မိမိကိုယ်ကို ယုံကြည်စိတ်ရှိသူ


မိမိကိုယ်ကို ယုံကြည်စိတ်ရှိသူတို့သည် ကြုံလာရသမျှ အရေးကိစ္စတို့အား အေးဆေးတည်ငြိမ်စွာ ရင်ဆိုင်ဖြေ ရှင်းနိုင်ကြ၏ ။ သူတို့သည် သူစိမ်းတစ်ယောက်နှင့် ဆက်ဆံရာတွင် အလွန်အကျွံရှက်ခြင်း ၊ ရွံ့ခြင်းမရှိ ပေါ့ပါးသွက်လက်စွာပင် တွေ့ဆုံပြောဆိုခြင်း လုပ်ကိုင်ဆောင်ရွက်ခြင်းများ ပြုနိုင်ကြ၏ ။ သူတို့သည် အပြောင်း အလဲကို ကြောက်ကြသူများ မဟုတ်ကြ ၊ တရားသေအစွဲမျိုးလည်း မထားရှိကြ ။
အခြေအနေအချိန်အခါနှင့် လျှော်ညီစွာ ကျိုးကြောင်းသင့်မြတ် စဉ်းစားလုပ်ကိုင်တတ်ကြ၏ ။ သူတို့သည် သူတစ်ပါး အမြင် သူတစ်ပါး အယူအဆကိုလည်း နားစွင့်ရန် ၀န်မလေးကြ ။ သို့သော်စဉ်းစား ဆုံးဖြတ်ရမည့် နေရာမျိုးတွင်ကား မိမိ အသိ မိမိဥာဏ်ကိုသာ အဓိက အားပြုကြသူများ ဖြစ်သည် ။

မည်သို့ပင်ဖြစ်စေ
ဖေမြင့်
စိန်ခေါ်သူ ရေးသားပေးသောစာပိုဒ်လေး ဖြစ်ပါသည် ။ ကိုယ့်ယုံကြည်ချက်နဲ့ ကို လျှေက်လှမ်းနိုင်ကြပါစေ လို့သာ ဆန္ဒပြုတိုက်တွန်းချင်ပါတယ် ။

ယုံကြည်ချက်နှင့် သတ္တိဗလ

ရှင်မဟာ ရဋ္ဌသာရရဲ့ အနုသာသနာ ဆုံးမစာမှာ ယုံကြည်ချက် ဖြစ်ပေါ်လာတဲ့ စိတ် သတ္တိကို ဒီလိုဖွဲ့ဆိုပါတယ် ။
သေရှင်အရေး ၊ နှစ်ထွေးမရည် ၊ စွန့်အံ့သည်ဟု
ဆောက်တည်သောလျှောက် ၊ စွန့်ခွင့်ရောက်မူ
ရွံ့ကြောက်မဲ့ထွန် ၊ အရှင့်ဝန် ဠ် ၊ ကုမ္ဘာန် ယက္ခ
သီဟခြင်္သေ့ ၊ ရင်ဆိုင်တွေ့လည်း ၊ ခါ၍ မဆွန့်
အသက်စွန့်လော့ ၊ အ၀ှန့်နောင်လာ ၊ လူတကာတို့
ပြောရာ ဥဒါန်း ၊ ကမ္ဘာထွန်းသို့
မော်ကွန်းဖြစ်လျင်း၊ လေစေမင်း ။ ။
ဒီလင်္ကာမှာ အရှင့်ဝန် ဆိုတာက တိုင်းပြည်ရဲ့တာဝန်ကို ပြောတာပါ ။ လောကရဲ့ သစ္စာ အမှန်တရားအတွက်ကို မဆိုထားနှင့်၊ ရွှေတောင်တက်သမားလူစွန့်စားဟာ တိုင်းပြည် တာဝန် ကို ဆောင်ရွက်ရာမှာပင် ဘယ်လိုရန်သူတွေ အခက်အခဲနှင့်ပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ နောက်မတွန့်ပါနှင့် ။ အသက်ကို စွန့်သင့်တဲ့ အခါမှာ စွန့်ပြီး ဆောင်ရွက်ပါ ။ ဒီလို ဆောင်ရွက် ခြင်း အမှု့(ပြုသောကံ) သည်သာ နောက်လာ နောက်သားတို့အဖို့ ပြောစရာ အဖြစ် ဥဒါန်းတွင် ပါလိမ့်မယ် ။ မော်ကွန်း တွင်ရစ်ပါလိမ့်မယ် လို့ ဆရာတော်က ဆုံးမထားခြင်း ဖြစ်ပါတယ်။
ကျွန်တော်တို့သည် အရှင့်ဝန် (တိုင်းပြည်တာဝန်) အတွက် လုပ်သင့်လုပ်ထိုက်သော အလုပ်တို့ကို ဆရာတော် ဆုံးမသကဲ့သို့ အသက်ပင်စွန့်သင့်က စွန့်၍ သမိုင်းမော်ကွန်း တစ်ခု ရေးထိုးကြပါစို့ ။ ။