ နိုင်ငံရေး အင်အားစုများနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းများက ၀ိုင်းဝန်းကူညီကြပါရန် မတရား မှုတွေကို ပြည်သူများ ခံနေရစဲ ဖြစ်ကြောင်း တင်ပြရင်း နိဂုန်းချုပ်ပါတယ်။ ငြိမ်းချမ်းစွာနေတဲ့ ပြည်သူကို ဆူပူအောင် ဖန်တီးနေတာ အစိုးရနှင့် ခရိုနီ အုပ်စုဖြစ်ကြောင်း နိုင်ငံတော် ရှေ့ဆက်သွားခြင်း မသွားခြင်းတွင် အလျဉ်း မသက် ဆိုင်ဘဲ မတရားမှုသည် မတရားမှုသာ ဖြစ်လို့ လူလိမ်လူညာများကို ပြည်သူအင်အားနဲ့ ၀ိုင်းဝန်း တိုက်ဖျက် ကြပါစို့။ နောင်တော်လေး
ကိုယ့်လည်ပင်းစွပ်မယ့် ကြိုးကွင်းတွေ ဘယ်သူတွေ ၀င်ကျစ်ပေးတာလဲ
- လူထု စိန်ဝင်း -
အခုတစ်လော ရောက်လာသမျှ ပြည်တွင်း၊ပြည်ပ သတင်းမီဒီယာသမား အားလုံးက တစ်ခုတည်းသော မေးခွန်းကိုပဲ မေးကြတယ်။ သတင်းမီဒီယာလောကသား အားလုံး စိတ်ဝင်တစား ပြောဆိုဆွေးနွေးနေကြတဲ့ “မီဒီယာ ဥပဒေ” ဆိုတာကို ဘယ်လိုမြင်သလဲဆိုတဲ့ မေးခွန်းဖြစ်တယ်။
မီဒီယာဖွံ့ဖြိုးရေး ညီလာခံ
ဒီလ ၁၈ ရက် ၁၉ ရက်က ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ကုလသမဂ္ဂပညာရေးသိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) တို့ ပူးပေါင်းပြီး “မြန်မာနိုင်ငံ မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ညီလာခံ” ဆိုတဲ့ ညီလာခံတစ်ခု ကျင်းပခဲ့တယ်။ အဲဒီမှာ ပြည်ပအဖွဲ့အစည်းတချို့က ကိုယ်စားလှယ်တွေ တက်ရောက်ပြီး စာတမ်းဖတ် ကြားသလို ပြည်တွင်းမီဒီယာ သမားတချို့လည်း စာတမ်းများဖတ်ကြတယ်။ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက် ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်က “New Media Laws and regulations in Myanmar” ဆိုတဲ့ခေါင်းစဉ်နဲ့ စာတမ်းဖတ်ကြားသွားကြောင်း သိရတယ်။ လူတွေပြောနေကြတဲ့ မီဒီယာ ဥပဒေဆိုတာက  ဒါပဲဖြစ်ပါလိမ့်မယ်။ ဘာတွေပါတယ်ဆိုတာ မသိပါဘူး။ ယေဘုယျ သဘောတော့ပြောနိုင်ပါတယ်။
တည်ငြိမ်အေးချမ်းဖို့
ဥပဒေဆိုတာ ဘယ်နိုင်မှာဖြစ်ဖြစ် ဘာစနစ်နဲ့အုပ်ချုပ် အုပ်ချုပ်၊ လူတွေကို ထိန်းချုပ်ဖို့ လုပ်ကြတာချည်း ဖြစ်တယ်။ မရှိမကောင်း၊ ရှိမကောင်းဆိုတဲ့ အရာဖြစ်တယ်။ လူ့အဖွဲ့အစည်းတည်တည်ငြိမ်ငြိမ်နဲ့ အေးချမ်းသာယာဖို့အတွက် လူတိုင်းလူတိုင်းမှာ သဘာဝအရ ရှိနေကြတဲ့ အရိုင်းစိတ်တွေနဲ့ ပရမ်းပတာ စိတ်တွေကို အနားကွပ်ပြီး ထိန်းသိမ်းပေးဖို့လိုတယ်။ ဥပဒေက ဒီတာဝန်ကို ယူရတယ်။ လူ့အဖွဲ့အစည်းဆို တာက လူမျိုးပေါင်းစုံ ပါဝင်နေတာဖြစ်လို့ဆိုပြီး လူတိုင်းနဲ့ကိုက်ညီအောင် ဥပဒေကို လိုက်ညှိရေးလို့ မရဘူး။ ဥပဒေဆိုတာ ဘယ်နေရာဖြစ်ဖြစ်၊ ဘယ်အချိန်အခါဖြစ်ဖြစ်၊ ဘယ်သူ့အတွက်ဖြစ်ဖြစ် တစ်မျိုးတည်း၊ တစ်သမတ်တည်း ဖြစ်ရတယ်။ သူ့ကျတော့တစ်မျိုး၊ ငါ့ကျတော့ တစ်မျိုး၊ လိုရင်တစ်မျိုး၊ မလိုရင်တစ်မျိုး လုပ်လို့မရဘူး။ ဥပဒေရှေ့မှောက်မှာ နိုင်ငံသားအားလုံး တစ်ပြေးညီ ဖြစ်ရတယ်။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရဘူး။
ကာကွယ်စောင့်ရှောက်မှုပေးရမယ်
ဥပဒေက လက်လှမ်းမမီတဲ့ လူတန်းစားတစ်ရပ် သီးခြားတည်ရှိနေတာမျိုးလည်း လုံးဝမရှိစေရဘူး။ ရှိနေရင်လည်း အဲဒါ အာဏာရှင်နိုင်ငံပဲ ဖြစ်တယ်။ ဒီမိုကရေစီနိုင်ငံ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒီမိုကရေစီနိုင်ငံ ဆိုတာ တိုင်းသူပြည်သားအားလုံး တန်းတူညီမျှရှိရတယ်။ စံစရာရှိ အတူစံပြီး ခံစရာရှိလည်း အတူခံရတယ်။ တောင်ယာလုပ်တဲ့ လယ်သမားတွေဆီက ဘိမ်း(ကွမ်းပုံ) ကလေးတစ်ငုံစာမိတာကို ထောင်ခုနှစ်နှစ် ပြစ်ဒဏ်ချ ပြီး သိန်း ၇၀၀၀ ဖိုး ဘိန်းတွေ၊ ဆေးပြားတွေနဲ့မိတဲ့ လော်ပန်ကြီးကတော့ အုတ်နံရံအမြင့်ကြီးနဲ့ ဘုံခုနှစ်ဆင့် နန်းတော်ကြီးထဲမှာ ဇိမ်ကျနေမြဲ ကျနေတာမျိုး လုံးဝမရှိရဘူး။ အဲဒီလို မညီမျှမှုတွေ ရှိနေသေးသရွေ့ ဒီမိုကရေစီ နိုင်ငံလို့ မခေါ်နိုင်ဘူး။ ဒီမိုကရေစီ စနစ်မှာ အခွင့်ထူးခံ လူတန်းစားလုံးဝမရှိရဘူး။ ဥပဒေဟာ နိုင်ငံသားအားလုံးကို ထိန်းချုပ်သလို နိုင်ငံသားအားလုံး စိတ်ချလက်ချ လုပ်ကိုင်စားသောက်နိုင်အောင် ကာကွယ် စောင့်ရှောက်မှုလည်း ပေးရမယ်။
အပ်နဲ့ထွင်းရမှာ ပုဆိန်နဲ့ပေါက်
ထိန်းချုပ်မှုနဲ့ ကာကွယ်စောင့်ရှောက်မှုမှာ ကာကွယ်စောင့်ရှောက်မှုဘက်က အလေးသာမှ အဲဒီနိုင်ငံဟာ နေပျော်တဲ့ နိုင်ငံတစ်ခု ဖြစ်မှာပါ။ ထိန်းချုပ်မှု လွန်ကဲရင် စိတ်ညစ်စရာ ကောင်းပါတယ်။ အာဏာရှင် စနစ်ကို လူတွေစက်ဆုပ်မုန်းတီးတာက အဲဒီအချက်အဓိကပဲ။ အာဏာရှင်စနစ်တိုင်းမှာက ဘယ်ကိစ္စမဆို သူတို့ဘ၀လုံ ခြုံရေး၊ သူတို့အာဏာတည်မြဲရေးကိုပဲ အမြဲဂရုစိုက်တွေးလေ့၊ ကြည့်လေ့ရှိတယ်။ မလိုအပ်ဘဲနဲ့ တင်းကြပ်လွန်း တဲ့ဥပဒေတွေ ချမှတ်ပြဋ္ဌာန်းရုံမက သဘာဝမကျစွာ ပြင်းပြင်းထန်ထန် အရေးယူတာမျိုးလည်း လုပ်လေ့ရှိတယ်။ အပ်နဲ့ထွင်းရမယ့် ကိစ္စကို ပုဆိန်နဲ့ ပေါက်တတ်သေးတယ်။
သဟဇာတ ဖြစ်မှု
ပုဆိန်နဲ့ ပေါက်တဲ့ အစိုးရဆိုတော့လည်း လူတွေက ရွံကြောက်ကြီး ဖြစ်နေတာပေါ့။ ဒါဆိုရင် ဘယ်ကောင်းတော့ မှာလဲ။ အစိုးရဆိုတာ တိုင်းသူပြည်သားများရဲ့ လစာရိက္ခာကိုစားတဲ့ ပြည်သူ့ဝန်ထမ်းလို့ခေါ်တဲ့ အဆိုနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေမှာ မဟုတ်လား။ အစိုးရနဲ့ ပြည်သူဆိုတာ တစ်သားတည်းကျနေရမှာမျိုး ဖြစ်တယ်။ အစိုးရက ပြည်သူကို ကာကွယ်စောင့်ရှောက်ရမယ်။ ပြည်သူက အစိုးရကို ပံ့ပိုးကူညီရမယ်။ အစိုးရနဲ့ ပြည်သူ သဟဇာတ ဖြစ်ရင် တိုင်းပြည်သာယာတယ်။ သဟဇာတမဖြစ်ရင် ပစ္စန္တရစ်အရပ်လို နေချင်စဖွယ် မရှိဘူး။  ပစ္စန္တရစ်အရပ်ဖြစ်ရတဲ့ကိစ္စမှာ အများအားဖြင့် အုပ်ချုပ်ရေးအာဏာကို ချုပ်ကိုင်ရယူထားတဲ့ အစိုးရများရဲ့ တာဝန်သာဖြစ်တယ်။
ဒေ၀ါလီခံရအောင် လုပ်လို့
အစိုးရက အုပ်ချုပ်ရေးညံ့ဖျင်းလို့၊ အာဏာကို အလွဲသုံးစားလုပ်လို့၊ ဥပဒေကို မျက်ကွယ်ပြုလို့ တိုင်းပြည်တွေ ဆင်းရဲတွင်း နက်သထက် နက်ကြရတာသာ ရှိတယ်။ ပြည်သူတွေက ပေးဆောင်ရမယ့် အခွန်တွေ မပေးကြ လို့ ဒေ၀ါလီခံရတဲ့ တိုင်းပြည်ဆိုတာ မရှိဘူး။ အုပ်ချုပ်ရေး အာဏာကိုင်စွဲထားတဲ့ အစိုးရက  အာဏာသုံးပြီး အခွန်အခတွေ မရ ရအောင် ကောက်ယူကြမြဲ ဖြစ်တယ်။ ပြည်သူတွေက အခွန်အခမပေးရင် တရားစွဲ ထောင်ချ လို့ရပေမဲ့ အစိုးရတာဝန်ကို ကျေပွန်အောင် မထမ်းဆောင်တဲ့ အစိုးရကို တာဝန်မကျေပွန်မှုနဲ့ တရားစွဲ ထောင်ချနိုင်တဲ့ ဥပဒေတော့ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှမရှိဘူး။ တိုင်းပြည်ကို ဒေ၀ါလီခံရအောင် လုပ်လို့ ထောင်ချခံရတဲ့ အစိုးရဆိုတာလည်း ကမ္ဘာပေါ်မှာ မရှိခဲ့ဘူး။
ခြိမ်းခြောက်ဖို့ မဟုတ်
စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံမှာ တရားဥပဒေဆိုတာ အစိုးရက အသုံးချတဲ့ လက်နက်အဖြစ်သာ ရှိမနေစေရဘူး။ ပြည်သူလူထုက အစိုးရကို ပြန်လည်ထိန်းသိမ်းဖို့လည်း ဖြစ်စေရမယ်။ ပြည်သူက အခွန်အခမပေးရင် အရေးယူ သလို ပြည်သူပေးတဲ့ လစာရိက္ခာကို စားပြီး တာဝန်ကျေပွန်အောင် ထမ်းဆောင်ဖို့ ပျက်ကွက်တာကိုလည်း အရေးယူ အပစ်ပေးနိုင်ဖို့ လိုတယ်။ ဥပဒေမှန်သမျှရဲ့ အနှစ်သာရက တိုင်းသူပြည်သားများ အပူအပင်၊ အကြောင့်အကြ ကင်းကင်းနဲ့စိတ်အေးချမ်းသာစွာ လုပ်ကိုင်စားသောက် နေထိုင်နိုင်အောင် ကာကွယ်စောင့် ရှောက်မှုပေးဖို့ ဖြစ်တယ်။ ပြည်သူတွေကို ခြိမ်းခြောက်ဖို့ မဟုတ်ဘူး။ ဖိနှိပ်ဖို့ မဟုတ်ဘူး။
အခြေခံဥပဒေကို ဆန့်ကျင်
စောစောက အမေးရှိခဲ့တဲ့ မီဒီယာဥပဒေဆိုတာက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက အသိအမှတ်ပြု ပေးအပ်ထားပြီး ဖြစ်တဲ့ နိုင်ငံသူနိုင်ငံသားများရဲ့ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်၊ လွတ်လပ်စွာရေးသားခွင့်ဆိုတဲ့ အခြေခံလူ့အခွင့် အရေးကို ဆန့်ကျင်လုပ်ဆောင်ရာ ဖြစ်တဲ့ အတွက် သတင်းမီဒီယာ သမားတစ်ယောက်အနေနဲ့ ကန့်ကွက်သလို နိုင်ငံသား တစ်ယောက်အနေနဲ့ လည်းကန့်ကွက်ပါတယ်။ လက်ရှိအခြေအနေမှာတောင် သတင်းမီဒီယာတွေကို ထိန်းချုပ်ထားတဲ့ ဥပဒေတွေက လိုတာထက်တောင် အများကြီး ပိုနေပါသေးတယ်။ အသရေဖျက်မှု ဥပဒေ၊ အစိုးရကို အကြည်ညိုပျက်စေမှု ဥပဒေ၊ ဆူပူအောင် လှုံဆော်ရေးသားမှု ဥပဒေ၊ အစိုးရလျှို့ဝှက်ချက် ပေါက်ကြးမှု ဥပဒေ၊ အီလက်ထရောနစ် အက်ဥပဒေ၊ ရုံးတော်ကို မထီမဲ့မြင်ပြုမှု ဥပဒေ စတဲ့ စတဲ့ ဥပဒေတွေအများကြီး ရှိပါတယ်။
ရုပ်သိမ်းပေးရမှာ
ပြန်ကြားရေး ၀န်ကြီးဌာနက ပြောသလို သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး အတွက်၊ စတုတ္ထမဏ္ဍိုင် ကြံ့ခိုင်ရေး အတွက် လုပ်တာပါဆိုရင် နောက်ထပ်ဥပဒေပုဒ်မ အသစ်အသစ်တွေနဲ့ ထပ်ပြီး ထိန်းချုပ်ဖို့ လုပ်မယ့်အစား ရှိနေတဲ့ ကန့်သတ်ချုပ်ချယ်မှု သဘောဆောင်တဲ့ ဥပဒေပုဒ်မတွေကို ရုပ်သိမ်းပေးဖို့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ နှစ်ပေါင်း ငါးဆယ်ကျော် သတင်းသမားလုပ်လာခဲ့သူ တစ်ယောက်အနေနဲ့ သတင်းမီဒီယာကို ကန့်သတ်ထိန်းချုပ်ဖို့ လုပ်တဲ့ ဥပဒေမှန်သမျှကို လက်မခံနိုင်ပါဘူး။ သတင်းသမားအစစ် “ပရော်ဖက်ရှင်နယ်” မှန်သမျှလည်း လက်ခံကြမှာ မဟုတ်ပါဘူး။ ပရော်ဖက်ရှင်နယ် သတင်းသမား မဟုတ်တဲ့ ခေတ်ပျက် ဂျာနယ် လစ်တွေကသာ အခွင့်အရေးမျှော်ကိုးပြီး ထောက်ခံချင် ထောက်ခံကြပါလိမ့်မယ်။ ပရော်ဖက်ရှင်နယ် သတင်းသမားမှန်ရင် ကိုယ့်လည်ပင်းစွပ်မယ့် ကြိုးကွင်းကို ကိုယ်တိုင်ဝင်ကျစ်ပေးတာမျိုး ဘယ်နည်းနဲ့မှ မျက်နှာပြောင်တိုက်ပြီး လုပ်မှာ မဟုတ်တာ သေချာပါတယ်။  ။
ဒီလှိုင်း စာစဉ်ပါ
ဆရာကြီး
လူထုစိန်ဝင်း ၏ ဆောင်းပါး
အတုယူမှားတဲ့ တို့မြန်မာတွေ
“အရှင်ရုပ်ကစိုးနတ်မင်းကြီး ကျွန်တော့်သားလေးရဲ့ အမိုက်အမဲကို ဗွေမယူပါနဲ့ ကျွန်တော့်အိမ်မှာ အိမ်သာမရှိ တဲ့ အတွက် အရှင့်သစ်ပင်ခြေရင်းမှာ မစင်စွန့်မိပါတယ်” ဒီလိုတိုင်တည်ပြီးပြောစရာ အကွက် ကကြုံလာပြီ။ အရှင်လွှတ်တော် အမတ်မင်းများ ကျွန်တော်မျိုးတို့ရဲ့ ထမင်းမေ့ ဟင်းမေ့ ကိုရီးယား မှိုင်းမိနေတာကို ဗွေမယူ ပါနဲ့ အရှင်တို့ရဲ့ “ မြန်မာ့အသံ၊ မြ၀တီ နဲ့ MRTV4 စတာတွေကနေ ကိုရီးယားဇာတ်လမ်းတွဲတွေကို နေ့စဉ်ရက် စက် အပိုင်းအပိုင်း အတစ်တစ်လုပ်ပြီး ပြနေတဲ့အတွက် စမိပြီဆိုတာနဲ့ ဖြတ်မရတော့ပဲ ကြည့်မိပါတယ်။
ရုပ်ကစိုး နတ်မင်းကြီးလိုတော့ “အောင်မာ အောင်မာ” တော့မလုပ်နဲ့။ မြန်မာ့အသံ တို့ မြ၀တီတို့ ပြည်တွင်းရုပ် သံလိုင်းတွေကနေ မြန်မာတွေ အတုယူမှားအောင် လုပ်နေတာကို လွှတ်တော်အမတ်မင်းများလည်း သိတယ် တော့လုပ်။ ရုပ်ရှင်ဇာတ်လမ်းတွဲတွေထဲက စရိုက်တွေကို ပုံတူကူးတာမှ အပျို လူပျိုတင်မဟုတ်တော့ပဲ အဖိုးကြီး အဖွားကြီးအထိဖြစ်လာတော့မယ်။ ပြောနေကြတော့လည်း လွှတ်တော်အတွင်းမှာရော အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားရေး၊ ယာဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး ဆိုတဲ့ ကြွေးကြော်သံတွေ နဲ့ တစ်လျှောက်လုံး ပြောလာခဲ့ကြတာ။ ဒီနေ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ အပျက်ပေါင်း သောင်းခြောက်ထောင် ကြားက အတုယူမှားလို့ ပျက်နေတာတွေကို မသိရော့လေသလားပေါ့။ စဉ်းစားကြည့်မိတာပါ။ ကိုရီးယားကား ကြည့်သူတိုင်း မှိုင်းမိတယ်ဆိုတော့ ကိုရီးယားကြိုက်သူတွေထဲမှာ လွှတ်တော်ကိုယ်စားလှယ်ကြီးများလည်း ပါကောင်း ပါနေမလားလို့ စဉ်းစားမိပါသေးတယ်။
ကိုရီးယားတွေက အရမ်းတော်တယ်။ သူတို့ရဲ့ရုပ်သံလိုင်းတွေဖြစ်တဲ့ TVXB ၊ DBSK နှင့် Tohoshinmi တွေဟာ ကမ္ဘာတစ်ဝှမ်းလူကြိုက်များတဲ့ ဖျော်ဖြေရေးလုပ်ငန်းကြီးတွေ ဖြစ်လာပြီလို့သိရတယ်။ တို့မြန်မာက လည်း အမျှော်အမြင်ကြီးစွာနဲ့ လက်နက်တွေနဲ့ သိမ်းပိုက်တိုက်ခိုက်ပြီး ကိုလိုနီပြုစရာမလိုပဲ ကိုယ်တိုင်က ကို ယဉ်ကျေးမှုကိုလိုနီအပြုခံနေတာလို့ မြင်ရတယ်ဗျာ။ သူတို့မှာ ဘာမှအပြစ်မရှိဘူးနော်။ ကိုယ်တွေက လက်ခံပြီး တော့ကိုလိုနီပြုခွင့်ပေးထားတာ။ သိသင့်ကြပါပြီ။ မြန်မာ့ယဉ်ကျေးမှု မြန်မာ့ဓလေ့စရိုက်တွေ ကွယ်ပျောက် လာပြီဆိုတာကို လူကြီးမင်းများ နေရာက လူကြီးမင်းတွေ သိရှိပြီး ပြင်သင့် မပြင်သင့် တိုင်ပင်ကြပါအုံးလို့ ကျွန်တော်မျိုး လျှောက်ထားချင်တာပါဗျာ။ အောက်လူတွေကို ပဲ ပြင်ကြ ပြင်ကြနဲ့ ပြောနေလို့ ဖြစ်ဘူးလေ။ အထက်ကလည်း ဘာကြောင့် ဘယ်လိုပျက်တယ်ဆိုတာကို သိပြီး စပြင်ပေးမှ ဖြစ်မှာ။
ကိုရီးယားတွေမှာ အခြား အတုယူစရာတွေလည်း အများကြီး ရှိသေးတယ်။ ကိုရီးယားမှာ သံတမန်တာဝန် ထမ်းဆောင်ဖူးသူကတော့ “ကိုရီးယားတွေ အလုပ်လုပ်ကြတယ်။ ပညာကြိုးစားကြတယ်။ မိမိအလုပ်ရှင် အပေါ် သစ္စာစောင့်သိတာတွေကို အတုယူရမယ်” လို့ပြောတယ်။ နောက်ပညာရေးပေါ့။ ကိုရီးယားနိုင်ငံဟာ ကမ္ဘာ့ အချမ်းသာဆုံး ထဲက တစ်နိုင်ငံပဲ။ ဘာကြောင့်ချမ်းသာလာတာလဲ။ သူတို့တွေလဲ မြန်မာပြည်လိုပဲ စစ်မြေပြင်က နေကြိုးစားရုန်းကန်လာကြတာ။ နှစ်ပေါင်း ၃၅ နှစ်အတွင်းမှာ အချမ်းသာဆုံး နိုင်ငံအဆင့်ကို ရောက်လာတာပဲ။ ဘာကြောင့်ချမ်းသာသလဲဆိုတဲ့ အကြောင်းချက်ရဲ့ အခြေခံက ပညာရေးကောင်းတယ်။ ကွန်ဖြူးရှပ်ဝါဒကို အခြေခံတဲ့အတွက် ကျောင်းသားကျောင်းသူများ၊ အလုပ်သမားများဟာ လုပ်ငန်းအပေါ် စိတ်ဝင်စားမှု အထူးမြင့် မားတယ်။ သင်ကြားရေး အတွေ့အကြုံရှိ ဆရာတစ်ယောက်ရဲ့အဆိုအရ ကိုရီးယားကျောင်းသားတွေဟာ အာရုံစူးစိုက်မှုအရှိဆုံးလို့ သိရတယ်။
ပြောရင် ရှည်မှာပါ။ တိုတိုချုန်းပြောရရင် မဟုတ်တာတွေကို ပုံတူကူးမပေးပါနဲ့။ နိုင်ငံတော်ကြီးကို ကမ္ဘာနဲ့ ယဉ်ဘောင်တန်းဖို့ ကြိုးစားနေတာဆိုရင် အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားဖို့ တကယ်လုပ်ဆောင်နေပါတယ် ဆိုရင် တစ်နှစ်တစ်ခါ ဆိုကရေးတီး လုပ်ပေးတာနဲ့တင်ပြီးရောလား။ မြန်မာ့ရုပ်ရှင်လောကမှာ မြန်မာ့လူမှုသဘာဝပတ် ၀န်းကျင်ကို အမှန်အကန် သရုပ်သကန်ဖော်ဆောင်နိုင်အောင် ကူညီထောက်ပေးဖို့လည်း စဉ်းစားကြ။ ရှေးဦးပထမ လွှတ်တော်အမတ်ကြီးများက ကိုရီးယားရုပ်ရှင်တွေကို မျှော်လင့်ချက်တွေပေးပြီး နေ့စဉ်ရက်စက် အပိုင်းပိုင်းအတစ်တစ် ပြသင့်မပြသင့် ဆွေးနွေးကြည့်စေချင်တာ။ မြန်မာမလေးတွေတိုပြီး ကပ်လာပြီ။ အမြင်ကောင်းတယ်ဆိုပြီး ကြည့်ကောင်းကောင်းနဲ့ ကြည့်နေတဲ့အထဲမှာ လွှတ်တော်အမတ်ကြီးများ မပါပါစေနဲ့။ ကျောင်းသူကျောင်းသားအရွယ်တွေကို အပြစ်ဖို့နေကြမယ့်အစား ငါတို့ပုံသွင်းခဲ့တာကိုက မှားနေတာဆိုတာကို သိကြပါတော့။ မြန်မာတွေ အတုယူမှားတာ မြန်မာကိုခေါင်းဆောင်သူတွေ ပုံတူကူးမှားလို့ပါလို့ ဆိုပါရစေ။
နောင်တော်လေး (ဘိုကလေး)
ဘုရားဒကာကြီးရေ ကြည့်လုပ်ပါဦး
နယူတန်တွေ့ရှိခဲ့တဲ့ နိယာမတွေထဲမှာ “သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်” ဆိုတာကို စာတွေထဲမှာ ဖတ်ခဲ့ရဖူးပါတယ်။ ဒါနဲ့ ဆက်စပ်ပြီး ဒီအတောအတွင်း Hot News ဂျာနယ်မှာ ဇေကမ္ဘာကုမ္ပဏီကနေ ရွှေနံ့သာ ရွာမှလယ်မြေတွေသိမ်းယူပြီး စက်မှုဇုန်လုပ်ဖို့ အားထုတ်နေတယ်ဆိုတဲ့အကြောင်း ဖတ်ရတယ်။ မြန်မာနိုင်ငံ မှာနာဂစ်မုန်တိုင်းဆိုရင် မသိသူ မရှိသလောက်ပါပဲ။ အထူးသဖြင့် ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ နေသူတွေ ပိုပြီးသိတယ်။ လက်တွေ့ပိုခံစားလိုက်ကြရတယ်။ မုန်တိုင်းကြောင့် ဧရာဝတီတိုင်းမှာ စေတီ၊ ပုထိုး၊ ကျောင်းကန် ဇရပ်တွေ တော်တော်ပျက်စီးကုန်တယ်။ အဲဒါကို ဇေကမ္ဘာကုမ္ပဏီက ဆရာတော် တစ်ပါးနှင့် ပူးပေါင်းပြီး ပြုပြင်ကြတာကို မြင်ရသိရတယ်။ ဇေကမ္ဘာကုမ္ပဏီ ဥက္ကဌနှင့် မိသားစုတို့ ဘုရားဒကာတွေ ဖြစ်လာကြတယ်။ ပြီးတော့ အရပ်သားအစိုးရပြောင်း ဒီမိုကရေစီဖော်ဆောင်ဖို့ လွှတ်တော်တွေလည်း ပေါ်လာရော ဇေကမ္ဘာကုမ္ပဏီ ဥက္ကဌကြီးက လွှတ်တော်အမတ်ဖြစ်လာပြန်တယ်။ ပြည်သူလူထုထဲက ပြည်သူတစ်ဦးအနေနဲ့ ကိုယ့်တိုင်းပြည်အပေါ်မှာ ဇေကမ္ဘာကုမ္ပဏီဥက္ကဌကြီး အနေနဲ့ အမှန်တကယ်ဆောင်ရွက်နေတယ်လို့ ထင်မြင်သုံး သပ်မိပါတယ်။
အခုတော့ သုံးသပ်မိတာပဲ စောတယ်လို့ပြောရမလား။ လူတွေအကြောင်း ကောင်းကောင်းမသိသေးဘူးလို့ပြော ရမလားပဲ။ လယ်သမားတွေ မနှစ်မြို့တဲ့ကြားက လယ်ယာမြေတွေအပေါ်မှာ လမ်းတွေခင်းတာ၊ ရေမြောင်းတွေ ဖောက်တာကို သတင်းဂျာနယ်တစ်ခုမှာ ဓာတ်ပုံတွေ့လိုက်ရတယ်။ ရော်ကြေးသိန်း ၅၀ ပေးမယ်လို့ ကုမ္ပဏီက ကမ်းလှမ်းတယ်လို့လည်း ဖတ်ရပြန်တယ်။ မြန်မာလူမျိုးတွေဟာ ဘိုးဘွားအမွေကို တန်ဖိုးထား ထိန်းသိမ်းတတ် ကြပါတယ်။ ကိုယ်ပိုင်မြေပေါ်မှာ ခေါင်းချတတ်ကြတယ်။ အခုတော့ ရွှေနံ့သာက လယ်သမားတွေဟာ သူတို့ဘ၀ တွေမြှုပ်နှံထားတဲ့ လယ်ယာမြေတွေကို လက်လွှတ်ဆုံးရှုံးရတော့မယ်။ စာရေးသူ ငယ်ငယ်ကတည်းက လူကြီးတွေက သင်ထားတယ်။ လယ်မြေတွေ နွားတွေနဲ့ လယ်စိုက်သူတွေ စပါးစိုက်သူတွေရဲ့ ကျေးဇူးကြောင့် ဆန်စပါးအတွက် မပူပင်ရတာ။ သူတို့ကို ကျေးဇူးရှိသူတွေလို့ သတ်မှတ်ရမယ်။ ကျေးဇူးတင် အသိအမှတ်ပြုရမယ်လို့ ဆုံးမထားတော့ လယ်ယာမြေတွေနဲ့ လယ်သမားကြီးတွေကို လေးစားတန်ဖိုးထား တတ်နေတယ်။ အခုအချိန်မှာ ဇေကမ္ဘာကုမ္ပဏီက လယ်ယာမြေတွေကို သိမ်းနေတယ်လို့ကြားရတော့ စိတ်မကောင်းဖြစ်မိတယ်။ မြန်မာလူမျိုးတွေက ဘုရားဒကာဆို လေးစားတန်ဖိုးထားကြတယ်။ ဒီလို အများက တန်ဖိုးထားတဲ့ ကိုယ့်ဂုဏ်ပုဒ်နဲ့ ညီအောင်တော့ လုပ်ရမယ်လို့ထင်တယ်။ ဒါမှမဟုတ် မီးစ တစ်ဖက် ရေမှုတ် တစ်ဖက်များ လုပ်နေရော့သလားလို့ အတွေးရောက်မိတယ်။ ဦးဆောင်သူ ဘုရားဒကာ တစ်ယောက်တည်းနဲ့ ဒီလိုလုပ်ငန်းကြီးမျိုးတွေ အကောင်အထည် ပေါ်လာမယ်လို့ မယုံကြည်ပါဘူး။ လိုက်ပါဆောင်ရွက်နေသူတွေ ရှီလို့ အကောင်အထည်ပေါ်လာတယ်လို့ သုံးသပ်မိတယ်။ လိုက်ပါဆောင်ရွက်နေကြရတဲ့ မိသားစုဝင်တွေ လက်အောက်ငယ်သားတွေကလည်း ဦးဆောင်သူ ဘုရားဒကာနှင့် ခံယူချက်တူလို့ပဲ ဖြစ်ဖြစ် အခကြေးငွေ ကြောင့်လုပ်ရတာပဲ ဖြစ်ဖြစ် ထိခိုက်နစ်နာမှုတွေ မရှိအောင် ပြန်ပြီး စဉ်းစားဆုံးဖြတ်သင့်တယ်။ ဒီလိုမှ မဟုတ် ရင် အများပြောတဲ့ ဘုရားမကြိုက်တဲ့ လူစု ဖြစ်လာမယ်လေ။
လယ်သမားတွေရဲ့ ဘ၀နဲ့ တိုင်းပြည်အတွက် ဆန်စပါးသီးနှံတွေ စိုက်ပျိုးနိုင်တဲ့ လယ်ယာမြေတွေကို ထိခိုက်နစ် နာစေမယ့် အတွေးအကြံမျိုးတွေ အချိန်မှီ ပြင်ဆင်သင့်ပါတယ်။ စာရေးသူ ရေးခဲ့တဲ့ နယူတန်ရဲ့ နိယာမလိုပဲ တန်ပြန်သက်ရောက်မှုတွေကိုလည်း ဘုရားဒကာတို့ မိသားစုတွေကို မသက်ရောက်စေချင်လို့ပါ။ ဘာသာတရားအရပြောရရင်လည်း ၀ဋ်ဆိုတာ လည်တတ်ပါတယ်။ ချမ်းသာကြွယ်ဝမှုဟာ ကံတရားနဲ့လည်း ဆိုင်ပါတယ်။ ၀ရိယနဲ့ ဥာဏ်ကူပြီး လုပ်ဆောင်သမျှဟာ ကံမပါရင် လိုရာမရောက် ဖြစ်တတ်ပါတယ်။ ဒါတွေရေးရင်း သတိထားရပါသေးတယ်။ မိချောင်းမင်း ရေကင်းပြ ဖြစ်မှာ စိုးလို့ပါ။
ဇေကမ္ဘာကုမ္ပဏီ ဥက္ကဌ ဘုရားဒကာ မိသားစုက ရွှေနံ့သာရွာမှ လယ်သမားများ (မြန်မာနိုင်ငံမှ လယ်သမားများ) နှင့် ပြည်သူလူထုတို့ စိတ်ချမ်းမြေ့အောင် ကြံစည်ရွက်ဆောင်နိုင်ပါစေလို့ ပါးစပ်က ဘုရား ဘုရား လက်က ကားယား ကားယား ဖြစ်နေမည်ဆိုး၍ အသိပေးတိုက်တွန်းလိုက်ပါတယ် ဘုရားဒကာကြီးရယ်။
ပြည်အေးအောင်
ထီတစ်စောင် (၂၀၀ ) ကျပ်ဆို
ကျွန်တော် ပျော်ဘွယ်သားတယောက် အလုပ်ပိတ်ရက်လေး.. မှာ ကျွန်တော် စီးတော်ပျံလေး ပျက်တော့မှာမို့လို့ အမေ က လိုက်ဝယ်ပေးမယ်ဆိုလို့ ဈေးကို လိုက်သွားပါတယ်။ ကျွန်တော်တို့ ထီဆိုင်လေ တစ်ဆိုင်ရှေ့က ဖြတ်လျှောက်လာတော့ အမေ က ထီထိုးရအောင် သားတဲ့ ၊ ဒါနဲ့ အမေ က ထီစောင်ရွှေးလိုက်ပါတယ်.။ ၂ စောင်တွဲလေးပါ။ အိမ်နံပတ်တို့ ဘာတို့ ပေးပြီးတော့ အမေ က ဘယ်လောက်လဲ ဆိုတော့ ထီ ၂ စောင်တွဲလေးကို ၆၀၀ ပါတဲ့။ အမေ က ဈေးဆစ်တော့ ၅၀၀ ထားပါလို့ ပြောတော့ မ၇ပါဘူးတဲ့။ အမေက ပေးလိုက်ပါတယ် ပြီးတော့ ကျွန်တော်ကို မေးပါတော့သည်။ နင်ပြောတော့ ထီတစောင် ၂၀၀ ရာ ကျပ်ဆို အခုဘယ်လိုဖြစ်တာလဲ ? တဲ့။ ကျွန်တော် လဲ မပြောပြတော့ဘူး အမေ ။ ကျွန်တော် ဂျာနယ်တွေ မှာရေးထားတာကတော့ ထီတစ်စောင် ၂၀၀ ကျပ်တဲ့ အမေ။ နိုင်ငံတော်က လဲ ထီတစောင် ၂၀၀ ကျပ်ပါအမေ။ ဒီလိုမျိုးကတော့ ကျွန်တော်လဲ မပြောတတ်တော့ပါဘူးအမေ။ ကျွန်တော် လဲ အမေ နဲ့အတူ စီးတော်ပျံလေးအသစ်ကို ဝယ်ပြီး အိမ်ရောက်တော့ ကျွန်တော် စဉ်းစားပါတော့သည်။ ကျွန်တော် ဂျာနယ်တွေ ထဲမှာ တွေ့တွေ့နေပါတယ် ထီထိုးကြပါလို့ ဆရာတွေ ကပြောနေပါတယ်။
အခြေခံလူတန်းစားတွေ အပါအဝင် အားလုံးသော လူတွေက ထီထိုးချင်ကြပါတယ်။ ဒါပေမယ့် နိုင်ငံတော် က သတ်မှတ်ထားတဲ့ ထီဈေးက ၁ စောင် ကို ၂၀၀ ပါ ။ အပြင်မှာ ထီဈေးတွေက နိုင်ငံတော်က ချပေးတဲ့ ထီဈေးထက် ဈေးတွေက ကွာဟနေပါတယ်။ ထီ တစ်ဆိုင်နဲ့ တစ်ဆိုင် မတူသလို ၊ ထီ ၁ စောင် ရောင်းဈေးတွေ ကလဲ မတူပါဘူးခင်ဗျာ။ တချို့ က တစ်စောင် ၂၅၀ ကျပ်နဲ့ ရောင်းသလို ၊ တချို့ က လဲ ထီတစ်စောင် ၃၅၀ အထိ ရောင်းတာတွေ လဲ ၇ှိနေပါတယ်။ ကျွန်တော်တို့လို ၂ စောင်တွဲတွေ ဝယ်တဲ့လူတွေ အတွက်တော့ မဆိုလိုပါဘူး။ ၁၀ စောင်တွဲတို့ ၊ မင်္ဂလာစုံတွဲတို့ ထိုးတဲ့ လူတွေ အတွက်တော်တော်လေးကို ဆိုးပါတယ်။ အရင်းအတိုင်းရောင်းမယ်ဆိုပါက ၁၀ စောင်တွဲ ဈေးနှုန်းမှာ ၂၀၀၀ သာရှိမှာ ဖြစ်ပါတယ်။အခု ၁၀ စောင်တွဲ ဈေးနှုန်းတွေ မှာ ၆ ထောင် ကနေ ၇ ထောင် ကြားရှိနေကြပါတယ်။ အထူးမင်္ဂလာစုံတွဲတွေ ဆိုပိုဆိုးပါတယ်။ အရင်းအတိုင်းထက် နဲနဲလေးပိုယူမယ်ဆိုရင်လဲ ယူပါ မယူပါနဲ့လို့ မပြောလိုပါဘူး။ လူအချင်းချင်းပဲ နဲနဲလေးတော့ စာနာထောက်ထားသင့်ပါတယ်။ ဆိုကြပါစို့ဗျာ… အထူးမင်္ဂလာစုံတွဲ ဈေးက ၁ သောင်း အထက် ပဲ ဆိုပါစို့ဗျာ။ အခြေခံလူတန်းစားတွေ အနေနဲ့ ဘယ်လိုမှ မတတ်နိုင်ဘူး ခင်မျာ။ မင်္ဂလာစုံတွဲ ဈေးကလဲ ၁ သောင်းနီးနီး ၊ ၁၀ စောင်တွဲ တွေ ကလဲ ၆ ထောင် နဲ့ ၇ ထောင် ဝန်းကျင်ဆိုတော့ အခြေခံလူတန်းစားတွေ အနေနဲ့ ဘယ်လိုမှ တတ်နိုင်မှာမဟုတ်ပါဘူးခင်မျာ။ ဒါကို နားလည်စွာနဲ့ နိုင်ငံတော် အစိုးရက ထီတစ်စောင် ၂၀၀ ကျပ်လို့ ဈေးနှုန်းသတ်မှတ်ထားပေမယ့် အမြတ်ကြီးစားကြသော ထီဆိုင်အချို့မှာ မူရင်းဈေးထက် ပိုပြီး ရောင်းနေတာကို တွေ့နေရပါတယ်ခင်မျာ။ အခုလို နိုင်ငံတော်ကြီးကို အဖက်ဖက်က တိုးတက်အောင် လုပ်ဆောင်နေချိန်မှာ ဒီလို ဖြစ်နေတာတွေဟာ တကယ်တော့ မဖြစ်သင့်တဲ့ဟာတွေပါ။ ပြည်သူလူထု အနေ နဲ့လဲ ထီဆိုင်တွေမှာ ထီထိုးရင် မူရင်းဈေးနဲ့ ရောင်းစေချင်ပါတယ်။ ဒါမှလဲ ထီဝါသနာအိုးတွေ အတွက် သက်သာမှာဖြစ်ပါတယ်။ ခေတ်အဆက်ဆက် ပြောင်းလဲ လာတဲ့ ထီလောက ကြီးမှာ ထီဈေး က ၂ ကျပ် က စလို့  အခု ၁ သောင်း ကျော်အထိ ဖြစ်နေတာကို တွေ့နေရပါတယ်။ ဂျာနယ်တွေ ကလဲ ထီ တစ်စောင် ၂၀၀ ဖြစ်ပြီဟုပြောနေပါပြီး။ အချို့စာရေးဆ၇ာကြီးတွေ တောင် ထီထိုးကြပါလို့ တိုက်တွန်းနေတာကိုတွေ့နေရပါတယ်။ ဒါကြောင့် ထီရောင်းသူများအနေ နဲ့ မူရင်းဈေးနဲ့ ရောင်းချနိုင်မယ်ဆိုပါက ရောင်းချပေးစေချင်ပါတယ်။ ပိုမိုတောင်းခံခြင်းကို အတိုင်းထက်အလွန်မလုပ်မိစေဖို့ ထီမြတ်နိုးသူတယောက်နေနဲ့ တိုက်တွန်းလိုက်ရပါတော့သည်။
ပျော်ဘွယ်သားလေး
ဝါဒသစ်ကို ဖြန့်ဝေခြင်း
မြန်မာနိုင်ငံရေးအပြောင်းအလဲများကို ယုံကြည်စွာလက်ခံလိုက်ပါ၏။ မည်သို့ဆိုစေ ပြောင်းလဲခြင်း သည်အစဉ်ရှိနေသည်ဖြစ်၍ မပြောင်းမဖြစ်ပြောင်းလဲလာသော နိုင်ငံရေးစနစ်အောက်တွင် တရိုင်းသူ ပြည်သားတို့သည် အမျိုးမျိုးအဖုံဖုံသုံးသပ်ကြမည်ပင်ဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲကာလ လုပ်ပွဲစကားခဲ့သော နိုင်ငံရေးအခင်းအကျင်းအောက်တွင်ပင် နိုင်ငံရေးလောကထဲတွင် တရားဝင် တွစ် ကစားလို့ရနိုင်ရန် ရည်ရွယ်၍ ရွေးကောက်ပွဲဝင်ခဲ့ကြသော ပါတီးများရှိနေသည်ကိုလည်း တွေ့ရသည်။ လှည့်နိုင်သမျှလှည့်နိုင်ရန် အော်နိုင်သမျှအော်နိုင်ရန် ရည်ရွယ်ရင်းဖြင့် နိုင်ငံရေး အဓိက နေရာအဓိကမကျသော နိုင်ငံရေးကို ၀င်ရောက်လုပ်ကိုင်လာကြသည်။ မည်မျှပင် တင်းကြပ်စေကာမူ ဘောင်အတွင်းမှ လှည့်နိုင်သမျှလှည့်မည်ဟူသော ရည်ရွယ်ရင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် နိုင်ငံရေးအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များ၏ အခန်းကဏ္ဍကိုမှေးမှိန်လာစေ ရန် အစိုးရမှ တစ်ဖက်လှည့် ဆောင်ရွက်သည်များလည်း ရှိလာသည်။
မြန်မာပြည်သူလူထုကြီးထံမှ ကြားရသော မှတ်ချက်မှာ ဘာမှမလုပ်နိုင်သည့်အတူတူ လုပ်ပေးသ မျှကောင်းတာလေးတွေအပေါ် ရောင့်ရဲကျေနပ်ရမည်ဟူသော မှတ်ချက်ပင်ဖြစ်သည်။ ထို့အတွက်ပင် ကျေးဇူးတင်မဆုံးရှိ၍ နှစ်ပေါင်းများစွာက နှိပ်စက်ကလူမှုများဖြင့် ဖိနှိပ်ခဲ့သည့် အချိန်များထက်စာလျှင် ကောင်းစွ။ တော်စွ ဟု ချီးမွမ်းထောပနာပြုနေကြသည်။ နိုင်ငံရေးတွင် လုပ်ချင်သလောက် လုပ်နိုင်သလောက်လုပ်နိုင်မည် မဟုတ်သည်ကို နိုင်ငံရေးသမားများကလည်း သိသည်။ ပြည်သူများကလည်း သိသည်။ ဒီမိုကရေစီဟု ဆိုကာ ကြံ့ဖွံ့ပါတီမှ ဗိုလ်ချုပ်လူဝတ်လဲ များဖြင့် အစိုးရအာဏာကို ဆက်လက်ဆုပ်ကိုင်လာခြင်းအပေါ် တွင်လည်း သဘောကျလှသည်မဟုတ်ဘဲ လုပ်သမျှခံနေရခြင်းပင် ဖြစ်ကြောင်း ထပ်လောင်းပြောဆိုနိုင်ပါသည်။ ဒီမိုကရေစီ အစိုးရသစ်ဟု ဖြစ်လာပြီး အကျဉ်းသားများ လွှတ်ပေးခြင်း ၊ အတိုက်အခံခေါင်းဆောင် ဒေါ်စုနှင့်ဆွေးနွေးတိုင်ပင်မှုများလည်း ပြုလုပ်ဆောင် ရွက်လာခဲ့သည်။ သို့သော် ပြည်သူပြည်သားတို့သည် ဒေါ်စုနှင့် အစိုးရတွေ့ဆုံမှုများမှ ဆွေးနွေးချက်များကို အစိုးရဘက်မှ မထုတ်ပြန်သကဲ့သို့ ဒေါ်စုဘက်မှလည်း ထုတ်ပြန်ခြင်း မရှိပေ။ အကြိမ်ကြိမ် တွေ့ဆုံမှုများပြုလုပ်ပြီးနောက် ဒေါ်စုသစ် NLD ပါတီကို အသစ်ပြန်လည် ဖွဲ့စည်း၍ ရွေးကောက်ပွဲဝင်ဖြစ်သွားလေသည်။ ယခုမူ နယ်လှည့်စည်းရုံးရေးလုပ်ငန်းစဉ်များကို တွင်တွင်ကျယ်ကျယ်ဆောင်ရွက်လာပြီး လွှတ်တော်အတွင်းရောက်ရှိရေး ဆောင်ရွက်လာကြပြီ။
ဒေါ်စုနှင့် အစိုးရတွေ့ဆုံမှုများမှ ၈၈ ကျောင်းသားခေါင်းဆောင်များလွတ်မြောက်လာခြင်းအပေါ် အပေးအယူတစ်ခုဟုရှုမြင်သုံးသပ်နိုင်ပါပေသည်။ မည်သို့အပေးအယူလုပ်သည်ကိုမူ အတိအကျ မသိနိုင်ပေ။ ဒေါ်စုနှင့် NLD အတွက် ရပ်တည်ပေးခဲ့၍ အသက်ပေါင်း မြောက်များစွာကိုပင် စတေးခဲ့သော ကျောင်းသားခေါင်းဆောင်များသည် အဖြူရောင် နိုင်ငံရေးသမားဟု မြင်ပါသည်။ သို့သော် နိုင်ငံတော် အာဏာကိုရယူထားသူများနှင့် အကြီးပိုင်း ပုဂ္ဂိုလ်များကိုမူ နိုင်ငံရေး ပရိယာယ်ကြွယ်ဝသော ပုဂ္ဂိုလ်ကြီးများအဖြစ်ရှုမြင်သုံးသပ်ပါသည်။ အာဏာရအဖွဲ့အစည်းတွင် တိုင်းပြည်ပေါ်မှ အမြတ်ထုတ်ခဲ့ကြသော နိုင်ငံရေးခုတုံးလုပ် အကျိုးရှာသူများ အမြောက်အမြား ရှိသည်ကို တိုင်းသူပြည်သားအားလုံးက သိသည်။ သိပင်သိညား အသေးအဖွဲ ၀န်ထမ်းများ လာဘ်စားသည်လောက်ကိုသာ ပြည်သူများ သိရှိနိုင်ပြီး လွှတ်တော် အကြီးအကဲနေရာရယူထား သူများနှင့် လွှတ်တော်အမတ် ဦးခင်ရွှေနှင့် ခရိုနီစီးပွားရေးသမားများ မည်သို့ မည်ပုံတိုင်းပြည် အပေါ်မှ အမြတ်ထုတ် ထားကြသည်ကိုမူ ပြည့်ပြည့်စုံစုံမသိနိုင်။ ထိုသူများ တိုင်းပြည်ပေါ်မှ အမြတ်ထုတ်ခဲ့ကြသည်မှာ စစ်အစိုးရလက်ထက် ၊ ထို့နောက် ယခုထက်တိုင် နည်းအမျိုးမျိုးဖြင့် သွယ်ဝိုက် လိမ်ညာနေသည်များကိုလည်း ကြုံတွေ့နေရဆဲဖြစ်သည်။
ပြည်သူပြည်သားများသည် ယနေ့ပြောင်းလဲလာသောအခြေအနေနှင့်လိုက်ရောညီထွေ ပြောသင့်သည့်အခန်းကဏ္ဍတို့တွင် ငြိမ်ခံမနေကြတော့ ပြောဆိုလာကြသည်ကိုလည်း တွေ့ရှိ ရမည်ဖြစ်ပါသည်။ သို့သော်ကား ထိရောက်မှုနည်း၍ ပြည်သူတို့ မျှော်လင့်သလောက် ဖြစ်မလာ သောအပြောင်းအလဲ အပေါ်တွင် သုံးသပ်လိုပါသည်။ အပြောင်းအလဲကို လက်ခံသည်ဆိုသော တစ်နည်းအားဖြင့် ဖော်ဆောင်နေသော အစိုးရသည် ပြည်သူ့အသံ ပြည်သူလိုလား ချက်များကို မည်သည့်အတွက်ကြောင့် အဆုံးစွန် မဖော်ဆောင်နိုင်သနည်း။ ဦးသိန်စိန်အစိုးရ၏ နားထင်ကို သေနတ်ထောက်ထားဆဲဖြစ်နိုင်၏။ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် ပူးပေါင်းလက်တွဲ သွားမည်ကို တခြား စစ်အသိုင်းအ၀ိုင်းမှ လူဝတ်လဲများက စောင့်ကြည့်နေလိမ့်မည်ဟု သုံးသပ်သည်များလည်း ရှိသည်။ နိုင်ငံတကာစံချိန်များနှင့် တိုင်းတာ၍ ကြည့်လျှင် ပြောင်းလဲ လာသည်ကား မှန်၏ ဟုထားသော် ပြည်သူ့အကျိုးပြု လုပ်ငန်းများဖြစ်သည့် ဥပမာ(၁) လက်ကိုင်ဖုန်းများ ၅၀၀၀ ကျပ်ဖြင့်အသုံးပြုနိုင်ရေး။ တိုင်းရင်းသား လက်နက်ကိုင်များဖြင့် ငြိမ်းချမ်းရေးစကားဆိုရာတွင် နှောင့်နှေးကြန့်ကြာခြင်း။ ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲ မှုများကို အချိန်မီဆောင်ရွက်နိုင်ခြင်း မရှိခြင်း။ စသည် စသည့်မြောက်များလှစွာသော အစိုးရနှင့် ပြည်သူအကြား ကွာဟချက်များစွာကို တွေ့မြင်နိုင်၏။ နိုင်ငံရေးဆိုသည်ကား လှည့်ကွက်များ၏။ လက်နက်ကိုင်စစ်တပ်နှင့် တခြားအဖွဲ့အစည်း အသီးသီးကိုလည်း ကြောက်ရ၏။ သို့ဖြစ်၍ စောင့်စားလာခဲ့ရသော နိုင်ငံရေးအပြောင်းအလဲများတွင်မည်သို့ မည်ပုံပြောင်းလဲလာသည် ဖြစ်စေကာမူ တစ်ဖက်လှည့် ကိုယ်ကျိုးရှာ ဆောင်ရွက်မှုများ ပျေက်ပျက်သွားလိမ့်မည် မဟုတ်။ တစ်နည်းမဟုတ် တစ်နည်း အာဏာကို လက်ကိုင်ထား၍ နိုင်ငံတော်အပေါ်မှာ အမြတ်ထုတ် ရှာစားခဲ့ဖူးသည်များ အစဉ်အဆက်ရှိခဲ့၍ မည်သို့သော အချိန်တွင်မှ ကျွန်တော်တို့မျှော်လင့်တောင့်တသည့် အဆင့်သို့ရောက်ရှိလာမည်ဟု မယုံကြည်။
တိုင်းပြည်အပေါ်မှ အမြတ်ထုတ် ကိုယ်ကျိုးရှာခြင်းမရှိသေးသော အဖြူရောင် နိုင်ငံရေးသမားများ အာဏာရလာတော့မှသာလျှင် ပြောင်းလဲမှု အစစ်အမှန်များ ပေါ်ထွက် လာမည်ဖြစ်သည်ဟု ယုံကြည်သော ကြောင်း အဖြူရောင် နိုင်ငံရေးသမားများ အာဏာရရှိ လာရေးကိုသာ မျှော်လင့်မိသည်။
ကျွန်တော်သာ သမ္မတဖြစ်လျှင်
Naung Taw Lay
ဓား ...ဓားချင်း၊ တုတ် . . . တုတ်ချင်း၊ ဘယ်မလဲ သေနက်
သမိုင်းထဲက စာမျက်နှာတွေကို ပြန်လှန်ဖတ်မိတော့ အားတက်ဖို့ကောင်းလိုက်တာ။ ဗိုလ်အောင်ကျော် တိုက်ပွဲ မှာကျဆုံးတော့ အမေဖြစ်သူက အော်..အော်ပြီး ငိုသတဲ့။ ငိုနေရင်းနဲ့ပဲ မှတ်လောက်သားလောက် စကားလေး ကိုပြောသွားသေးတယ်။ “ အောင်ကျော်ရေ မင်းသေတာကို အမေ၀မ်းနည်းလို့ ငိုတာမဟုတ်ဘူး။ မင်းလိုသားမျိုး အမေနောက်ထပ်မမွေးနိုင်တော့မှာကို ၀မ်းနည်းလို့ ငိုတာပါ ” တဲ့။ ဒီခေတ်မှာ အဲဒီလိုအမေမျိုး ရှာလို့တွေ့ နိုင်သေးလား။ ကြားဖူးတဲ့ စကားပုံတစ်ခုက တော်လေးဝ ၀င်တဲ့ အမျိုးသမီးက “အမရာ၊ ကိန္နရီ၊မဒီ၊သမ္ဗူလ” ဆိုတဲ့ လေးယောက်ပဲရှိတယ်။ အဲဒီနောက်မိန်းမတွေ ဘယ်မိန်းမမှ တော်လေးဝ ၀င် မဟုတ်တော့ဘူးတဲ့။ ကျွန်တော်အမေ အပါအ၀င်ပေါ့ဗျာ။ ဗိုလ်အောင်ကျော်ရဲ့ အမေမျိုးကလည်း အဲဒီ တစ်ယောက်ပဲ ရှိတယ်လို့ တော့ မဖြစ်ပါစေနဲ့။
လူကတော့စကားထဲ ထည့်ပြောလို့မရပါဘူး။ အရည်အချင်းမှ မပြည့်ဝသေးတာပဲ။ ဒါပေမယ့် စိတ်ဓာတ်လေး ကတော့ နိုင်ငံရေးယောင်ယောင် ဘာယောင်ယောင် ညာယောင်ယောင် ပေါ့ဗျာ။ ငယ်စဉ်ကတည်းက နိုင် ငံရေး စကားတွေကြားခဲ့ဖူးလို့ နိုင်ငံရေးစိတ်ဓာတ်လေးတော့ ကိန်းအောင်းနေလေရဲ့။မဲမဲမြင်ရင် ဘာဖြစ်ပြီလဲ။ ဘယ်သူစိတ်ဝင်စားစား မစားစား ကိုယ်ကတော့ စိတ်ဝင်တစားရှိတယ်။ နိဒါန်းကို ပြန်ဆက်ရရင် ကျွန်တော် တို့ ခေတ်လူငယ်တွေ ဆင်ခြင်တုံတရား သိပ်ကြီးမားတယ်။ ဘာကြောင့်လဲ ပြန်ထောက်ကြည့်လိုက်တော့ သွားလေသူတို့ရဲ့အဖြစ်တွေက အမြတ်မရ၊ သဂြိုင်းကြွခဲ့ရတဲ့ အဖြစ်တွေက များသကိုးဗျ။ ကြားလိုက်တာနဲ့ ကြက်သီးထစရာတွေ။
အဲဒီတော့ မိဘတွေကလည်း ကိုယ့်သား ကိုယ့်သမီးလေးတွေအပေါ်စိုးရိမ်စိတ်ကြီးတယ်။ ဆုံးမတာကိုက “ရုတ်ရုတ် ရုတ်ရုတ်ထဲ ၀င်မပါနဲ့။ နင်တို့လုပ်လဲ ဘာမှမထူးဘူး။ မိသားစုတွေ ဒုက္ခရောက်တာပဲရှိတယ်။” ဆိုပြီး ဟို့လူ့အဖြစ်၊ ဒီလူ့အဖြစ် (ဥပမာ - ဇာဂနာ၊ ကိုမင်းကိုနိုင်) အစရှိတဲ့ ရစရာမရှိ ဆင်းရဲဒုက္ခခံနေကြရတဲ့ အဖြစ် တွေနဲ့ သာဓကပြပြီး ပြောဆိုဆုံးမလေတော့ ကျွန်တော်အပါအ၀င် နိုင်ငံရေးကို ကြောက်နေကြတဲ့ လူငယ်တွေက များလှသပေါ့။ တစ်ခါတလေ နိုင်ငံရေး လုပ်ရပ်တွေကိုကြားသိရပြီး “ သဘောမတူနိုင်၊ ကန့် ကွက်တယ်” စသဖြင့် စသဖြင့် ပေါ့ဗျာ။ ပြောကြတယ်။ စိတ်ထဲမှာပဲ ပြောတယ်။ ကိုယ့်ခံစားချက် ကိုယ့်အမြင် ကို ရဲရဲတင်းတင်း မဖွင့်ဟရဲဘူးလေဗျာ။ လူတစ်ရာကို အမှန်အတိုင်းပြောပါဆိုပြီး စစ်တမ်းကောက်ကြည့် စမ်း ပါ။ လက်ရှိအစိုးရကို ၈၀ ရာခိုင်နှုန်းလောက်သောပြည်သူတွေက ကန့်ကွက်ကြလိမ့်မယ်။ ဒါပေမယ့် စောင့် ကြည့်သေးတာပေါ့ ဆိုတဲ့ စကားလေးနဲ့ပဲ အဖမ်းခံရမှာကြောက်တော့ ငြိမ်နေကြတယ်လေ။
ယောက်ျားတော့ ယောက်ျားပဲဗျ။ ဘာနဲ့ အလားသဏ္ဍာန်တူသလဲဆိုရင် “ ကျား ... ကျား ... ဘာကျား လဲမေးတော့မှ စက္ကူကျား ဖြစ်နေတယ်။” ဘယ်မှာ အစွမ်းရှိမှာလဲ။ အတိတ်သမိုင်းမှာတော့ မြန်မာ လူယ်တွေ ဟာ အင်္ဂလိပ်ကိုတော်လှန်၊ ဂျပန်ကိုကာပြန် ရရာလက်နက်နဲ့ နိုင်ငံတော် အတွက် ရွပ်ရွပ်ချွန်ချွန် တော်လှန် ခဲ့ကြတယ်။ တစ်ချိန်က ရွှေထီးဆောင်းခဲ့တာတွေကိုတော့ ကျွန်တော်တို့တွေ အခွင့်သင့်တိုင်း စားမြုံပြန်တတ် ကြပါတယ်။ တစ်ခါက ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ ဂျပန်တော်လှန်ရေးမှာ ပါဝင်ခဲ့ဖူးတဲ့ တပ်မတော် သားဟောင်းကြီး တစ်ယောက်က သူ့အနေနဲ့ ဗိုလ်ချုပ်ကို ဘယ်လောက်လေးစားသလဲဆိုရင် “ဖြစ်နိုင်ရင် အနန္တောအနန္တ ငါးပါးကို တစ်ပါးတိုးပြီး ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အနန္တော အနန္တ ခြောက်ပါး လုပ်ပစ်လိုက်ချင်တယ်” တဲ့။ ဗိုလ်ချုပ်ကလွဲပြီး ဘယ်သူ့မလဲ မလေးစားဘူး။ ဘယ်ကောင်မှ လဲ မကြောက်ဖူး တဲ့ ဗျာ။
ကျွန်တော်တို့ခေတ်က ဗိုလ်ချုပ်တို့ ခေတ်မှ မဟုတ်တော့တာဗျာ။ ဗိုလ်ချုပ်တို့လောက်မစွမ်းသလို ဗိုလ်ချုပ်တို့ လိုလဲ လုပ်ဖို့တော့ မလိုတော့ပါဘူး။ ဒါပေမယ့် သမိုင်းတစ်ခေတ်ရဲ့ သားကောင်းရတနာတွေတော့ ဖြစ်ချင် ကြ ပေမယ်ပေါ့။ ကျွန်တော်လဲ ယောက်ျားထဲက ယောက်ျားတစ်ယောက်ပါပဲ။ အဲဒီတော့ ယောက်ျားစ ကားလေး နည်းနည်းပြောကြည့်ချင်တယ်။
“ငါ ယောက်ျားကွ၊ လက် . . .လက်ချင်း ခံရင်ခံရပစေ၊ ချမယ်။ တုတ် ... တုတ်ချင်းပေါ့။ ဓား ... ဓားချင်းဆိုလဲ ငါတို့ ကိုင်တဲ့ ဓနိခုတ်ဓားက ဘရိတ်ဓားထက် မြတယ်။ ယှဉ်ခုတ်ရဲပါတယ်။ ဟော ... ဟော လာနေပြီ သေနတ် တွေနဲ့ လဲဆိုရော .... ကျွန်တော်အပါဝင် သူငယ်ချင်းတစ်စု ပြေးလိုက်တာ အသံထက် မြန်တဲ့ လေယာဉ်ပျံတောင် ကျွန်တော်တို့ကို မှီမှာ မဟုတ်ဘူးနဲ့ ထင်တယ်။ အဲဒီလို ... အဲဒီလို ဖြစ်နေကြတာ။
ကြားထဲက ငထွားခါးနာမှာ ကြောက်လို့ နိုင်ငံရေးဆိုတာကြီးထဲကို ထဲထဲဝင်ဝင် မတိုးရဲကြတာပါ။
အမှန်တော့ ကြောက်စရာအဖြစ်တွေးနေကြတဲ့အတွက် နိုင်ငံရေးဆိုတာကြီးက ကြောက်စရာကောင်းနေတာ ပါ။ ကိုယ့်ရဲ့ ထင်မြင်ယူဆချက်ဟာ မှားချင်မှားမယ်။ မှန်ချင်လည်း မှန်မယ်။ ပွင့်ပွင့်လင်းလင်း ချပြရဲတဲ့ သတ္တိ ဟာဒီမိုကရေစီ နိုင်ငံသားကောင်း တစ်ယောက်ရဲ့ စိတ်ဓာတ်လို့ပဲ ယူဆမိပါတယ်။။ ။ ။
မောင်ဗိုလ်ကလေး