Home » » လူတော်လူကောင်း နဲ့ လူကြီးလူကောင်း

လူတော်လူကောင်း နဲ့ လူကြီးလူကောင်း


လူကြီးလူကောင်း စိတ်ဓာတ်အကြောင်း မကြာခဏရေးသားဖူးတော့ လူငယ်များက လူကြီးလူကောင်းနဲ့ လူတော်လူကောင်း ဆိုတာ အတူတူပဲလားလို့ မေးတတ်ကြတယ်။ မေးထိုက်တဲ့ မေးခွန်းဖြစ်တယ်။ လူအတော် များများက အတူတူလို့ထင်ကြတယ်။ ဒါပေမယ့်မတူပါဘူး။
စိတ်ထားတ၀တိံ
လူကြီးလူကောင်းကို အင်္ဂလိပ်လို (Gentleman) လို့ခေါ်ပြီး လူတော်လူကောင်းကိုတော့ (Sharp and Clever) လို့ ပြောတတ်ကြတယ်။ လူကြီးလူကောင်းဆိုတာ ရိုးသားဖြောင့်မတ်ရုံ၊ ဥာဏ်ပညာကြီးမားရုံ၊ ကရုနာထားတတ်ရုံ နဲ့တင်မပြီးပါဘူး။ ဒါထက်ပိုပြီးမြင့်မြတ်တဲ့ စိတ်နေသဘောထားရှိရပါတယ်။ ဆရာကြီးရွှေဥဒေါင်းရဲ့ ဘာသာ ပြန်စာအုပ်တစ်အုပ်ကို " စိတ်ထားစတိံ" လို့ ဆရာကြီးက အမည်ပေးခဲ့ပါတယ်။ အဲ့ဒီစကားကိုယူပြီး ပြောရမယ်ဆိုရင် ” ၀တိံ လောက်ထိ မြင့်မြတ်တဲ့စိတ် ” ရှိသူလို့ ပြောရမယ် ထင်ပါတယ်။ ရန်သူ့လက်ထဲက ဓားလွတ်ကျသွားရင်၊ ဓားပြန်ကောက်ခွင့်ပေးပြီးမှ ဆက်လက်ယှဉ်ပြိုင်တဲ့ စိတ်မျိုးကို လူကြီးလူကောင်း စိတ်လို့ ဆရာကြီးရွှေဥဒေါင်းက ရေးခဲ့ပါတယ်။
ပွဲလန့်ဖျာခင်းစိတ်
ရှေးကဆာဝါလ်တာစကော့တို့ အလက်ဇန္ဒားဒူးမားတို့ ရေးခဲ့တဲ့ ရာဇ၀င်ဝတ္ထုကြီးတွေမှာဆိုရင် ဒီလိုစိတ်မျိုး ကို အထူးအမွှန်းတင်ပြီး ရေးလေ့ရှိပါတယ်။
ဘယ်နည်းနဲ့ နိုင်ရနိုင်ရ အနိုင်ရဖို့အဓိကပဲဆိုတဲ့ အခုခေတ်ကြောင်ဖြူ ကြောင်မည်း အဘိဓမ္မာနဲ့တော့ ဖြောင့် ဖြောင့်ကြီးကိုဆန့်ကျင်နေတာဖြစ်တယ်။ ဒီခေတ်ကတော့ ကျင့်ဝတ်တို့ သိက္ခာတို့ နည်းနည်းမှ အလေးထား ကြတာမဟုတ်ဘူး ။ တမင်တကာ ပွဲလန့်အောင် လှန့်ပြီး ဖျာဝင်ခင်းဖို့ စောင့်နေကြ သူတွေချည်းပါပဲ။ ကိုယ်နဲ့ မယှဉ်သာအောင် အားနည်းနေတဲ့သူကို နိုင့်ထက်စီးနင်းလုပ်ပြီး အနိုင်ယူတာမျိုးကိုလည်း ရှက်စရာလို့ ရှက်စရာလို့ သဘောမထားကြတော့ဘူး။ ဒီခေတ်မှာ လူကြီးလူကောင်း စိတ်ဓာတ်ဆိုတာ ဘာမှန်းမသိ တော့ လောက်အောင်ကို ပျောက်ကွယ် သလောက် ဖြစ်နေပြီ။
ကိုယ်အသက်ရှင်ဖို့ အဓိက
လူတော်လူကောင်း ဆိုတာက ပညာထူးချွန်ပြီး အသောက်အစားကင်းတာ၊ ယဉ်ကျေးလိမ္မာတာ၊ ကိုယ်ချင်း စာတရားရှိတာများကို ပြောတာလို့ ယေဘုယျ ပြောလို့ရပါတယ်။ လူတော်လူကောင်းဟာ သူသေ ကိုယ်ရှင် တိုက်ခိုက်ကြတဲ့ တိုက်ပွဲမှာ တစ်ဖက်သား ဓားလွတ်ကျသွားတာကို ဒလကြမ်း ၀င်မခုတ်ဘဲ ဓားပြန်ကောက် ခွင့်ပေးတာမျိုးတော့ လုပ်နိုင်ဖို့ မလွယ်ဘူးထင်တယ်။ ၀င်ခုတ်ရင်လည်း မတရားဘူးလို့ ဆိုနိုင်တဲ့ ကိစ္စမဟုတ် ပါဘူး။ အဲဒီအချိန်မှာ ဘယ်သူမဆို ကိုယ့်အသက် ရှင်ဖို့သာ အဓိကထားကြမှာပဲ။ အဲ့ဒီလိုထားလို့ သူ့ကို ဘယ်သူမှ အပြစ်တင်မှာ မဟုတ်ဘူး။ လူတော်လူကောင်း မဟုတ်ဘူးလို့လည်း ပြောကြမှာ မဟုတ်ဘူး။
တရားတိုင်း အနိုင်မယူဘူး
လူကြီးလူကောင်းစိတ် (Gentleman ship) သူကတော့ တရားသဖြင့် (Fair) ဖြစ်တယ်ဆိုတိုင်း အနိုင်မယူပါဘူး။ သူ့စိတ်ထဲမှာ မလုပ်သင့်ဘူးယူဆရင် မလုပ်ဘဲနေပါတယ်။ တစ်ခါတုန်းက ဘောလုံးပွဲတစ်ပွဲမှာ ကြုံရတဲ့ အဖြစ်ကလေးတစ်ခုကို နမူနာပြချင်တယ်။ ကြာတော့ကြာပါပြီ ။ ကိုးနှစ်ဆယ်နှစ် လောက်တောင်ရှိပြီထင်ပါ ရဲ့။ ဘယ်အသင်းနဲ့ ဘယ်သူဘယ်ဝါဆိုတာ မမှတ်မိတော့ပါဘူး။ အင်္ဂလန် ပရီးမီးယားလိဂ်က ပွဲတစ်ပွဲ ဖြစ် တယ်ဆိုတာတော့ သေချာပါတယ်။ အသင်းနှစ်သင်း ကစားကြရင်းနဲ့ တစ်ဖက်တိုက်စစ်မှူးက ဘောလုံးရ သွားပြီး ဂိုးပေါက်ဆီကို အပြေးဆွဲယူသွားတယ်။ သူ့ရှေ့မှာ ဂိုးသမားပဲ ရှိတော့တယ်။ သေချာပေါက် ဂိုးရနိုင် တဲ့ အနေအထားဖြစ်တယ်။
ဂိုးမသွင်းပဲ ဘေးကန်ပစ်သူ
အဲ့ဒီအချိန်မှာ မမျှော်လင့်တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်သွားတယ်။ တစ်ဖက် ဂိုးသမားက ပြေးထွက်ဖို့လုပ်ရင်းနဲ့ ကြွက် တက်ပြီး လဲကျသွားတယ်။ မြေပေါ်မှာ လူးလှိမ့်နေတယ်။ အဲ့ဒီအချိန်မှာ တိုက်စစ်သမားက အသာလေး ကန်သွင်းလိုက်ဖို့ပဲ ရှိပါတော့တယ်။ ဒိုင်က ပွဲရပ်ခရာမမှုတ်လို့  သူသွင်းလိုက်ရင် တရားဝင်ဂိုးဖြစ်တာ သေချာ ပါတယ်။ ဒါပေမယ့် တိုက်စစ်သမားဟာ ဘောလုံးကို ဂိုးပေါက်ထဲ ကန်မသွင်းဘဲ ဘေးကိုကန်ထုတ်ပစ်လိုက် တယ်။ ဘယ်သူမှ မျှော်လင့်မထားတဲ့ လုပ်ရပ်ဖြစ်လို့ တစ်ကွင်းလုံးမှင်တက်မိပြီး ငြိမ်ကျသွားတယ်။ ဒါပေမယ့် ခဏလေးကြာတော့ လက်ခုပ်သံတွေ ဟိန်းထွက်လာတယ်။ ကွင်းလေးဖက်လေးတန်က ပရိသတ်တွေ အား လုံးမတ်တပ်ရပ်ပြီး လက်ခုပ်တွေ မရပ်မနားတီးကြတယ်။
အားနည်းသူကို အနိုင်မကျင့်
အဲဒီဘောလုံးသမားရဲ့ လုပ်ရပ်ဟာ လူကြီးလူကောင်းလုပ်ရပ်ပဲ။ မှန်တယ် တရားသဖြင့် ဖြစ်တယ်ဆိုတိုင်း သူမလုပ်ဘူး ။ အခွင့်အရေး ရတိုင်းမယူဘူး။ အားနည်းသူကို အနိုင်မကျင့်ဘူး။ သူဟာအရက်သောက်ချင် သောက်တတ်မယ်။ ဘောလုံးပွဲလောင်းကစားလည်း စွဲစွဲမြဲမြဲ လုပ်ချင်လုပ်မယ်။ ငယ်စဉ်ကတည်းက ဘောလုံး ကစားလာလို့ အဆင့်မြင့် မြင့် ပညာတွေ သင်ကောင်းမှ သင်ရမယ်။ လူတော်ဆိုတဲ့ စံ ၊ လူကောင်းဆိုတဲ့ သတ် မှတ်ချက်တွေနဲ့တော့ မကိုက်ဘူး။ ဒါပေမယ့် သူဟာ လူကြီးလူကောင်းစိတ်ဓာတ် အပြည့်အ၀ ရှိသူဖြစ်တယ်။ သူ့စိတ်ဓာတ်မျိုးကိုမှ “ စိတ်ထား ၀တိံ “ လို့ ခေါ်ထိုက်တာ ဖြစ်တယ်။
ပစ္စန္နရစ် ရွာကြီး
လူတော်ဖြစ်ဖို့ မခက်ပါဘူး။ ပိုက်ဆံတတ်နိုင်ပြီး စာကျိုးစားရင် ဘယ်သူမဆို လူတော်ဖြစ်နိုင်တယ်။ လူကောင်း ဖြစ်ဖို့ ကြတော့ လူတော်ဖြစ်ဖို့လောက် မလွယ်ဘူး။ ဒါကြောင့် လောကမှာ လူတော်ထက် လူကောင်းရှားတာ ဖြစ်တယ်။ လူကြီးလူကောင်း ကျတော့ ကောက်ရိုးပုံထဲ အပ်ရှာသလို တွေ့ဖို့ခက်တယ်။ လူတော်လူကောင်း တစ်သောင်းထဲက လူကြီးလူကောင်း တစ်ယောက်ထွက်ချင်မှ ထွက်ပါတယ်။ အဲ့ဒါလောက်ကို ရှားတယ်။ ဒါကြောင့်လည်း ကမ္ဘာကြီးတစ်ခုလုံး ပစ္စန္နရာစ် ရွာကြီးသဖွယ် မတရားမှု့တွေ၊ ရက်စက်ကြမ်းကြုတ်မှု့တွေ သတ်ဖြတ်မှုတွေနဲ့ ပြည့်နှက်နေတာ ဖြစ်တယ်။
ငယ်စဉ်က သင်ကြားပေး
ကမ္ဘာကြီးတစ်ခုလုံး ငြိမ်းချမ်းသာယာပြီး  နေချင်စဖွယ်ဖြစ်ဖို့အတွက် စာသင်ကျောင်းတွေမှာ လူကြီးလူ ကောင်းစိတ်ဓာတ် အကြောင်း သင်ကြားပေးသင့်တယ်။ ငယ်စဉ်ကတည်းက ခေါင်းထဲမှာ စွဲနေအောင် လုပ်ထားပေးမှ လူကြီးလူကောင်း ကလေးတွေ ပေါ်ထွက်လာမှာ ဖြစ်တယ်။ မြန်မာ့ ရာဇ၀င်ထဲက ကမ္ဘာရာဇ ၀င်ထဲက နိုင်တိုင်းဖိထောင်းတာ မလုပ်သင့်ဘူး။ ရတိုင်းယူတာ မကောင်းဘူးဆိုတဲ့ စိတ်ဓာတ်မျိုးပေးတဲ့ အကြောင်းအရာတွေကို ထုတ်နုတ်သင်ကြား ပေးသင့်တယ် ။


ဆရာ လူထု စိန်ဝင်း ရဲ့ ဆောင်းပါး လေးပါ ။ The Hot New vol.1 No.1 23. July. 2010

1 comments:

  1. ကြိုက်လွန်းလို့ facebook note မှာထည့်လိုက်တယ် fri

    ReplyDelete

never ... never ... never ...never ... never Give Up !