ပညာရှိ ဖြစ်ချင်သူ


တစ်ခါတုန်းက ဂရိပြည် အေသင်မြို့မှာ ဥာဏ်ပညာအမြော်အမြင် အလွန်ကြီးမားချင်တဲ့ လူငယ်တစ်ယောက် ရှိတယ် ။ 
ဒီလူငယ်က သူ့မြို့မှာ ပညာဥာဏ်အကြီးမားဆုံးလို့ ကျော်ကြားတဲ့ အတွေးအခေါ်ပညာရှိဆော့ခရတ္တိထံမှာ အကြံဥာဏ် သွားတောင်းတယ် ။ ပညာရှိဖြစ်အောင် ဘယ်လိုလုပ်ရပါ့မလဲပေါ့ ။
ဆော့ခရတ္တိက ဒဿနစကားဝိုင်း များမှာ ထက်ထက်သန်သန် ဆွေးနွေးဝေဖန်တတ်မယ့် သာမာန်အားဖြင့် တော့ နှုတ်ဆိတ်သူတစ်ဦး ဖြစ်တယ် ။ လူငယ်ကမေးတဲ့ အခါ သူဘာမှ ပြန်မပြောဘဲ ပင်လယ်ကမ်းခြေကို ခေါ်သွားတယ် ။ သူကတစ်ခါတစ်လေ တချို့ကိစ္စတွေကို နှုတ်နဲ့ပြောတာထက် ပိုထိရောက်တဲ့ လက်တွေ့ နည်းလမ်းများနဲ့ ထူးထူးခြားခြား ပြသလေ့ရှိတယ် ။
ပင်လယ်ကမ်းစပ်ရောက်တော့ အ၀တ်အစားတွေ မချွတ်ဘဲ ရေထဲတန်းဆင်းသွားတယ် ။ လူငယ်ကိုပါ သူ့နောက် လိုက်ခဲ့ဖို့ခေါ်တော့ လူငယ်လည်းတွန့်ဆုတ်တွန့်ဆုတ်နဲ့ ပါသွားတာပေါ့ ။ ရေက မေးစေ့နားလောက်ထိရောက်တဲ့ အခါ ဆော့ခရတ္တိက လူငယ်ကို စေ့စေ့ကြည့်ပြီး ပခုံးနှစ်ဖက်ကို လက်နဲ့ ကိုင်တယ်။ အဲ့ဒီနောက် ရုတ်တရက် အားနဲ့ဆွဲပြီး လူငယ်ကို ရေထဲခေါင်းမြုပ်အေင် ဖိနှိပ်တယ် ။
အောက်မှာ ရေမွန်းလို့ လူငယ်က တအားရုန်းတယ် ။ ဆော့ခရတ္တိက မလွှတ်ဘူး ။ အတော်ကြီးမွန်းလောက် ပြီ သည့်ထက်ဆက်နှစ်ထားရင် သေတော့မယ်ဆိုတဲ့ အချိန်လောက်မှ ပြန်လွှတ်ပေးလိုက်တယ် ။ လူငယ်လည်း အဲ့သည်တော့မှ ၀ရုန်းသုန်းကားနဲ့ ခေါင်းဖော်လာ၊ အသက်လုရှူ ၊ ဆားငန်ရေတွေ ပါးစပ်ထဲဝင်ပြီး သီးနဲ့ အတော်ဒုက္ခများသွားတယ် ။ ပြီးတောမှ သည်ဆရာ ငါ့ကိုသေကြောင်းကြံတယ်ဆိုပြီး ရန်လုပ်မလို့ ဆော့ ခရတ္တိကို ခမူးရှူးထိုး လိုက်ရှာတယ် ။
ဒီအချိန် ဆရာကြီးက ကမ်းပေါ်ရောက်နေပြီ။
ကမ်းစပ်ရောက်ပြီး ဒေါသတကြီးနဲ့ “ ခင်ဗျား ကျွန်တော့်ကို ဘာအတွက်ရေနှစ်သတ်တာလဲ ” မေးတဲ့အခါ ၊ ဆရာကြီးက အဖြေမပေး သူ့ကိုပဲ ပြန်မေးတယ် ။
“ ဒီမှာ သူငယ် မင်းရေအောက်မှာ မွန်းပြီး အသက်သေရတော့မလို ဖြစ်နေတဲ့အချိန်တုန်းက မင်းဘ၀မှာ ဘယ်အရာကို အလိုချင်ဆုံး ဖြစ်ခဲ့သလဲ ” တဲ့ ။
လူငယ်လည်း ရုတ်တရက် ဘာကစ စဉ်းစားရမှန်း မသိဘူး ။ နောက်တော့မှ အဖြေက အလိုလျှောက် ရောက်လာတယ် ။“ကျွန်တော်လေကို လိုချင်တာပေါ့ ၊ အဲဒီအချိန်မှာ အသက်ရှူရဖို့ဟာ ကျွန်တော်အတွက် အရေးကြီးဆုံးပဲ ”
အဲဒီတော့မှ ဆော့ခရတ္တိက အားရပါးရ ပြုံးပြီး “ အေး ၊ ဟုတ်ပြီကွ ၊ မင်းရေအောက်မှာတုန်းက အရေးတကြီး အသည်းအသန် အသက်ရှူချင်ခဲ့သလို ပညာဗဟုသုတကိုလဲ အဲသလို သဲသဲမဲမဲ အလိုရှိခဲ့မယ်ဆိုရင် တစ်နေ့ သောအခါ ပညာရှိမုချ ဖြစ်လိမ့်မယ် ၊ ” လို့ဆိုလိုက်တယ် ။
မူရင်း  ။   ။ Eric Saperston ၏ Socrates
ဆရာ ဖေမြင့် ၏ နှလုံးသား အဟာရ

သတ်ပုံပြိုင်ပွဲ

လိမ်လည်ပြီး အောင်မြင်ခြင်းထက်

သိက္ခာရှိရှိ ရှုံးနိမ့်ရခြင်းက

သာ၍ မြတ်၏ ။
 ( ဆောဖောကလိ(စ်) )
ဝါရှင်တန်တွင် နိုင်ငံလုံးဆိုင်ရာ စာလုံးပေါင်းသတ်ပုံပြိုင်ပွဲ စတုတ္ထပွဲစဉ်ကျင်းပသည့်အခါ တောင်ကာရို လိုင်းနားပြည်နယ်မှ လက်ရွေးစင်တစ်ဦးဖြစ်သူ ရိုဇလီ အဲလီယတ် အား avowal( ၀န်ခံခြင်း အတိအလင်း ဖွင့်ဟပြောဆိုခြင်း) ဆိုသည့်စကားလုံးကို စာလုံးပေါင်းခိုင်းသည်။ရိုဇလီ တောင်ပိုင်းသံဝဲ၀ဲနှင့် ပြောလိုက်သည့် စာလုံးပေါင်းကို ဒိုင်လူကြီးတွေမသဲကွဲကြ။ l ရှေ့ စာလုံးကို a နှင့်ပေါင်းသွားသလား e နှင့် ပေါင်းသွားသလား မဝေခွဲနိုင်ကြ။အသံဖမ်းတိပ်ခွေကိုပြန်ဖွင့်ပြီး အကြိမ်ကြိမ်နားထောင်သည် ။ မိနစ်အတော်ကြာသည့်တိုင် ဘယ်လိုမှ ဆုံးဖြတ်မရနိုင်။


နောက်ဆုံး၌ ဒိုင်ချုပ်ဖြစ်သူက ဂျွန်လွိုက်က ကိစ္စနှင့်ပတ်သတ်၍ အမှန်ကို သိနိုင်သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သူ ရိုဇလီထံမှပင် အဖြေတောင်း ရတော့သည် ။ “ L ရှေ့က စာလုံးကို a လို့ပြောလိုက်သလား e လို့ ပြောလိုက်သလား ” ဟု သူကမေးသည်။
ရိုဇလီမှာ သူမအနီးတွင် ပြိုင်ပွဲဝင် စာလုံးပေါင်း သမားလေးတွေ ၀ိုင်းရံနေသည် ဖြစ်ရာ အဲသည်လောက် ကြာသွားပြီးသည့် အချိန်မှာတော့ တီးတိုးစကားသံများကြောင့် စာလုံးပေါင်းသတ်ပုံမှန်ကို သိနေပြီဖြစ်သည်။ သူကမဆိုင်းမတွပင် နေရာမှထလာပြီး သူစာလုံးပေါင်းမှားသွားကြောင်း e ဟုပြောလိုက်မိကြောင်း အနှောင့် အနှေးကင်းစွာဖြေလိုက်သည်။
ရိုဇလီ စင်ပေါ်က ဆင်းလာသည့်အခါ၌ အဲသည်နေ့က ပြိုင်ပွဲသတင်း လာယူသည့် သတင်းထောက် တစ်ဒါစင်
ခန့်အပါအ၀င် ပရိတ်သတ် အားလုံးပင် သူမ၏ ရိုးဖြောင့်တည်ကြည်မှု့ကို လေးစားနှစ်သက်သော သ ဘောဖြင့် မတ်တပ်ရပ်ကာ လက်ခုပ်သြဘာပေးကြလေသည်။
အဲသည်နေ့ကပွဲတွင် ရိုဇလီ ဗိုလ်မစွဲခဲ့ပါ ။ သို့သော် အောင်နိုင်သူတစ်ဦး ဖြစ်ခဲ့သည်ကား အမှန်ပင်။
[ မူရင်း ။ ။ God's Little Devotional Book For Students မှ Spelling Bee ]
ဆရာ ဖေမြင့် ၏ နှလုံးသား အဟာရ

ခွင့်လွှတ်ခြင်း သင်ခန်းစာ

ဓနထက်
သီလကို
ဦးစားပေးပါ ။
(အေမော့စ် လောရင့်(စ) )
၄၃ နှစ်လောက်ကြာပြီးသည့် နောက်မှာတော့ မာသန် သိကျွမ်းသူတစ်ဦးကို နာမည် မှတ်မိဖို့ မလွယ်တော့ပါ။ တကယ်လည်း ကျွန်တော်ငယ်စဉ်တုန်းက သတင်းစာပို့ခဲ့ဖူးသည့် အိမ်တစ်အိမ်မှ အမျိုးသမီးကြီး၏ နာမည်ကို ကျွန်တော်လုံးဝ မေ့သွားခဲ့ပါပြီ။
၁၉၄၅ ခုနှစ် ။ ၀စ္စကွန်ဆင် ပြည်နယ် မရင်နက်မြို့မှာ ။ ကျွန်တော်က ၁၂ နှစ်သားပဲ ရှိသေးသည်။သို့သော် အဲသည် အချိန်က ကျွန်တော့်အား သည်အမျိုးသမီးကြီး ပေးခဲ့သည့် သင်ခန်းစာတစ် ခုကိုကား မနေ့တစ်နေ့ကလို ပင်ပီပီပြင်ပြင် မှတ်မိနေဆံ ဖြစ်သည် ။ တစ်ပါးသူသို့ လက်ဆင့်ကမ်းမျှ ဝေချင်စရာ“ ခွင့် လွှတ်ခြင်း ” သင်ခန်းစာ တစ်ခု။
စနေနေ့ တစ်ညနေမှာ ကျွန်တော်နှင့် သူငယ်ချင်း တစ်ယောက် မဟုတ်တာ တစ်ခုလုပ်မိကြသည်။ အဲသည် အမျိုး သမီးကြီး၏ အိမ်ခေါင်မိုးပေါ်သို့ သူ့အိမ်နောက်ဘက် မမြင်ကွယ်ရာတစ်ခုမှ ကျောက်ခဲနှင့် ပစ်ကြခြင်းဖြစ်သည်။ ရည်ရွယ်ချက်က တစ်ခြားဘာမှ မဟုတ် အိမ်ခေါင်းမိုးဇောင်းမှ လိမ့ဆင်းကြလာသည့် ကျောက်ခဲဒုံးပျံတွေ ခေါင်မိုးအစွန်းမှ နေ၍ ခြံထဲသို့ အရှိနှ်နှင့် ထိုးကျသွားပုံမှာ ဥက္ကာခဲကြွေသည်နှင့် တူလှသည်ဟူ၍ကျွန်တော်တို့ သဘောကျကြခြင်းသာ ဖြစ်သည်။
တစ်ကြိမ်မှာတော့ အလွန်ချောမွတ်သည့် ကျောက်ခဲတစ်လုံး ကျွန်တော်တွေ့ရပြီး ယူပစ်လိုက်သည့်အခါ ကျောက်ခဲက လက်ထဲချောကာ ခေါင်းမိုးပေါ်မရောက်လဲ အမျိုးသမီးကြီး၏ အိမ်နောက်ဖေး ဆင်ဝင်မှ ပြတင်းပေါက်တစ်ခုကို တိုက်ရိုက်ထိမှန်သည်။ မှန်ကွဲသံကြားသည်နှင့် တစ်ပြိုင်နက် နှစ်ယောက်သား ကျွန်တော်တို့လွှတ်သည့် ဒုံးပျံထက် ပို၍ လျှင်မြန်သောနှုန်းဖြင့် ပြေးလာခဲ့ကြသည်။
အဲသည်ညမှာတော့ လက်သည်ပေါ်မှာ ကြောက်သောစိတ် ဖိစီးနေသဖြင့် မှန်ကွဲသည့်ကိစ္စကို အမျိုးသမီးကြီး
ဘက်မှ ကျွန်တော်လုံးဝမစဉ်းစားနိုင်ခဲ့ ။ သို့သော်နောက်ရက် အနည်းငယ်ကြာပြီး ကျွန်တော်တို့လုပ်မှန်း ဘယ်သူ
မှမသိဟုစိတ်အေးရပြီ ဆိုသည့် အခါ၌မူ ကျွန်တော်ကြောင့် အမျိုးသမီးကြီးမှာ ထိခိုက်နစ်နာရခြင်း အတွက်
အပြစ်ရှိသလို ခံစားလာရသည်။အမျိုးသမီးကြီးက နေ့စဉ်ကျွန်တော်သတင်းစာ ပို့တိုင်း အပြုံးနှင့်ပင် ဆီးကြိုသည်။ သို့သော် ကျွန်တော်မှာတော့ကြာလေ သူနှင့်တွေ့ ရလျှင် အနေရခတ်လေဖြစ်လာသည်။သို့နှင့် သတင်းစာပို့ခရသည့် ငွေလေးကို စုမည်ဟုကျွန်တော်ဆုံးဖြတ်လိုက်သည်။ သုံးပတ်ခန့်ကြာသည့်အခါ၌ ပြတင်းပေါက်ပြင်ဆင်ရန်လုံလောက်သည့် ပမာဏဟု ကျွန်တော်ယူဆသည့် ငွေခုနှစ်ဒေါ်လာ စုမိသည်။ သည်ငွေကို စာအိတ်ထဲတည့်ပြီး နောက် မှန်ကွဲသွားသည့်အတွက် ၀မ်းနည်းပါကြောင်း ၊ ယခုငွေ ခုနှစ်ဒေါ်လာဖြင့် ပြန်လည်ပြင်ဆင်၍ရနိုင်မည်ဟု မျှော်လင့်ပါကြောင်း စာတစ်ဆောင်ပါရေး၍ ထည့်သည်။
ထို့နောက် နေ၀င်ချိန်ရောက်အောင်စောင့်ကာ အမျိုးသမီးကြီးအိမ်နား ချဉ်းကပ်ပြီး လျှော်ကြေးပေးသည့် စာအျတ်ကိုသူ့အိမ်တံခါးက စာတိုက်ပုံးထဲ ထည့်သည်။
အဲသည်နောက်မှာ ကျွန်တော်ရင်ထဲ တအားပေါ့ပါးသွားသည်။ ကျွန်တော်စိတ်မှာ လွတ်လပ်သွားသည်။ အဖွားကြီးနှင့်တွေ့လျှင် သူ့မျက်နှာကို တည့်တည့်ကြည့်ရဲပြီ၊ အဲသည်လိုလည်း ကြည့်ချင်လှပြီ။
နောက်တစ်နေ့နံနက် သတင်းစာသွားပေး၍ သူက လှိုက်လှိုက်လှဲလှဲ ပြုံးပြီး နှုတ်ဆက်သည့် အခါကျွန်တော်လဲ အလားတူတုန့်ပြန်နိုင်ခဲ့သည်။
အမျိုးသမီးကြီးက သတင်းစာယူရင်း ကျေးဇူးတင်စကားဆိုသည်။ အဲသည်နောက်၊ “ ဟောသည်မှာကွယ်၊ မင်းအတွက်”ဆိုပြီး အထုပ်ကလေးတစ်ထုပ် ပေးသည်။ အထဲမှာ ကွတ်ကီ တွေ။ကျေး ဇူးတင်ကြောင်း ပြောပြီးနောက် ကျွန်တော်ကွတ်ကီစားရင်း သတင်းစာ ဆက်ပို့သည်။အတော်များ များနှိုက်စားပြီး သည့်နောက်တွင် ကွတ်ကီထုပ်ထဲမှ စာအိတ် တစ်အိတ် စမ်းမိပြီး ကျွန်တော်ဆွဲထုတ်လိုက်သည်။ စာအိတ်ကို ဖွင့်ကြည့်သည့်အခါ ကျွန်တော်အကြီးအကျယ် အံ့အားသင့်သွားမိရသည်။ အထဲမှာ ငွေခုနှစ်ဒေါ်လာနှင့် စာတစ်ရွက်။ စာရွက်ပေါ်၌မူ “ မင်းအတွက် ဂုဏ်ယူပါတယ်ကွယ် ” ဟူသော စာတစ်ကြောင်း ရေးသားထားလေသည်။
[ မူရင်း ။ ။ Jerry Harpt ၏ True Forgiveness]
ဆရာဖေမြင့် ၏ နှလုံးသား အဟာရ

ဆင်စွယ်နဲ့ မဟူရာ

တောင်ပံတစ်ဖက်စီသာပါတဲ့ ငှက်နှစ်ကောင်
ပခုံးဖက် လက်တွဲ
လေမှာ အတူပျံဝဲကြပေါ့

၁၉၄၈ ခုနှစ် နွေဦးရာသီမှာ အရှေ့တောင်ပိုင်း ကိုယ်ထူကိုယ်ထ စခန်းသို့ ရူပဗေဒကုသမှု ရယူရန် မားဂရက် ပက်ထရစ်ရောက်လာသည်။အဲ့သည်က ၀ါရင့်ဝန်ထမ်းတစ်ဦးဖြစ်သူ မီလီမက္ကဟူးခ်ျ က မားဂရက်အား စခန်းမှာရှိနေသူများနှင့် မိတ်ဆက်ပေးသည်။ တစ်နေရာမှာ မားဂရက် စန္ဒရားကြီး တစ်လုံးကိုမြင်ပြီး ၀မ်းနည်းသောမျက်နှာနှင့် ငေးကြည့်နေတာ သတိပြုမိတော့ မီလီကမေးသည်။
“ ဘာဖြစ်လို့လဲဟင် ”
“ ဘာမှမဟုတ်ပါဘူး ” မားဂရက်က လေသံပျော့ပျော့နှင့် ဆိုသည်။ “ စန္ဒရားမြင်တော့အရင်တုန်းက အကြောင်းတွေ သတိရလို့ပါ၊လေမဖြတ်ခင်တုန်းကတော့ ဂီတက ကျွန်မဘ၀ပဲလေ၊”မီလီက မားဂရက်၏ လှုပ်ရှားမရသော ညာလက်တစ်ဖက်ကို အမှတ်မဲ့ကြည့်မိသည်။ မားဂရက်ထူးချွန်သော လူမည်းဂီတ ပညာရှင်တစ်ဦး ဖြစ်သည် ။တစ်ချိန်တုန်းက ဂီတနယ်ပယ်မှာ စွမ်းဆောင်ခဲ့သည့် သူမ၏ ထူးခြားသော လုပ်ရပ်တစ်ချို့အကြောင်း မီလီအား သူပြောပြနေမိသည်။ရုတ်တရက်မီလီက တစ်စုံတစ်ခု သတိရဟန်ဖြင့် “ ခဏလေးနော်၊ ဒီမှာနေဦး၊ ကျွန်မအခုပဲပြန်လာခဲ့မယ်၊”ဆိုပြီး ထွက်သွားသည်။ အတော်လေးကြာ၍ သူပြန်လာသည့်အခါ သူ့နောက်မှာ အမျိုးသမီး တစ်ယောက်ပါလာသည်။ အမျိုးသမီးက သေးသေးကွေးကွေး၊ တစ်ခေါင်းလုံးဖွေးနေသည့် ဆံပင်နှင့်၊ မျက်မှန်ထူထူနှင့်။သူက လမ်းလျှောက် အထောက်အကူ( Walker ) ကိုအသုံးပြုပြီး လျှောက်လာသည်။“ မားဂရက် ပက်ထရစ်၊ သူက ရုသ် အိုင်ဇင်ဘာ့ဂ်” ဟုမိတ်ဆက်ပေးပြီးနောက် မီလီကပြုံး၍ ပြောသည်။“ သူလဲ စန္ဒရားသမားပဲ ၊ ဒါပေမယ့် မားဂရက်လိုပဲ လေဖြတ်ပြီးကတည်းက စန္ဒရား မတီးနိုင်ဘူး၊ မစ္စစ် အိုင်ဇင်ဘာ့ဂ်က ညာဘက်လက်ကောင်းတယ်၊ မားဂရက်က ဘယ်လက်ကောင်းတယ်၊ နှစ်ယောက်သာတွဲလိုက်ရရင် အရမ်းကို အဆင်ပြေမှာပဲလို့ ကျွန်မစဉ်းစားမိတယ်” “ ရှိုပန်ရဲ့ ဝေါ့ဇ်ကို တီးကြည့်ရအောင်လား” ရုသ်က မားဂရက်အား မေးသည်။ မားဂရက်က ခေါင်းညိတ်သည်။
သူတို့နှစ်ယောက် စန္ဒရားခုံမှာ အတူတွဲထိုင်ကြသည်။ ခလုတ်ခုံပေါ်တင်လာသည့် ကျန်းမာသန်စွမ်းသော လက်နှစ်ဖက်က တစ်ခုနှင့်တစ်ခု လုံးဝဆန့်ကျင်ဘက်။ တစ်ဖက်က အဖြူ တစ်ဖက်က အနက်။ တစ်ဖက်က အတိုတစ်ဖက်က အရှည်။ အဖြူရောင် လက်ချောင်းလေးတွေက တိုတိုဖောင်းဖောင်း၊ အနက်ရောက် လက်ချောင်းတွေက ရှည်ရှည်သွယ်သွယ်။ သို့သော် စန္ဒရား၏ ဆင်စွယ်ရောင်နှင့် မဟုရာရောင် ခလုတ်များပေါ်တွင် ပြေးလွှားတီးခတ်သည့်အခါ၌မူ လက်နှစ်ဖက်က တစ်စိတ်တည်းတစ်ဝမ်းတည်း။
အဲသည်နေ့မှ စတင်ကာ စန္ဒရားခုံမှာ သူတို့အမြဲထိုင်ဖြစ်ခဲ့ကြသည်။ ရုသ်၏ ကောင်းသောညာလက်က တေးသွားအလိုက် (melody) ကိုတီးခတ်၍ မားဂရတ်၏ ကောင်းသောဘယ်လက်က နောက်ခံ အသံအတွဲအဖက်များ(accompaniment) ကိုတီးခတ်စဉ် မားဂရတ်၏ မသန်စွမ်းသော ညာဘက်လက်က ရုသ်၏ နောက်ကျောဘက်မှာ၊ ရုသ်၏ ခွန်အားကင်းမဲ့သော ဘယ်ဘက်လက်က မားဂရတ်၏ ပေါင်ပေါ်မှာ အသီးသီးငြိမ်သက်စွာ။သူတို့နှစ်ဦး တွဲဖက်၍ ရုပ်မြင်သံကြား ပရိတ်သတ်များကို ဖျော်ဖြေခဲ့ကြသည်။ စာသင်ကျောင်းများ၊ ဘုရားရှစ်ခိုးကျောင်းများ၊ နာလန်ထ စခန်းများ၊ ဘိုးဘွားရိပ်သာများတွင် တီးခတ်ခဲ့ကြသည်။ စန္ဒရားထိုင်ခုံမှာ အတူတွဲထိုင်ရင်းဂီတသာမက ဘ၀၏ အခြားအခြားသော ကဏ္ဍရပ်များကိုပါ မျှဝေခံစားခဲ့ကြသည်။ ရှို့ပန်၊ ဘတ်(ခ)၊ ဗေထိုးဗင်စသည့် ဂန္တ၀င် ပညာရှင်ကြီးများ၏ ဂီတလက်ရာများတွင် ကျွမ်းဝင်တာချင်းတူညီကြသလို၊ နှစ်ဦးစလုံးမှာမြေးမြစ်ကိုယ်စီရှိကြတာ၊ ခင်ပွန်း သည်များ မရှိကြတော့တာ၊ သားတွေမိမိတို့ထက် အရင်ကွယ်လွန်ခဲ့ကြတာ၊ စသည်ဖြင့် သူတို့ဘ၀ဖြစ် ရပ်တွေကလည်း ထင်တာထက်ပို၍ အများကြီးတူညီနေကြတာ သူတို့တွေ့ကြရသည်။
တကယ့်ဘ၀တူများပင်။
“ ကျွန်မဆီက ဂီတကို ပြန်ရုပ်သိမ်းသွားကြပေမယ့် ဘုရားသခင်က ကျွန်မအတွက် ရုသ်ကို အစားထိုး ပေးခဲ့တယ်၊”မားဂရတ် ပြောလေ့ရှိခဲ့သည်။ ရုသ်ကလည်း “ ကျွန်မတို့ နှစ်ယောက် ဆုံဆည်းဖြစ်ခဲ့တာကတော့ တကယ့်အံ့ချီးဖွယ်ပါပဲ ” ဟူ၍ လှိုက်လှဲစွာ ဆိုသည်။
ဤသည်က ဂီတသမား အဖွားအို မားဂရတ်နှင့်ရုသ်တို့ ဆုံစည်းမိခဲ့ကြပုံအကြောင်းဖြစ်၏။ သူတို့ကို တေးဂီတ ပရိတ်သတ်က မားဂရတ်နဲ့ ရုသ်အတွဲဟု ခေါ်လေ့ရှိကြ၏။ သို့သော် သူတို့ကိုယ်တိုင်ကမူ ဆင်စွယ်နဲ့ မဟူရာ ဟူ၍ သူတို့ဘာသာ နာမည်ပေးထားကြချေသည်။
[မူရင်း ။ ။ Margaret Patrick ၏ The Story of Margaret and Ruth]
ဆရာဖေမြင့် ၏ နှလုံးသားအဟာရ
အကျိုးတစ်စုံတစ်ခုရစေခြင်း ငှာ စာကိုရေးပါ၏ ။ နှစ်သက်စွာ ခံစားနိုင်ကြပါစေ. . . .

ရွှေငါးလေးတွေအကြောင်း

ရွှေငါးလေး တစ်ကောင်အိမ်မှာအလှမွေးရာမှာ ကောင်းသောအချက်တွေ အများကြီးရှိသည်။ အလွန်အရွယ် ငယ်သေးသည့် ကလေးများပင် တာဝန်သိစိတ်ရှိအောင် သူသင်ပေးနိုင်သည်။ခွေးလေးများလို သူ့ကိုလမ်း ထုတ်ကျောင်းပေးစရာမလို။ အိမ်မှာရှုပ်ပွအောင် သူမလုပ်။ ကျင်ကြီးကျင်ငယ်လည်းမစွန့်။ ပြီးရွှေငါးလေး တစ်ကောင်နှင့်တစ်ကောင် ရုပ်ချင်းလည်းဆင်တူကြသည်။အဲသည်နောက်ဆုံးအချက် အလွန်အရေးကြီး သည်။ အကြောင်းက ရွှေငါးလေးတွေမှာရှိသည့်အားနည်းချက်တစ်ခုနှင့် ဆက်စပ်နေ၍ပဲ ဖြစ်သည်။ ရွှေငါးလေးတွေသည် အတော်ပင်သက်တမ်းတိုတောင်းလှသည်။
ကျွန်မမှာ သမီး ၄ ယောက်ရှိသည် အကြီးဆုံးသမီး အင်နာနှင့် အငယ်ဆုံးသမီး အယ်လီယာနာက တစ်ယောက်နှင့် တစ်ယောက် ၁၂ နှစ်ကွာသည်။ အသက်ချင်းခြားနားကြသော်လည်း သူတို့ နှစ်ယောက် အတော်ပင် ပူးမိကြသည်။ ဒါ့ကြောင့်လည်း အယ်လီယာနာက ညဘက်အမှောင်ထဲ အိပ်ရမှာကြောက်သည် ဆိုသည့်အခါ အင်နာက နည်းလမ်းရှာ၍ ဖြေရှင်းပေးခြင်းဖြစ်သည်။

ကျွန်မတို့အိမ်မှာ အိပ်ခန်း ၄ ခန်းရှိသည်။ အယ်လီလေး အသက် ၂ နှစ်ခွဲရှိ၍ အိပ်ရာခွဲသိပ်ရမည့် အခါသူ့ အထက်က အစ်မ ကေလာနှင့် တစ်ခန်းတည်း သိပ်ရန်စီစဉ်ခဲ့သည်။ သမီးကြီးနှစ်ယောက် တစ်ယောက် တစ်ခန်းစီရကြသဖြင့် ကျေနပ်ကြသည်။ အယ်လီနှင့် ကေလာကို တစ်ခန်းတည်း သိပ်တော့ အယ်လီကညအ မှောင်ကြောက်သဖြင့် မီးဖွင့်ထားချင်သည်။ ကေလာက မီးလင်းလျှင်မအိပ်တတ်။ သည်ပြဿနာကို အဖြေရှာ ဖို့ အတွက် အင်နာ စဉ်းစားသည်။ သူတွေ့သည့် အဖြေက ရွှေငါးလေး တစ်ကောင်မွေးဖို့ပဲဖြစ်သည်။အင်နာက အယ်လီအတွက် ပလတ်စတစ် ငါးကန်လေးတစ်ကန် ၀ယ်သည်။ ကန်ထဲမှာ ငါးကလေး ကူးခတ်သွားလာရန် ရေထည့်သည်။ ရောင်စုံကျောက်စရစ်ခဲလေးတွေ ထည့်သည်။ ပြီး ၊ ငါးကန်လေး လင်းနေရုံ မီးသီးသေး သေးလေးတစ်လုံး ထွန်းပေးသည်။အယ်လီက ငါးကန်ကို သူ့အိပ်ရာ ခုတင်နံဘေးရှိ စင်ကလေးမှာ ထားသည်.သည်ကန်က အလင်းရောင်လေးကြောင့်သူ စိတ်ချလက်ချ အိပ်နိုင်သည်။ အိပ်ခါနီးမှာ တီးတိုးနှုတ်ဆက်စကားပြောရန် အဖော်လည်းရသည်။ ငါးကန်အလင်းရောင်က ခပ်မှိန်မှိန်လေးသာ ဆိုတော့ ကေလာအတွက်လည်း အနှောက်အယှက်မဖြစ်။ ပြီး ကေလာအတွက်လဲ ရွှေငါးလေးတစ်ကောင် မွေးရခြင်း အတွက် နှစ်သက်မှု့ရှိသည်။
အယ်လီက ငါးလေးကို နာရီအတိအကျ အစာကျွေးသည်။ ငါးကန်သန့်ရှင်းလုပ်ပေးရန်လည်း လူကြီးတွေကို ခဏခဏခိုင်းတတ်သည်။ သူ့ငါးလေး အဆိပ်မိပြီး သေမသွားစေရန်အတွက်လည်း ကန်ရေထဲကို ကလို ရင်း ဖျက်ဆေးရည်များ အမြဲဂရုစိုက်ထည့်ပေးသည်။
ထို့ပြင်သူ့ငါးလေးကို နာမည်တွေလည်း အမျိုးမျိုး အဖုံဖုံ တီထွင်ဖန်တီးပြီး ပေးနေလေ့ရှိသည်။ သည်တစ်နေ့
“ဂျော(စ)” လို့ခေါ်နေရာက နောက်တစ်နေ့ “ ဆွင်မီ ” ဖြစ်ချင်ဖြစ်သွားမည်။ တစ်ခါတစ်လေကျတော့လည်း “ ပက်(တ)စီ ”၊ “မေဘယ်လ်” စသဖြင့် အံသည်အချိန်အခိုက်အတန့်အဖို့ သူနှစ်သက်နေသည့် လူနာ မည်တစ်ခုခု မှည့်ချင် မှည့်ထားတတ်သည်။ ပြီးငါးကလေးက သူ့သဘောအတိုင်း အထီးဖြစ်ချင်ဖြစ်လိုက် အမ
ဖြစ်ချင်ဖြစ်လိုက် အမြဲပြောင်းလဲ၍ နေတတ်သည်။
သို့သော် ဆိုးသည်က ရွှေငါးလေးတွေအသက်မရှည်ကြခြင်း ဖြစ်သည်။ အဲ့သည်အတွက် ကျွန်မတို့ လူကြီး တွေအားလုံး စုပေါင်းကာ အယ်လီ့ကန်ထဲမှာ ငါးအရှင်လေးတစ်ကောင် အမြဲရှိနေအောင် စီမံပေးထား ရန်ကြံစည်ကြည်။ ညအိပ်ခါနီး အယ်လီ့ကို နှုတ်ဆက်ပြီးတိုင်း ကန်ထဲကငါးလေးကို ကျွန်မအကဲ ခတ်ရ သည်။ညဘက်တစ်ရေးနိုးမှာ သူတို့တစ်တွေကို စောင်လိုက်ခြုံပေးရင်းလည်း ငါးလေးကို ကျွန်မကြည့်ရသည်။ နောက်တွင် သမီးကြီးအင်နာလည်း ညအိပ်ရာမ၀င်မှီ ငါးလေးကိုအကြိမ်ကြိမ် ကြည့်ရှု့စစ်ဆေးလေ့ရှိတာ တွေ့လာရသည်။ငါးလေး ပါးဟပ်နားတစ်ဝိုက်က သိပ်မကောင်းချင်တော့တာ တစ်ယောက်ယောက်က စတင်သတိပြုမိပြီဆိုလျှင်ရွှေငါးတွေရောင်းသော ဆိုင်သို့ တိတ်တဆိတ်သွားဝယ်ကာ အသစ်တစ်ကောင်လဲထည့်ပေးရန် ခပ်မြန်မြန်စီစဉ်ရသည်။ ငါးလေးတစ်ကောင်ကို ဆင့်ငါးဆယ်မျှပေးရလေ့ ရှိရာ မများလှသော သည်တန်ဖိုးလေးနှင့် ကလေးတစ်ယောက်၏ စိတ်ချမ်းသာပျော်ရွှင်မှု့ကို ကျွန်မတို့ထိန်းသိမ်းပေးကြခြင်း ဖြစ်သည်။အယ်လီကလည်း သူငါးလေး သက်တမ်းဘယ်လောက်ရှည်ရှည် နေရမလဲ တစ်ခါမျှမေးမြန်းခြင်းမရှိခဲ့။အင်နာကောလိပ်ကျောင်းသွားတက်ခါနီး နှစ်ပတ်အလိုမှာ အယ်လီ ၆ နှစ်ပြည့်သည်။ သမီးကြီးနှင့်ခွဲရတော့မည်ဆိုတာ တွေးပြီး ကျွန်မရင်ထဲမှာ အတော်ပင်ခံစားနေရသည်။ သို့သော်တစ်ဖက်မှာ ပို၍ တွေးပူနေရသည်က အယ်လီကလေး ဘယ်လိုနေမည်လဲ ဆိုတာပဲ ဖြစ်သည်။
အင်နာသွားခါစ တစ်ရက်နှစ်ရက် အယ်လီ အပြင်ဘက်သိပ်မထွက်။ သူ့အခန်းလေးထဲမှာပဲ ငြိမ်၍ နေ သည်။နောက်တော့ သူ့အမဆီ ဖုန်းဆက်၍ ရတာ ရုပ်ပုံလေးတွေဆွဲပြီး ပို့ပေးနိုင်မှာတွေကြောင့် သူလဲအ ခြားသူများ
လိုပဲ တဖြည်းဖြည်း နေသားကျလာသည်။ သို့တိုင်အောင် အရင်က ထမင်းဝိုင်းမှာ လူ ၆ ယောက်ထိုင်နေရာက
အခု ၅ ယောက် ဖြစ်သွားသည့်အခါ ဟာနေသလိုခံစားမိကြရသေးသည်။နောက်ပိုင်း အင်နာလည်း သူ့ကျောင်းမှာ နေသားကျပြီး ပျော်ပျော်ရွှင်ရွှင် ရှိနေတာသိရတော့ ကျွန်မတို့အားလုံး လည်းစိတ် လက်ပေါ့ ပေါ့ပါးပါး ဖြစ်သွားကြသည်။ တစ်ညမှာတော့ အယ်လီ နှင့် ကေလာတို့ ညအိပ်ဖို့အတွက် ပြင်ဆင်ပေးစဉ် အယ်လီကမေးသည်။
“ မေမေ ဒီငါးလေးသေသွားရင် မမအင်နာ အိမ်ပြန်လာပြီး အသစ်တစ်ကောင်လဲပေးမှာလားဟင်” ဟူ၍။
ကျွန်မ အံ့အာသင့်သွားသည်။
သို့သော် တကယ်တော့ သည်ကိစ္စက အံ့သြစရာမဟုတ်။ ကလေးတွေလည်း ပတ်ဝန်းကျင်ကိုမြင် တတ်တွေ့တတ်သတိမူတတ်ကြသည်သာပင်။ ကျွန်မ သူ့ကိုပြုံး၍ကြည့်ကာ ၊ ရွှေငါးလေး တစ်ကောင်သေ သွားတိုင်း အသစ်တစ်ကောင် လဲပေးသည့်အကြောင်း သိတာဘယ်လောက်ကြာပြီလဲ မေးကြည့်မိသည်။
အယ်လီက ပုခုံးကိုသာတွန့်၍ပြသည်။ အခုရှိနေတဲ့ငါးလေးဟာ ဟိုအရင်တုန်းက အင်နာစ၀ယ်လာခဲ့တဲ့ ငါးလေးမဟုတ်ဘူးဆိုတာ သိရတော့ သူ့စိတ်ထဲဘယ်လိုခံစားရလဲ မေးသည့်အခါ ဘာမှမဖြစ်ပါ ဘူးဟု ဖြေသည်။
အဲ့သည်အတွက်သူ့မှာ ပြဿနာမဖြစ်။ သူ့စိတ်ထဲမှာ သူနှင့် အင်နာ ကစားနေကြသည် ဟူ၍ပဲသဘော ထားသည်။ငါးကလေးသေသွားတာကို သူဝမ်းနည်းနေမှာစိုး၍ အင်နာက သူမသိအောင် အသစ်တစ်ကောင် လဲထည့်ပေးသည်။သူက အဲ့ဒါကိုမသိချင်ယောင်ဆောင်ပြီး အလိုက်သင့်နေသည်။ ကျွန်မ ယခုမှပင်သဘော ပေါက်ရတော့သည်။ သမီး အယ်လီ့အိပ်ရာနံဘေးရှိ ငါးကန်ထဲ၌ ပျော်ရွှင်စွာ ကူးခတ်လျှက်ရှိသော အရာလေးသည် ညီအစ်မနှစ်ဦး အပြန်အလှန် မေတ္တာဖလှယ်မှု၏ အမှတ်သင်္ကေတကလေး ဖြစ်နေချေသည်
တကား။ 
ငါးလေးတွေသာ ပြောင်းလဲနေသော်လည်း ချစ်ခင်ကြင်နာမှု အမှတ်သင်္ကေတကား မပြောင်းမလဲ တည်မြဲနေချေသည်။ သူတို့အခန်းထဲက မီးကိုမှိတ်ပြီးသည့်နောက်တွင်မှိန်မှိန်လေးလင်းနေသေးသည့် ငါးကန်ငယ်ကို ကြည့်ကာ အတွေးတစ်ခု ခေါင်းထဲဝင်လာသည်။
“ ရွှေငါးလေးတွေနဲ့ ပတ်သတ်လို့ နောက်ထပ် ကောင်းတဲ့အချက် တစ်ခု ရှိသေးတာကိုး၊” ဟူ၍။

( မူရင်း ။ ။ Marsha Arons ၏ The Thing About Goldfish)
ဆရာဖေမြင့် ၏ နှလုံးသားအဟာရများ

အမေ့မျက်နှာပေါ်က အမာရွတ်

ကောင်လေးက မူလတန်းကျောင်းမှာ သူ ပထမဆုံးကြုံရသည့်မိဘဆရာအသင်းအစည်းအဝေးအတွက် အမေ့ကိုဖိတ်ခိုင်းတော့သူဖိတ်သည်။ သို့သော်အမေတကယ်တက်မည် ဆိုသည့်အခါ သူလန့်သွားသည်။ သူ့မိခင်ကို အတန်းဖော်များနဲ့ ဆရာမပထမဆုံး အကြိမ်အဖြစ် မြင်ကြရတော့မည်ဆိုတာတွေးကာ သူထူထူပူပူဖြစ်သွားသည်။မိခင်က နဂိုမူလ ရုပ်ရည်ချောမောသူတစ်ဦးဖြစ်သည်။ သို့သော်မျက်နှာ ညာဘက်ခြမ်းမှာအတော်ဆိုးဆိုးဝါးဝါး အမာရွတ်ကြီး တစ်ခု ထင်နေသည်။ကောင်လေးက သည်အမာ ရွတ်အကြောင်းမကြားချင်။သည်အမာရွတ်ကြီး ဘာကြောင့်ရသလဲဘယ်လိုရသလဲ မသိချင်။ဒါကြောင့် ဘယ် တော့ မှ သူမမေး။
အစည်းအဝေးမှာ အခြားလူများနှင့်ဆုံကြတော့၊ သူ့မိခင်မှာ အမာရွတ်ရှိတာမှန်သော် လည်းပင် ကိုယ်အ လှရှိ တာ ယဉ်ကျေးပျူငှာတာတွေကြောင့် လူတွေက သဘောကျကြသည်။ဒါကိုမြင်သော်လည်း ကောင်းလေး ရှက်ရွံ့စိတ်မပြေ၊ရှောင်ဖယ်ပုန်းလျှိုး၍ပဲနေသည်။

သို့သော်တစ်နေရာမှာတော့ ဆရာမနှင့်သူ့မိခင်တို့ စကားပြောနေကြတာ သူကြားရသည်။
“မျက်နှာပေါ်က အမာရွတ်က ဘယ်လိုရတာလဲ” ဆရာမကမေးသည်။
“သားလေးနို့စို့အရွယ်တုန်းကပေါ့၊ သူ့အခန်းထဲ မီးလောင်တော့ သားက ခုတင်လေးထဲမှာ၊အခန်းထဲမီးတွေ တဟုန်းဟုန်းဆိုတော့ ဘယ်သူမှ မ၀င်ရဲဘူး၊ ကျွန်မအတင်းပြေးဝင်တာ၊ အဲ့ဒီမှာ အပေါ်က ထုပ် တန်း ကြီး တစ်ခုပြုတ်ကျလာတော့ ကျွန်မသားအပေါ်ပြေးပြီးကာလိုက်တာ၊ကျွန်မကို ရိုက်မိပြီး အဲ့ဒီမှာတင် မေ့လဲ သွားတယ်၊ ကံအားလျှော်စွာပဲ မီးသတ်သမား ရောက်လာပြီး ၀င်ကယ်လို့ သားအမိ နှစ်ယောက်လုံး အသက်ချမ်းသာရာ ရတာ၊” မိခင်က မျက်နှာပေါ်ရှိအမာရွတ်ကို စမ်းရင်း ပြန်ပြောပြနေသည်။ “ တစ်သက်လုံး အမာရွတ်ကြီး တစ်ခုတော့ ထင်သွားတာပေါ့လေ၊ ဒါပေမယ့် ဒီအတွက် ကျွန်မတစ်ခါမှ ၀မ်းမနည်းမိပါဘူး၊”  တဲ့ ၊ အမေကဆိုသည်။
သည်စကားကြားတော့မှ ကောင်လေးမျက်ရည်တွေ အ၀ိုင်းသားနှင့် ပြေးထွက်လာကာ အမေ့ကိုဖက်သည်။ သူ့အတွက် အသက်ပေးကာကွယ်မည့် အမေ၏ စေတနာ အမေ့မေတ္တာကို ခံစားရကာသူ့ရင်ထဲ လှိုက်၍ နေသည်။ အဲ့သည်နေ့တစ်နေ့လုံး အမေ့လက်ကို သူတင်းတင်း ဆုပ်ထားသည်။တစ်ချက်မျှပင် မလွှတ်တော့။
မူရင်း ။ ။ Lih Yuh Kuo ၏ The Scar
ဆရာ ဖေမြင့် ၏ နှလုံးသားအဟာရ

အဖေနဲ့ကျွန်တော်

အတွေ့အကြုံဆိုတာ
အရက်စက် အကြမ်းကြုတ်ဆုံး
ဆရာပဲ၊
ဒါပေမယ့် အဲ့ဒီက သင်ခန်းစာယူစမ်းပါ၊
ယူဖြစ်အောင်ယူပါ၊
(စီ၊ အက်စ်၊ လူးဝစ်)

စပိန်ပြည် တောင်ပိုင်းရှိ အက်စတီပိုနာဆိုသည့် နေရာလေးမှာ ကျွန်တော်ကြီးပြင်းခဲ့သည်။ကျွန်တော်အသက် ၁၆ နှစ်အရွယ် တစ်နေ့နံနက်မှာ အဖေက သူ့အား ကျွန်တော်တို့နှင့်၁၈ မိုင်အကွာလောက်မှာရှိသည့် မီဂျား(စ်) ရွာသို့ ကားမောင်းပို့ခွင့်ပေးသည်။ အဲသည်လိုခွင့်ပေးခြင်းအတွက် ကျွန်တော်ကားကို အနီးရှိ ၀ပ်ရှော့တစ်ခုမှာ ရေဆေးဆီထိုး လုပ်ပေးရန်ပါ တာဝန်ယူရသည်။
အဲသည်တုန်းက ကျွန်တော်ကားမောင်းတတ်စ၊ ကားကိုကိုင်တွယ်သုံးစွဲခွင့်လည်း သေသေချာချာ မရဘူး သေးသည့် ကာလဖြစ်ရာ အဖေပြောလာသည့် အခါ ကျွန်တော်အလျှင်အမြန်ပင်ခေါင်းညိတ်ဖြစ်ခဲ့သည်။ ကျွန်တော်အဖေကို မီဂျား(စ်) သို့ကားမောင်းပို့သည်။ သည့်နောက် ညနေ (၄) နာရီတိတိမှာ ပြန်လာကြို မည်ဟုကတိပေးခဲ့ပြီး ၀ပ်ရှော့ရှိရာ တန်းသွားကာ ကားကိုအပ်သည်။ အဲသည်နောက်မှာ အချိန်အတော်ကလေး ပိုနေသဖြင့် ၀ပ်ရှော့ အနီးရှိ ရုပ်ရှင်ရုံမှာ ရုပ်ရှင်တစ်ကားနှစ်ကားဝင်ကြည့်မည်ဟု ကျွန်တော်ဆုံးဖြတ်လိုက်သည်။
ရုံထဲရောက်ပြီးသည့်နောက် ရုပ်ရှင်ဇာတ်လမ်းများထဲ ကျွန်တော်မျောပါကာ အချိန်ဘယ်လောက်ကြာမှန်းမသိ ဖြစ်သွားသည်။ နောက်ဆုံးကားပြီး၍ နာရီကြည့်မိသည့် အခါ ၆ နာရီ ထိုးနေပြီ။နှစ်နာရီတိတိ ကျွန်တော် နောက်ကျသွားပြီ။ရုပ်ရှင်ကြည့်နေ၍ နောက်ကျမှန်းသိလျှင် အဖေအကြီးအကျယ် ဒေါသထွက်တော့ မည်။ကျွန်တော်ကို ဘယ်တော့မှ ကားမောင်းခွင့်ပေးတော့မည် မဟုတ်တော့။ ထို့ကြောင့်အဖေအား ကားမှာပြင်စရာတွေ ရှိနေ၍ ၀ပ်ရှော့က လူတွေ ထင်ထားတာထက် အကြာကြီးအချိန်ယူ လုပ်ကိုင် နေရကြောင်းပြောရန် စဉ်းစားပြီး လာခဲ့သည်။
အဖေနှင့် တွေ့၇န် ချိန်းထားသည့်နေရာသို့ ရောက်သည့်အခါ စိတ်ရှည်လက်ရှည်ပင် အဖေစောင့်မျှော်နေ တာ ကျွန်တော်တွေ့ ရသည်။နောက်ကျသည့် အတွက်တောင်းပန်ကြောင်း စကားပလ္လင်ခံကာ ကျွန်တော် တတ် နိုင်သမျှ အမြန်ဆုံးလာခဲ့ခြင်းဖြစ်ကြောင်း၊ ၀ပ်ရှော့မှာ ကြီးကြီးမားမား ပြင်ရတာတွေ ရှိနေသဖြင့် သည်လောက်ကြာနေခြင်းဖြစ်ကြောင်း ကျွန်တော်ပြောလိုက်သည့် အချိန်တွင် ကျွန်တော်ကို လှမ်းကြည့် လိုက်သည့် အဖေ၏ အကြည့်ကို ကျွန်တော်တစ်သက်မေ့နိုင်မည် မဟုတ်ပါ။
“ ဂျေဆင် ၊ ဒီကိစ္စ အဖေ့ကိုလိမ်ပြောမှ ဖြစ်မယ်လို့ မင်းသဘောထားတာ အဖေစိတ်မကောင်းဘူးသား”
“ ဘာဖြစ်လို့လဲ အဖေ၊ ကျွန်တော်အမှန်အတိုင်းပြောတာပဲဟာ၊”
အဖေ ကျွန်တော်ကိုထပ်ကြည့်ပြန်သည်။“မင်းပေါ်မလာတော့ ငါဝပ်ရှော့ကို ဘာတွေဖြစ်နေလဲ လှမ်းမေး တယ်၊မင်းလာမယူသေးတာတဲ့၊ အဲ့သည်ကားမှာ ဘာမှမဖြစ်ဘူး ဆိုတာ ငါသိပြီးသားပေါ့ကွ၊”
ရုတ်တရက် ရှက်ကြောက်သည့် စိတ်ဖြင့် ကျွန်တော်ထူပူ၍သွားသည်။ ရုပ်ရှင်ရုံသို့ သွားမိသဖြင့် နောက် ကျခြင်းရခြင်းဖြစ်ကြောင်း မပွင့်တပွင့် ကျွန်တော်ဖွင့်ဟ ၀န်ခံရသည်။ ကျွန်တော်စကားများကိုစူးစိုက်နား ထောင်ရင်း အဖေမျက်နှာမှာ ၀မ်းနည်းကြေကွဲသည့် အရိပ်လက္ခဏာများ ယှက်သန်းလာသည်။
“အဖေ တော်တော် ဒေါသထွက်တယ်သား၊ သားကိုမဟုတ်ဘူး၊ ကိုယ့်ကိုကိုယ်ဒေါသထွက်တာ၊ သားစဉ်း စားကြည့်၊ ဒီအရွယ်လောက်ထိ ရောက်လာတဲ့အချိန် သားမှာ အဖေ့ကိုလိမ်ပြောရမယ် ဆိုတဲ့စိတ်မျိုး ရှိနေတာ အဖေညံ့လို့ပဲ၊ အဖေမွေးထားတဲ့ သားဟာ ကိုယ့်အဖေကိုတောင်မှ အမှန်အတိုင်း မပြောနိုင်တဲ့လူ တစ် ယောက်ဖြစ်နေတာ အဖေ အသုံးမကျလို့ပဲ၊ ဖခင်တစ်ယောက်အနေနဲ့ အဖေ မအောင်မြင်ခဲ့ဘူး၊ အခုအဖေ အိမ်ကို လမ်းလျှောက်ပြီးပြန်မယ်၊ သားကိုပြုစုပျိုးထောင်ခဲ့တဲ့ ဒီနှစ်ကာလတွေအတွင်း အဖေဘာအမှားတွေ ကျူးလွန်မိခဲ့သလဲ အဖြေပေါ်တဲ့အထိ အဖေစဉ်းစားသွားမယ်၊”
“အဖေ ၊ အိမ်အထိက ၁၈ မိုင်တောင်ဝေးတယ် အဖေရယ်၊ ပြီးတော့မှောင်လဲမှောင်နေပြီ၊ ဒီလောက်အဝေး
ကြီးအဖေလျှောက်လို့ ဘယ်ဖြစ်မလဲ၊”
ကျွန်တော်တောင်းပန်တာ ကန့်ကွက်တာ ဖျောင်းဖျပြောဆိုတာတွေအားလုံးပင်အချည်းနှီးသာ ဖြစ်ခဲ့သည်။ အဖေ အကြီးအကျယ် စိတ်မချမ်းမသာဖြစ်အောင် ကျွန်တော်လုပ်ခဲ့မိပြီ။ ယခုတော့ ကျွန်တော့်တစ်သက်တာ
မှာ အထိခိုက်အနာကျင်ရဆုံး သင်ခန်းစာ တစ်ခုကျွန်တော်ခံယူရတော့မည်။
ဖုန်ထူသောထိုလမ်းအတိုင်း အဖေလျှောက်သွားသည့်အခါ ကျွန်တော်ကားပေါ် ပြေးတက်ပြီး အဖေ့နောက်က
လိုက်ရသည်။ သည်မျှဆိုလျှင် အဖေရပ်လေမည်လား၊ အဖေလျှောက်တော့မည်လားမျှော်လင့်ခြင်းကြီး စွာဖြင့်တစ်လမ်းလုံး ကျွန်တော်တောင်းပန်တိုးလျှိုးလာသည်။ အဖေကျွန်တော်ကို တစ်ခွန်းမျှ ပြန်မပြော။ ၀မ်းနည်းကြေကွဲစွာ တွေဝေငေးမောကာသာ လျှောက်၍သွားနေသည်။ ၁၈ မိုင်လုံးလုံး အဖေ လမ်းလျှောက် သည့်နောက်က ပျှမ်းမျှ တစ်နာရီ ၅ မိုင်နှုန်းလောက်ဖြင့် ကျွန်တော်ကားမောင်းလိုက်ပါလာရသည်။
ကျွန်တော်ဘ၀တစ်သက်တာတွင် အဖေ့ကို အဲသည်လို ကိုယ်ပင်ပန်းခြင်း စိတ်ပင်ပန်းခြင်း ကြီးစွာခံ စားနေ ရသည့်အနေအထားဖြင့် မြင်တွေ့နေခံ့ရသည့် ထိုစဉ်က အဖြစ်လောက် ခါးသီးဖွယ် ရင်နင့်ဖွယ် ကောင်း လှသော အတွေ့အကြုံမျိုး မရှိတော့ပါ။
သို့သော် အဲသည်အဖြစ်အဲသည်အတွေ့အကြံသည် ကျွန်တော့်နှလုံးသည်းပွတ်ထဲတွင် ထာဝရ စွဲမြဲ သွားစေမည့်သင်ခန်းစာ တစ်ခုပေးခဲ့သည်။ နောင်တစ်သက်ပတ်လုံး အဖေ့ရှေ့မှောက်၌ မမှန်သောစကားကို တစိုးတစိမျှပင် ကျွန်တော် မဆိုဖြစ်တော့။
(မူရင်း ။ ။ Jason Bocarro ၏ A Long Walk Home)
ဆရာ ဖေမြင့် ၏ နှလုံးသားအဟာရ

ဒုက္ခိတဘ၀ကို လက်မခံတဲ့ ကောင်လေး

အဲသည်ရွာကျောင်းကလေးမှာ ဆောင်းတွင်းအနွေးပေးသည့် ရှေးမီးဖိုကြီး တစ်ခုရှိသည်။ကျောက်မီး သွေးသုံးသည့် ဗိုက်အိုးကျယ် သံမီးဖိုမျိုး။ ကောင်လေးတစ်ယောက်က နေ့စဉ်နံနက်စောစော လာပြီး မီးမွှေးရသည်။ သူ့ဆရာနှင့်သူ့အတန်းဖော်များလာလျှင် စာသင်ခန်းလေးနွေးနေအောင်ပေါ့ တစ်မနက် ကျောင်း တက်သူတွေ လာကြသည့်အချိန်မှာတော့ စာသင်ကျောင်းကလေးမှာမီးတွေ တဟုန်းဟုန်း တောက်နေတာတွေ့ ကြရသည်။ 
ကျောင်းထဲမှာ သတိမေ့နေသည့်ကောင်လေးကို သူတို့ ၀ိုင်းဝန်းဆွဲထုတ်ကြသည်။ ကောင်လေးက သေသလား ရှင်သလားမခွဲခြားနိုင်သည့် အနေအထားမျိုး။ သူ့ခန္ဓာကိုယ် အောက်ပိုင်း မီးတွေ အကြီးအကျယ်လောင်ထားသည်။ သူ့ကို နီးရာနယ်မြေဆေးရုံ သို့ သယ်ယူခဲ့ကြသည်။ဆေးရုံကုတင်ပေါ်တွင် သတိလစ်တစ်ချက် မလစ်တစ်ချက်ဖြစ်နေသည့် ကြားက ကောင်လေးနားထဲမှာ ဆရာဝန်အသံတွေ မသဲမကွဲ ကြားနေသည်။ ဆရာဝန်က သူ့မိခင်အား သူမ၏သားအသက်ရှင်စရာ လမ်းမရှိသည့် အကြောင်း၊ စင်စစ် ခန္ဒာကိုယ်အောက်ပိုင်းတစ်ခုလုံး ယခုလောက်ဆိုးဆိုးဝါးဝါးကြီး လောက်ကျွမ်းပျက်စီး သွားပြီးသည့် နောက်တွင်တော့ အသက်ဆက်မရှင်တာသည်ပင် ကောင်းသေးကြောင်း ပြောကြားနေခြင်းဖြစ်သည်။
သတ္တိကောင်းသည့် သည်ကောင်လေးက သေရမှာ ကိုအလိုမရှိ။ ငါမသေရဘူး အသက်ရှင်ရမယ်ဟုသူ အဓိဋ္ဌာန်ပြုသည်။ တကယ်ပင် သူအသက်ဆက်ရှင်လာတော့ ဆရာဝန်အံ့အားသင့်ရသည်။မ သေ နိုင် တော့ ပါ ဘူး ဆိုတာ သေချာသွားသည့်အချိန် ဆရာဝန်နှင့် သူ့မိခင် ဆွေးနွေးပြောဆိုနေတာသူကြားရပြန်သည်။ သူ့ခန္ဓာကိုယ်အောက်ပိုင်းက အသားတွေ အမြောက်အများ မီးကြောင့်ပျက်ဆီးသွားခဲ့ပြီဖြစ်ရာ ခြေနှစ် ချောင်းလုံး သုံးမရတော့သဖြင့် တစ်သက်လုံး မစွမ်းမသန် ဒုက္ခိတဘ၀ဖြင့်နေသွားရလိမ့်မည် ဆိုသည့်အကြောင်း ဖြစ်၏။
သည်စကား ကြားပြီးသည့်နောက် ကောင်လေး တစ်ကြိမ်ထပ်၍ အဓိဋ္ဌာန်ပြုသည်။ ငါလမ်းလျှောက်နိုင်
ရမယ်၊ ဒုက္ခိတ ဘ၀လုံးဝ မရောက်စေရ ဟူ၍။
သို့သော် အဓိဋ္ဌာန်ပြုမည့်သာ ပြုရသည်။ ခါးအောက်ပိုင်း တစ်ခုလုံးက အသက်မ၀င်၊ လှုပ်ရှားနိုင်စွမ်းမရှိဖြစ်နေသည်။ ကြုံလှီသေးကွေးသော ခြေထောက်နှစ်ချောင်းက အောက်ဘက်မှာ တွဲလောင်းကလေး။သည်လိုဖြင့် နောက်၌ သူဆေးရုံမှ ဆင်းခွင့်ရခဲ့သည်။ အိမ်တွင် အမေက သူ့ခြေ ထောက်ကလေးတွေကိုနေ့စဉ် နှိပ်နယ်ပေးသည်။ သို့သော်ခြေထောက်တွေက ဘာခံစားမှု့မှမရှိ၊ ဘယ်လိုမှလဲ လှုပ်ရှားခိုင်း၍မရ၊လုံးဝအသုံးမကျဖြစ်နေသည်။
သို့သော် လမ်းထလျှောက်နိုင်ရမည်ဟူသော သန္နိဋ္ဌာန်က ခိုင်မာမြဲ ခိုင်မာဆဲပင်။အိမ်၌သူ့ကို အိပ်ယာ ထဲထားလျှင်ထား ၊ မဟုတ်လျှင် ဘီးတပ်ကုလားထိုင်၌ ထားလေ့ရှိသည်။နေသာသောတစ်နေ့၌ အမေက သူ့ကိုလေကောင်းလေသန့်ရှူရအောင်ဟူ၍ ခြံထဲ တွန်းယူသွားပြီးထားသည်။ အဲ့သည်နေ့မှာ သူကု လားထိုင်ထဲချည်း ထိုင်မနေတော့ဘဲ အောက်သို့ လှိမ့်၍ ဆင်းသည်။ အဲ့သည်နောက် ခြေထောက်နှစ်ချောင်း ကို ဒရွတ်ဆွဲကာ မြက်ခင်းမှာ ၀မ်းလျှားထိုး ၍ သွားသည်။သူတို့မြေကွက်ကို ကာရံထားသည့် အဖြုရောင် ခြံစည်းရိုးတန်းဆီ ရောက်အောင် အားခဲပြီးသူသွားသည်။
သည့်နောက်တွင် ခဲယဉ်းပင်ပန်းစွာ အားထုတ်ကြိုးပမ်းကာ သူ့ကိုယ်သူ ခြံစည်းရိုးမှာ တွဲပြီးထူသည်။ပြီးလျှင် ငါလမ်းလျှောက်နိုင်ရမည်ဟူသော အားမာန်ဖြင့် စည်းရိုးတန်းလျှောက် သည်တစ်တိုင်းမှ ဟိုတစ်တိုင် ဒရွတ်တိုက်လျှက် ရွှေ့သည်။ အဲသညမှ စတင်ကာ နေ့စဉ်နေ့တိုင်း ကြိုးစားအားခဲ၍လုပ်ရာ ခြံစည်းရိုးတန်း နံဘေးတစ်လျှောက်တွင် ချောမွတ်ညီညာသော လမ်းကြောင်းရာတစ်ခုပင် ထင်လာသည်။ သူ့အဖို့ လောက၌
ခြေထောက်နှစ်ချောင်း အသက်ဝင်လာအောင်လေ့ ကျင့်ပျိုးထောင်ဖို့ထက် ပို၍ ထက်သန်လိုလား အပ်သော အရာမရှိခဲ့။
သို့နှင့် နောက်ဆုံး၌ နေ့စဉ် နှိပ်နယ်ကုသမှု့၊ မဆုတ်မနစ်သော စိတ်ဇွဲနှင့် ခိုင်မာသော သန္နိဋ္ဌာန်တို့ဖြင့် ကြိုး
စား အားထုတ်မှု့များ ကြောင့် သူမတ်တတ်ရပ်နိုင် လာသည်။ သည်နောက်တွင်တော့ ထော့တီးထော့နဲ့လမ်း
လျှောက်နိုင်လာသည်။ အဲ့သည်နောက်တွင် လွတ်လွတ်ကျွတ်ကျွတ်။ သည်နောက်တွင်ကား ပြေးနိုင် လာလေသည်။
သူကျောင်းသို့လမ်းလျှောက်သွားသည်ဒ သည်နောက် ပြေးသွားသည်။ နောက်တွင်မူ ပြေးရသည်ကိုနှစ်သက်
ခြင်းအတွက်ကြောင့်ပင် လျှောက်၍ ပြေးလေတော့သည်။
ကောလိပ်ကျောင်းရောက်သည့် အခါပြေးခုံပစ် အားကစားအဖွဲထဲမှာသူပါလာသည်။နောက်တွင်မူ တစ်ချိန်သောအခါက အသက်ပင်ရှင်မှာ မဟုတ်ဘူးဟု ထင်ခဲ့ရသော အသက်ရှင်သည့်တိုင် ဘယ်နည်းနှင့်မျှ လမ်းလျှောက်နိုင်မည် မဟုတ်ဟု ယူဆခဲ့ရသော၊ ပြေးနိုင်ဖို့ ဆိုသညကို နည်းနည်းမျှပင် မျှော်လင့်၍မရနိုင်ခဲ့သော၊ အလွန်ဇွဲကြီး လှသည့် ထိုကောင်လေး ဂလင်ကန်နင်ဟမ်သည် တစ်ဖက်က ပညာရေးဘက်တွင်အောင်မြင်ကာ ဒေါက်တာဂလင်ကန်နင်ဟမ်ဟူ၍ ဖြစ်လာသည့်ပြင်၊ တစ်မိုင်အဝေးကို ကမ္ဘာပေါ်တွင် အမြန်ဆုံးပြေးနိုင်သူအဖြစ်လည်း နယူယောက်မြို့ မေဒီဆင် စကွဲယား ပန်းခြံကြီးထဲတွင် စံချိန် တင် ပြေးပြနိုင်ခဲ့ပေသည်။
{ မူရင်း။ ။ Burt Dubin ၏ The Power of Determination}

ဆရာ ဖေမြင့် ၏ နှလုံးသား အဟာရ ရသစာများ တတိယတွဲ

အမေ

သည်ကနေ ကျွန်တော်ဖြစ်နေသမျှ
နောင်တစ်နေ့ ကျွန်တော်ဖြစ်ဖို့ မျှော်မှန်းနိုင်သမျှ
အားလုံးပင်
အမေကျေးဇူးချည်းဖြစ်သည်။
( အေဗရာဟမ် လင်ကွန်း )