Home » » စည်းရုံးရေးတောင် ဆင်းနေကြပြီ ဆိုပဲနော်......

စည်းရုံးရေးတောင် ဆင်းနေကြပြီ ဆိုပဲနော်......

၂၀၁၀ ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများ အနေဖြင့် မဲဆွယ်စည်းရုံးရေး စတင်နေပြီဖြစ်ကြောင်း စည်းရုံးရေး လုပ်ဆောင်နေသည့် ပါတီများမှတာဝန်ရှိသူများ ၏ပြောကြားချက်အရ သိရသည်။

''ရန်ကုန်၊ မန္တလေးနဲ့ ပဲခူးတို့မှာ စည်းရုံးရေး စတင်နေပါပြီ။ ဒီမိုကရေစီဆိုတာ အခုအခြေအနေမှာ အကြောက်တရားတစ်ခု လို့တောင်ဖြစ်နေတာ။ ဒီအကြောက်တရားကို လူထုကြားမှာ ပျောက်ကွယ်သွားအောင် အရင်ဆုံး စတင်လုပ်နေရတယ်။ နိုင်ငံရေးဆိုတာ အကြောက်တရားမဟုတ်ဘူး ဆိုတဲ့အခြေအနေတစ်ခု ဖြစ်လာအောင် လုပ်နေရတယ်'' ဟု ပြည်ထောင်စု ဒီမိုကရေစီပါတီမှ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းက ပြောကြား ခဲ့သည်။
ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့ သည်မှာ နှစ်ပေါင်း ၂၀ ခန့်ကြာမြင့်ခဲ့ပြီဖြစ်၍ နိုင်ငံရေးအပေါ်တွင် ပြည်သူများ၏ စိတ်ပါဝင်စားမှုမှာလည်း နည်းပါးကြောင်း မဲဆွယ်စည်းရုံးရေး ဆောင်ရွက်နေသည့် နိုင်ငံရေးသမား က ဆိုခဲ့သည်။
''မဲဆွယ်စည်းရုံးရေးဆင်းရာ မှာ စိတ်အားထက်သန်မှုတွေ ရှိပေမယ့်လည်း လူထုရဲ့ နိုင်ငံရေးအပေါ် စိတ်ဝင်စားမှုက နည်းနည်းတော့ သွေးအေးတဲ့ သဘောကို ပြနေတယ်''ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ ဒေါ် သန်းသန်းနုက ပြောကြားခဲ့သည်။
''ပြည်သူတွေ စိတ်ဝင်စားတာကတော့ သူတို့ရဲ့ဘ၀တွေအတွက် ဘာလုပ်ပေးနိုင်မလဲ၊ ဘာတွေပြင် ဆင်ပေးထားလဲ ဆိုတာကိုပဲ မျှော်လင့်နေကြတယ်။ သူတို့ဘ၀တွေကို မြှင့်တင်ပေးနိုင်သူတွေကိုသာ သူတို့က စိတ်ဝင်စားကြမှာပါပဲ''ဟု အသက် ၂၀ ၀န်းကျင် တက္ကသိုလ်ကျောင်းသားတစ်ဦးက ဆိုခဲ့သည်။
''မဲဆွယ်စည်းရုံးရေးမှာ လူထုထောက်ခံမှုကို ရရှိဖို့ဆိုရင် ပြည်သူလူထုအသံနဲ့ ပါတီရဲ့အသံက တစ်သား တည်းကျနေဖို့ လိုအပ်တယ်''ဟု ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် လက်ရှိ၌ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက် တည်ထောင်ခွင့် လျှောက်ထားသည့်ပါတီ ၄၂ ပါတီ ရှိသွားပြီဖြစ် ပြီး နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီ ၃၃ ပါတီ အနက် ၃၂ ပါတီကို မှတ်ပုံတင်ခွင့် ပြုခဲ့ပြီးဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။ ပြည်ထောင်စုမြန်မာနိုင်ငံ အစိုးရသည် ယခုနှစ်အတွင်း လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲများ ကျင်းပသွားမည်ဟု ပြောကြားထားသည်။ ကျင်းပသွားမည့် ရွေးကောက်ပွဲများသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးကျင်းပသည့် ရွေးကောက်ပွဲများ ဖြစ်သည်။

နိုင်ငံရေးပါတီတွေက စည်းရုံးရေးဆင်းနေကြပြီ ဆိုပဲ ။ ပြည်သူတွေက အကြောက်တရားလို့ထင်နေတာပေါ့ ကြောက်အောင်လုပ်လာခဲ့ကြတာပဲကိုး ။ မင်းတို့လိုသလိုလုပ်ပါလို့ပဲ ပြောကြမှာပါ ။ မင်းတို့ ဖြစ်လိုရာကို လိုက်လုပ်ပေးပါ့မယ်လို့ပြည်သူတွေ ပြောလိမ့်မယ် ။ ရွေးကောက်ပွဲမကျင်းပတာ အနှစ်နှစ်ဆယ်ရှိပြီနော် ။ အေးပေါ့ 1990 ကနေတွက်ရင်ကွက်တိ နှစ် ၂၀ ပေါ့ အဲ့ဒီ ရွေးကောက်ပွဲ ရလဒ်ကြီးကလဲ ဘယ်ရောက်သွားလဲ မသိဘူး ။ လုပ်ချင်ရာကိုလုပ်အဟုတ်ထင်နေကြသူတွေ ဆင်းရဲသား ပြည်သူတွေက မင်းတို့ ကြိုးဆွဲရာ လိုက်ကကြမှာလား ။ ဘာတွေလုပ်မလဲဘာတွေဖြစ်လာမလဲ မကျေနပ်တဲ့ အထဲမှာ ငါပါတယ် ။ အမြဲတမ်း ဆန့်ကျင်တယ် ။ လုပ်စရာရှိတာကို လုပ်ကြဖို့ ဘယ်သူဆီကမှလည်း ဘာမှ မကြားရသေးပါဘူး ။ ညိမ်တော့ ခံမနေကြပါနဲ့ ။ ပြတ်ပြတ်သားသား လုပ်ကြရအောင်။ ရင်ဆိုင်ကြရအောင်။ ။ ။

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !