Home » » ရွှေငါးလေးတွေအကြောင်း

ရွှေငါးလေးတွေအကြောင်း

ရွှေငါးလေး တစ်ကောင်အိမ်မှာအလှမွေးရာမှာ ကောင်းသောအချက်တွေ အများကြီးရှိသည်။ အလွန်အရွယ် ငယ်သေးသည့် ကလေးများပင် တာဝန်သိစိတ်ရှိအောင် သူသင်ပေးနိုင်သည်။ခွေးလေးများလို သူ့ကိုလမ်း ထုတ်ကျောင်းပေးစရာမလို။ အိမ်မှာရှုပ်ပွအောင် သူမလုပ်။ ကျင်ကြီးကျင်ငယ်လည်းမစွန့်။ ပြီးရွှေငါးလေး တစ်ကောင်နှင့်တစ်ကောင် ရုပ်ချင်းလည်းဆင်တူကြသည်။အဲသည်နောက်ဆုံးအချက် အလွန်အရေးကြီး သည်။ အကြောင်းက ရွှေငါးလေးတွေမှာရှိသည့်အားနည်းချက်တစ်ခုနှင့် ဆက်စပ်နေ၍ပဲ ဖြစ်သည်။ ရွှေငါးလေးတွေသည် အတော်ပင်သက်တမ်းတိုတောင်းလှသည်။
ကျွန်မမှာ သမီး ၄ ယောက်ရှိသည် အကြီးဆုံးသမီး အင်နာနှင့် အငယ်ဆုံးသမီး အယ်လီယာနာက တစ်ယောက်နှင့် တစ်ယောက် ၁၂ နှစ်ကွာသည်။ အသက်ချင်းခြားနားကြသော်လည်း သူတို့ နှစ်ယောက် အတော်ပင် ပူးမိကြသည်။ ဒါ့ကြောင့်လည်း အယ်လီယာနာက ညဘက်အမှောင်ထဲ အိပ်ရမှာကြောက်သည် ဆိုသည့်အခါ အင်နာက နည်းလမ်းရှာ၍ ဖြေရှင်းပေးခြင်းဖြစ်သည်။

ကျွန်မတို့အိမ်မှာ အိပ်ခန်း ၄ ခန်းရှိသည်။ အယ်လီလေး အသက် ၂ နှစ်ခွဲရှိ၍ အိပ်ရာခွဲသိပ်ရမည့် အခါသူ့ အထက်က အစ်မ ကေလာနှင့် တစ်ခန်းတည်း သိပ်ရန်စီစဉ်ခဲ့သည်။ သမီးကြီးနှစ်ယောက် တစ်ယောက် တစ်ခန်းစီရကြသဖြင့် ကျေနပ်ကြသည်။ အယ်လီနှင့် ကေလာကို တစ်ခန်းတည်း သိပ်တော့ အယ်လီကညအ မှောင်ကြောက်သဖြင့် မီးဖွင့်ထားချင်သည်။ ကေလာက မီးလင်းလျှင်မအိပ်တတ်။ သည်ပြဿနာကို အဖြေရှာ ဖို့ အတွက် အင်နာ စဉ်းစားသည်။ သူတွေ့သည့် အဖြေက ရွှေငါးလေး တစ်ကောင်မွေးဖို့ပဲဖြစ်သည်။အင်နာက အယ်လီအတွက် ပလတ်စတစ် ငါးကန်လေးတစ်ကန် ၀ယ်သည်။ ကန်ထဲမှာ ငါးကလေး ကူးခတ်သွားလာရန် ရေထည့်သည်။ ရောင်စုံကျောက်စရစ်ခဲလေးတွေ ထည့်သည်။ ပြီး ၊ ငါးကန်လေး လင်းနေရုံ မီးသီးသေး သေးလေးတစ်လုံး ထွန်းပေးသည်။အယ်လီက ငါးကန်ကို သူ့အိပ်ရာ ခုတင်နံဘေးရှိ စင်ကလေးမှာ ထားသည်.သည်ကန်က အလင်းရောင်လေးကြောင့်သူ စိတ်ချလက်ချ အိပ်နိုင်သည်။ အိပ်ခါနီးမှာ တီးတိုးနှုတ်ဆက်စကားပြောရန် အဖော်လည်းရသည်။ ငါးကန်အလင်းရောင်က ခပ်မှိန်မှိန်လေးသာ ဆိုတော့ ကေလာအတွက်လည်း အနှောက်အယှက်မဖြစ်။ ပြီး ကေလာအတွက်လဲ ရွှေငါးလေးတစ်ကောင် မွေးရခြင်း အတွက် နှစ်သက်မှု့ရှိသည်။
အယ်လီက ငါးလေးကို နာရီအတိအကျ အစာကျွေးသည်။ ငါးကန်သန့်ရှင်းလုပ်ပေးရန်လည်း လူကြီးတွေကို ခဏခဏခိုင်းတတ်သည်။ သူ့ငါးလေး အဆိပ်မိပြီး သေမသွားစေရန်အတွက်လည်း ကန်ရေထဲကို ကလို ရင်း ဖျက်ဆေးရည်များ အမြဲဂရုစိုက်ထည့်ပေးသည်။
ထို့ပြင်သူ့ငါးလေးကို နာမည်တွေလည်း အမျိုးမျိုး အဖုံဖုံ တီထွင်ဖန်တီးပြီး ပေးနေလေ့ရှိသည်။ သည်တစ်နေ့
“ဂျော(စ)” လို့ခေါ်နေရာက နောက်တစ်နေ့ “ ဆွင်မီ ” ဖြစ်ချင်ဖြစ်သွားမည်။ တစ်ခါတစ်လေကျတော့လည်း “ ပက်(တ)စီ ”၊ “မေဘယ်လ်” စသဖြင့် အံသည်အချိန်အခိုက်အတန့်အဖို့ သူနှစ်သက်နေသည့် လူနာ မည်တစ်ခုခု မှည့်ချင် မှည့်ထားတတ်သည်။ ပြီးငါးကလေးက သူ့သဘောအတိုင်း အထီးဖြစ်ချင်ဖြစ်လိုက် အမ
ဖြစ်ချင်ဖြစ်လိုက် အမြဲပြောင်းလဲ၍ နေတတ်သည်။
သို့သော် ဆိုးသည်က ရွှေငါးလေးတွေအသက်မရှည်ကြခြင်း ဖြစ်သည်။ အဲ့သည်အတွက် ကျွန်မတို့ လူကြီး တွေအားလုံး စုပေါင်းကာ အယ်လီ့ကန်ထဲမှာ ငါးအရှင်လေးတစ်ကောင် အမြဲရှိနေအောင် စီမံပေးထား ရန်ကြံစည်ကြည်။ ညအိပ်ခါနီး အယ်လီ့ကို နှုတ်ဆက်ပြီးတိုင်း ကန်ထဲကငါးလေးကို ကျွန်မအကဲ ခတ်ရ သည်။ညဘက်တစ်ရေးနိုးမှာ သူတို့တစ်တွေကို စောင်လိုက်ခြုံပေးရင်းလည်း ငါးလေးကို ကျွန်မကြည့်ရသည်။ နောက်တွင် သမီးကြီးအင်နာလည်း ညအိပ်ရာမ၀င်မှီ ငါးလေးကိုအကြိမ်ကြိမ် ကြည့်ရှု့စစ်ဆေးလေ့ရှိတာ တွေ့လာရသည်။ငါးလေး ပါးဟပ်နားတစ်ဝိုက်က သိပ်မကောင်းချင်တော့တာ တစ်ယောက်ယောက်က စတင်သတိပြုမိပြီဆိုလျှင်ရွှေငါးတွေရောင်းသော ဆိုင်သို့ တိတ်တဆိတ်သွားဝယ်ကာ အသစ်တစ်ကောင်လဲထည့်ပေးရန် ခပ်မြန်မြန်စီစဉ်ရသည်။ ငါးလေးတစ်ကောင်ကို ဆင့်ငါးဆယ်မျှပေးရလေ့ ရှိရာ မများလှသော သည်တန်ဖိုးလေးနှင့် ကလေးတစ်ယောက်၏ စိတ်ချမ်းသာပျော်ရွှင်မှု့ကို ကျွန်မတို့ထိန်းသိမ်းပေးကြခြင်း ဖြစ်သည်။အယ်လီကလည်း သူငါးလေး သက်တမ်းဘယ်လောက်ရှည်ရှည် နေရမလဲ တစ်ခါမျှမေးမြန်းခြင်းမရှိခဲ့။အင်နာကောလိပ်ကျောင်းသွားတက်ခါနီး နှစ်ပတ်အလိုမှာ အယ်လီ ၆ နှစ်ပြည့်သည်။ သမီးကြီးနှင့်ခွဲရတော့မည်ဆိုတာ တွေးပြီး ကျွန်မရင်ထဲမှာ အတော်ပင်ခံစားနေရသည်။ သို့သော်တစ်ဖက်မှာ ပို၍ တွေးပူနေရသည်က အယ်လီကလေး ဘယ်လိုနေမည်လဲ ဆိုတာပဲ ဖြစ်သည်။
အင်နာသွားခါစ တစ်ရက်နှစ်ရက် အယ်လီ အပြင်ဘက်သိပ်မထွက်။ သူ့အခန်းလေးထဲမှာပဲ ငြိမ်၍ နေ သည်။နောက်တော့ သူ့အမဆီ ဖုန်းဆက်၍ ရတာ ရုပ်ပုံလေးတွေဆွဲပြီး ပို့ပေးနိုင်မှာတွေကြောင့် သူလဲအ ခြားသူများ
လိုပဲ တဖြည်းဖြည်း နေသားကျလာသည်။ သို့တိုင်အောင် အရင်က ထမင်းဝိုင်းမှာ လူ ၆ ယောက်ထိုင်နေရာက
အခု ၅ ယောက် ဖြစ်သွားသည့်အခါ ဟာနေသလိုခံစားမိကြရသေးသည်။နောက်ပိုင်း အင်နာလည်း သူ့ကျောင်းမှာ နေသားကျပြီး ပျော်ပျော်ရွှင်ရွှင် ရှိနေတာသိရတော့ ကျွန်မတို့အားလုံး လည်းစိတ် လက်ပေါ့ ပေါ့ပါးပါး ဖြစ်သွားကြသည်။ တစ်ညမှာတော့ အယ်လီ နှင့် ကေလာတို့ ညအိပ်ဖို့အတွက် ပြင်ဆင်ပေးစဉ် အယ်လီကမေးသည်။
“ မေမေ ဒီငါးလေးသေသွားရင် မမအင်နာ အိမ်ပြန်လာပြီး အသစ်တစ်ကောင်လဲပေးမှာလားဟင်” ဟူ၍။
ကျွန်မ အံ့အာသင့်သွားသည်။
သို့သော် တကယ်တော့ သည်ကိစ္စက အံ့သြစရာမဟုတ်။ ကလေးတွေလည်း ပတ်ဝန်းကျင်ကိုမြင် တတ်တွေ့တတ်သတိမူတတ်ကြသည်သာပင်။ ကျွန်မ သူ့ကိုပြုံး၍ကြည့်ကာ ၊ ရွှေငါးလေး တစ်ကောင်သေ သွားတိုင်း အသစ်တစ်ကောင် လဲပေးသည့်အကြောင်း သိတာဘယ်လောက်ကြာပြီလဲ မေးကြည့်မိသည်။
အယ်လီက ပုခုံးကိုသာတွန့်၍ပြသည်။ အခုရှိနေတဲ့ငါးလေးဟာ ဟိုအရင်တုန်းက အင်နာစ၀ယ်လာခဲ့တဲ့ ငါးလေးမဟုတ်ဘူးဆိုတာ သိရတော့ သူ့စိတ်ထဲဘယ်လိုခံစားရလဲ မေးသည့်အခါ ဘာမှမဖြစ်ပါ ဘူးဟု ဖြေသည်။
အဲ့သည်အတွက်သူ့မှာ ပြဿနာမဖြစ်။ သူ့စိတ်ထဲမှာ သူနှင့် အင်နာ ကစားနေကြသည် ဟူ၍ပဲသဘော ထားသည်။ငါးကလေးသေသွားတာကို သူဝမ်းနည်းနေမှာစိုး၍ အင်နာက သူမသိအောင် အသစ်တစ်ကောင် လဲထည့်ပေးသည်။သူက အဲ့ဒါကိုမသိချင်ယောင်ဆောင်ပြီး အလိုက်သင့်နေသည်။ ကျွန်မ ယခုမှပင်သဘော ပေါက်ရတော့သည်။ သမီး အယ်လီ့အိပ်ရာနံဘေးရှိ ငါးကန်ထဲ၌ ပျော်ရွှင်စွာ ကူးခတ်လျှက်ရှိသော အရာလေးသည် ညီအစ်မနှစ်ဦး အပြန်အလှန် မေတ္တာဖလှယ်မှု၏ အမှတ်သင်္ကေတကလေး ဖြစ်နေချေသည်
တကား။ 
ငါးလေးတွေသာ ပြောင်းလဲနေသော်လည်း ချစ်ခင်ကြင်နာမှု အမှတ်သင်္ကေတကား မပြောင်းမလဲ တည်မြဲနေချေသည်။ သူတို့အခန်းထဲက မီးကိုမှိတ်ပြီးသည့်နောက်တွင်မှိန်မှိန်လေးလင်းနေသေးသည့် ငါးကန်ငယ်ကို ကြည့်ကာ အတွေးတစ်ခု ခေါင်းထဲဝင်လာသည်။
“ ရွှေငါးလေးတွေနဲ့ ပတ်သတ်လို့ နောက်ထပ် ကောင်းတဲ့အချက် တစ်ခု ရှိသေးတာကိုး၊” ဟူ၍။

( မူရင်း ။ ။ Marsha Arons ၏ The Thing About Goldfish)
ဆရာဖေမြင့် ၏ နှလုံးသားအဟာရများ

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !