ရှေးအီဂျစ်ပြည့်ရှင် ပထမမြောက် တော်လမီဘုရင်က ဂျီသြမေတြီပညာသင်ချင်သည်။ သို့သော် အဲသည့် အချိန် က ဂျီသြမေတြီသင်ရိုးဖြစ်သည့် ယူကလစ်(Euclid) ၏ Elements ကျမ်း ၁၃ ပိုင်းကိုတော့ ကုန်စင်အောင် လေ့လာ မနေချင်၊ သည့်ထက်မြန်မြန်တက်နိုင်တဲ့ ဖြတ်လမ်းနည်း မရှိဘူးလားဟု သူကမေးသည်။
သည်အခါ ဆရာကြီး ယူကလစ်က၊ ဂျီသြမေတြိပညာတတ်ဖို့ ရှင်ဘုရင့်အတွက် အထူးနည်းလမ်းမရှိပါ၊ (There is no royal road to geometry.) ဟုပြန်ဖြေခဲ့သည်။
သည်စကားကိုယူကာ နောက်လူတို့က၊ ပညာရှာရာ၌ ရှင်ဘုရင့်အတွက် သီးသန့်နည်းလမ်းမရှိ၊ (There is no royal road to learning.) စသဖြင့် လည်း ပြုပြင်ပြောင်းလဲ ပြောဆိုလေ့ ရှိကြသည်။
L. Vlasov နှင့် D. Trivonov တို့၏ 107 Stories about Chemistry စာအုပ်တွင် ပါဝင်သည့် အောက်ဖော်ပြပါ ပုံပြင် လေးမှာ ယူကလစ်၏ အယူအဆကို အပြည့်အ၀ ထင်ဟပ်ထားကြောင်း တွေ့နိုင်ပါသည်။
တစ်ရံရောအခါ အရှေ့အလယ်ပိုင်းတိုင်းနိုင်ငံ တစ်ခု၌ ပညာဗဟုသုတ လိုလားသော ဘုရင်တစ်ပါး စိုးစံ၏။ တစ်နေ့တွင် ထိုဘုရင်သည် ဤကမ္ဘာမြေ၌ နေထိုင်ခဲ့ကြသူတို့အကြောင်းကို အလုံးစုံ သိလိုသော ဆန္ဒ ပြင်းပြ လေသည်။
သို့နှင့် မူးကြီးမတ်ရာ သေနာပတိအပေါင်းတို့အား ဤသို့ မိန့်ကြားခိုင်းစေ၏။
“မောင်မင်းတို့၊ ငါသည် ဤကမ္ဘာမြေပေါ်၌ မှီတင်းနေထိုင်လျှက်ရှိသည့် လူမျိုးတစ်ရာ့တစ်ပါးတို့၏ သမိုင်းအား လုံးကို သိလို၏။ ရှေးအခါက သူတို့မည်သို့နေထိုင်ခဲ့ကြသည်။ မည်သည့် စစ်ပွဲများဆင်နွှဲကြသည်။ မည်သည့် အရပ်၌ မည်သည့် ကုန်ပစ္စည်းများ ပေါ်ကြွယ်ဝ၍ မည်သည့်အတတ်ပညာတို့ မည်သည့်နေရာတွင် ထွန်းကား ခဲ့သည် စသည်ဖြင့် အလုံးစုံသော အရာတို့ကို ငါသိလိုသည်။ ငါ့အားရေးသားပြုစုပေးကြလော့”
ထိုသို့ဆိုပြီးနောက်မူးမတ်တို့အား ငါးနှစ်တိတိ အချိန်ပေးလိုက်၏။
ဘုရင်ရှေ့တော်မှ အသာခေါင်းငုံ့နောက်ဆုတ်၍ ထွက်လာခဲ့ကြပြီးနောက် မှူးမတ်တို့စုဝေးတိုင်ပင်ကာ ပြည် ရွာအနှံ့အပြားရှိ ပညာရှိကြီးငယ် အပေါင်းတို့အား နေပြည်တော်၌ စုဝေးစေလေသည်။
ထို့နောက် ဘုရင်မင်းမြတ်ဖတ်ရှု့ရန် ကျမ်းဂန်များကို ငါးနှစ်လုံးလုံး အပတ်တကုတ် ရေးသားပြုစုကြရာ သိုးက လေးသရေ၊ ဆိတ်ကလေးသရေများတွင် စာရေးကြသော ခေတ်ကာလ ဖြစ်သည့်အလျှောက် ရွှေနန်းတော် သို့ သရေချပ်လွှာများ ပေးသွင်းခွင့်ရကြသော သားရေလုပ်ငန်းရှင်များနှင့် မွေးမြူရေးသမားများမှာ အကြီးအ ကျယ် စီးပွားဖြစ်ကြသောဟူ၏။
ငါးနှစ်မြောက်သည့်နေ့တွင် နန်းတော်သို့ မှူးကြီးမတ်ရာများနှင့် ကျမ်းဂန်ပြုစုသူ ဦးဆောင်ပညာရှိများ စုံညီစွာ ရောက်ရှိလာကြသည် ။
“အရှင့်အမိန့်တော်အတိုင်း အောင်မြင်စွာ ထမ်းဆောင်ပြီးဖြစ်ကြောင်းပါ၊ ယခုနန်းတော်လေသာ ပြတင်းမှ အရှင်မင်းကြီး လှမ်းမျှော်ကြည့်မည်ဆိုလျှင် အရှင့်အတွက် ပညာရှိများပြုစုခဲ့သည့် ကျမ်းဂမ်များ သယ်ဆောင် လာသည်ကို တွေ့မြင်ရပါလိမ့်မည်“ ဟူ၍ နန်းရင်းဝန်ကြီးက လျှောက်ထားသည်။
ရှင်ဘုရင်က လေသာပြတင်းဝ၌ ရပ်ကာ အပြင်မှာ မြင်ရသည်များကို ကြည့်ပြီး ဇဝေဇ၀ါဖြစ်သွားသည်။ ထို့ နောက်မျက်စိကို ပွတ်သပ်ကာ တစ်ကြိမ်ထပ်ကြည့်ပြန်သည် နန်းတော်ရှေ့တွင် ကုလားအုတ်တန်းကြီးက မျက်စိတစ်ဆုံး။
ကုလားအုတ် တစ်ကောင်စီ၏ ကျောပေါ်တွင် အထုပ်ကြီးနှစ်ထုပ်စီ တင်ထားသည်။ တစ်ထုပ်စီ၌ စာဆယ်အုပ် စီပါသည်။ တိရစ္ဆာန်သရေလွှာများပေါ်တွင် မင်ရောင်စုံတို့ဖြင့် လှပစွာရေးခြယ်ထားသည့် စာအုပ်ကြီးများ စာ အုပ်အဖုံးနှင့် အနှောင့်များတွင် စာအုပ်အမည်နှင့် ရေးသားပြုစုသူတို့၏ အမည်များကို ရွှေစာလုံးများဖြင့် ရေး ထိုးထားသည်။
စာအုပ်တွေထုတ်ကြည့်ကာ ရှင်ဘုရင် မျက်မှောင်ကြုတ်၍သွားသည်။
“ဘာတွေလဲကွ၊ ဒါတွေက”
“မှန်လှပါ အကျွမ်းကျင်ဆုံး၊ ပညာရှင်ကြီးများ ငါးနှစ်တိုင်တိုင် ရေးသားပြုစုခဲ့ကြသည့် ကမ္ဘာ့သမိုင်း ကျမ်းပေါင်း ချုပ်ကြီးပါ။ ကမ္ဘာ့လူသားအားလုံးတို့ရဲ့ လူမှုရေးသမိုင်း၊ ယဉ်ကျေးမှုသမိုင်း၊ စီးပွားရေးသမိုင်း၊ စစ်ရေးသမိုင်း၊ နိုင်ငံရေးသမိုင်း၊ ၀ိဇ္ဇာသိပ္ပံ အတတ်ပညာများ သမိုင်း စသည်ဖြင့် ဘက်စုံထောင့်စုံ အလုံးစုံပါဝင်အောင်အထူး တလည် စီမံထားသော ကျမ်းဂန်ကြီးဖြစ်ကြောင်းပါ”
ရှင်ဘုရင် ဒေါသထွက်သွားသည်။
“မင်းတို့ ငါ့ကို လှောင်ပြောင်နေကြတာလား။ ဒီလောက်များတဲ့ စာအုပ်တွေ ငါသေတဲ့အထိ ဖတ်လို့ပြီးနိုင်ပါ့ မလား ။ ငါဖတ်လို့ရအောင် အကျဉ်းချုပ် အမြန်လုပ်စေ။ သို့သော် အရေးကြီးတဲ့ အချက်တွေတော့ အကုန်လုံး ပါပစေ”
ရှင်ဘုရင်က အမိန့်တော်မြတ် ချမှတ်ကာ အချိန်တစ်နှစ်ပေးလိုက်ပြန်၏။
တစ်နှစ်ကုန်ပြီးနောက် နန်းတော်ရှေ့သို့ ကုလားအုတ် တစ်တန်းရောက်ရှိလာပြန်သည်။ ကုလားအုတ်ဆယ် ကောင်။ တစ်ထုတ်လျှင် စာဆယ်အုပ်။ စုစုပေါင်း အုပ်နှစ်ရာ။ ရှင်ဘုရင် မျက်နှာပျက်သွားပြန်သည် ။
“ဟေ့ ဒီမှာ၊ ခေတ်အဆက်ဆက် နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အရေးအကြီးဆုံးအဖြစ်အပျက်တွေပဲ ရေးခိုင်း တာကွ။ အဲဒီအတွက် အချိန်ဘယ်လောက်ပေးရအုံးမလဲ”
သည်အခါ ပညာရှိများထဲမှ ပညာအရှိဆုံး ပညာရှိကြီးတစ်ယောက်ရှေ့သို့ ထွက်လာပြီး ဘုရင်အား တင် လျှောက်သည်။
“မနက်ဖြန်ဆိုရနိုင်ပါတယ် အရှင်မင်းကြီး။ အရှင်မင်းကြီး သိလိုသမျှ ပြည့်စုံရပါစေ့မယ်”
“မနက်ဖြန်” ဘုရင်အံ့အားသင့်သွားသည်။“ အေး ကောင်းပြီ၊ မင်းစကားနဲ့မင်းပဲ၊ မနက်ဖြန် ရှေ့တော်မှောက် အရောက်မတင်ဆက်နိုင်ရင် ဘာဖြစ်မယ်ဆိုတာ မင်းအသိပဲ”
နောက်တစ်နေ့နံနက် အာရုဏ်တက်စ၊ ငှက်ကလေးတွေ တေးဆိုစ၊ ဘုရင်ကြီး အိပ်ရေးမ၀တ၀ အချိန်မှာပင် မနေ့က ကတိပေးခဲ့သည့် ပညာရှိကြီး နန်းတော်သို့ ရောက်ရှိလာသည်။ ဘုရင်ကြီး အိပ်ဆောင်တော်က အထွက်မှာပင် ပညာရှိကြီး အခစားဝင်ကာ သူ့လက်ထဲတွင် ပါသည့်အရာကို ဆက်သသည်။ စန္ဒကူးသားဖြင့် ပြုလုပ်ထားသည့် သေတ္တာဘူးသေးသေးလေး။ “ ဒီသေတ္တာလေးကို ဖွင့်ကြည့်ရင် ခေတ်အဆက်ဆက် လူမျိုး တစ်ရာ့ တစ်ပါးတို့ရဲ့ တိုင်းနိုင်ငံပေါင်း များစွာမှ ဖြစ်ပျက်ခဲ့တဲ့ သမိုင်းကြောင်းပေါင်းစုံက အဆီအနှစ်ချည်း သက်သက်ရွေးပြီး ရေးသားပြုစုထားတဲ့ အတိုဆုံး ကမ္ဘာ့သမိုင်းကြီးကို ဖတ်ရှုရပါလိမ့်မယ် အရှင်မင်းကြီး” ဟူ၍ ပညာရှိကြီးက လေးနက်တည်ကြည်စွာ လျှောက်ထားလိုက်သည်။
သေတ္တာလေးကို ရှင်ဘုရင် ဖွင့်ကြည့်လိုက်သည့်အခါ အထဲ၌ အဖိုးတန် ကတ္တီပါစနှင့် ထုတ်ပိုးထားသည့် အရာ တစ်ခုတွေ့ရှိရသည်။ ကတ္တီပါစကို ခွာချလိုက်သည့် အခါ၌ အလွန်သေးကွေးသော ဆိတ်သားရေစတစ်စ။
ထိုသားရေစပေါ်တွင် စာလုံးသေးသေးဖြင့် ရေးထိုးထားသည့် စာအချို့ ရှိသည်။ ဘုရင်ကြီး အသံထွက်၍ ဖတ် ကြည့်သည်။
ဒီအထိ လက်ညောင်းအောင်ရေးလာပြီးမှ လိုရင်းလေးကို ဒီအတိုင်းတော့မဖတ်နဲ့တော့ဗျာ။ ကော်မာလေးက နေစပြီး select လုပ်ပြီးဖတ် ........လိုက်
“သူတို့ မွေးဖွားလာကြသည်၊ အသက်ရှင်နေထိုင်ကြသည်၊ ထို့နောက် သေဆုံးသွားကြချေသည်” ဟူ၍။
ဆောင်ပုဒ်လေးတစ်ခု ထွက်လာတယ်
ဆောင်ပုဒ်
“တစ်သက်တာ ဆည်းပူးလေ့လာရမည့်
ပညာကို
တစ်မနက်စာဖြင့် မရနိုင်။”
ဖေမြင့် (စာဖတ်သမား၏ မှတ်စုများ)
ဖတ်ရှုသူအပေါင်း ကိုယ်စိတ်နှလုံးရွှင်ပြုံးနိုင်ကြပါစေ
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !