တစ်ကယ်ကိုကောင်းတဲ့စာတစ်ခုပါ ဒီစာကိုရေးတဲ့ ကမ္ဘာစိုးမင်းကိုတစ်ကယ်ပဲလေးစားပါတယ် အားလုံးသာ လိုက်နာနိုင်မယ်ဆိုရင်အားလုံးကောင်းလာကြမှာပါ အများမိုးခါးရေသောက်လို့ လိုက်သောက်နေ ကြရင်ဘယ် တော့မှ ရေကြည်ကို မျှော်လင့်ရမှာမဟုတ်ပါဘူးသူငယ်ချင်းတို့အားလုံးလည်း ကျေးဇူးပြုပြီး တော့ဖတ် ကြည့်ပါဗျာ
သူငယ်ချင်း -
မင်းတို့တည်ထောင်ထားတယ်ဆိုတဲ့Web Portal ကို လာလည်ပါဦးဆိုလို့ ငါလာသွားတယ်။ဒါပေမယ့် ဝင်ဝင် ချင်းပဲ Home Page မှာရေးထားတဲ့ စည်းကမ်းချက်ကို တွေ့တာနဲ့ငါလှည့်ပြန်ခဲ့တယ်ကွာ။ မင်းတို့ရဲ့“နိုင်ငံ ရေးလုံးဝမရေးရ” ဆိုတဲ့ စည်းကမ်းချက်ကြီးလေ။ အဲဒါနဲ့ ပတ်သတ်ပြီးဆွေးနွေးချင်လို့ ငါ ဒီစာလေး ရေးလိုက်တာပါ သူငယ်ချင်းရေ။ ဒီလိုရေးထားတာကိုတွေ့တော့ ငါ ခံစားမိလိုက်တာက မင်းတို့ဟာ အဲဒီ “နိုင်ငံရေး” ဆိုတဲ့စကားလုံးကို အတိအကျ နားမလည်နိုင်သေးဘူး ဆိုတာပါပဲ။ငါသိသလောက်တော့ မင်းတို့ပြောချင်တဲ့ နိုင်ငံရေးဆိုတာတွေက အစိုးရကိုဝေဖန်တာ၊ အတိုက်အခံကို ထောက်ခံတာ၊ ပါတီ ထောင် တာ၊ ဆန္ဒပြတာတွေကိုဆိုလိုတာမဟုတ်လား။ ဒါဆိုလည်း နိုင်ငံရေးမရေးရ ဆိုတဲ့နေရာမှာအစိုး ရကိုမဝေဖန်ရ လို့ပဲရေးသင့်တာပေါ့ကွာ။ တကယ်တော့ နိုင်ငံရေးဆိုတာနိုင်ငံသားတိုင်းနဲ့ သက်ဆိုင်တဲ့ အရေးကိစ္စ၊ တတိုင်းပြည်လုံး အတိုင်းအတာနဲ့လုပ်ရမယ့် အရေးကိစ္စတွေကိုခေါ်တဲ့ နိုင်ငံ့အရေး ကိုပြောတာပါသူငယ်ချင်းရေ။အစိုးရကိုဖြုတ်ချဖို့၊ အတိုက်အခံကို အားပေးဖို့ဆိုတာထက် ကိုယ်ပါဝင်နိုင်တဲ့ နေ ရာ တစ်ခုကနေ တိုင်းပြည်နဲ့ လူမျိုး အကျိုးရှိမယ့် နိုင်ငံ့အရေးကိုတတ်နိုင်သလောက် လုပ်ကြရလိမ့်မယ်၊ ပြောကြရလိမ့်မယ်၊ နောက်ပြီးရေးကြရလိမ့်မယ်သူငယ်ချင်း။
လူတွေက ဒီမိုကရေစီ လိုချင်တယ်၊ ဒီမိုကရေစီရရင် ချမ်းသာပြီ၊ လူစဉ်မီပြီလို့ထင်နေကြတယ်။ လူ့အခွင့် အရေးတွေ အပြည့်အဝရလာတာနဲ့ မနက်ဖြန်တော့ ထိုင်း၊စင်္ကာပူကိုမီပြီ၊ သန်ဘက်ခါတော့ ဂျပန်ကိုမီပြီ၊ နောက်တစ်ရက်ကျအမေရိကန်ကိုမီမယ်လို့ ယုံကြည်နေကြတယ်။ ကမ္ဘာမှာ ဆင်းရဲနေတဲ့ဒီမိုကရေစီနိုင်ငံတွေ အများကြီးဆိုတာ သတိထားမိစေချင်တယ်ကွာ။ ငါတို့အိမ်နီးချင်း ဘင်္ဂလာဒေ့ရှ်ဟာ ဒီမိုကရေ စီနိုင်ငံ တော်ကြီးပေါ့။ဒီနေ့အစိုးရပြောင်း၊ နောက်နေ့ ဒီမိုကရေစီနိုင်ငံလို့ ကြေညာတာနဲ့ငါတို့နိုင်ငံ နတ်ရေကန် ထဲကျသလို ဖြစ်မလာသေးပါဘူး။ ငါတို့ မြန်မာလည်းဒီမိုကရေစီဖွံ့ဖြိုးလာတဲ့အခါဘင်္ဂလားဒေ့ရှ်လို ဖြစ် ချင်လား၊ဂျပန်လိုဖြစ်ချင်လား။ ဒါ ငါတို့ရွေးရလိမ့် သူငယ်ချင်း။

ဒီမိုကရေစီကိုမင်းလည်းလိုချင်တယ်၊ ငါလည်းချစ်တယ်။ ဒါပေမယ့် သူများတွေလို ပါတီထဲလည်းမပါရဲဘူး။ လမ်းပေါ်လည်း မထွက်ရဲဘူးမဟုတ်လား။ ဒီတော့ ငါတို့တွေလုပ်သင့်တာကအစိုးရအပြောင်းအလဲကို ရည် ညွှန်းတာမဟုတ်တဲ့ နိုင်ငံရေးပဲ သူငယ်ချင်း။ဒီလိုပြောလို့ ငါတာဝန်မဲ့တာမဟုတ်ဘူးနော်။ တာဝန်ခွဲယူတာပါ။ ဒီနေ့ခေတ်ကြီးမှာအစိုးရကို အတိုက်အခံလုပ်နေတဲ့ အဖွဲ့တွေဟာ လက်ဆယ်ချောင်း ဘယ်ကမလဲ။သံဃာ တွေချည်းပဲကိုက ၂ ဖွဲ့ ၃ ဖွဲ့၊ ကျောင်းသားအဖွဲ့ကချည်းပဲ ၅ ဖွဲ့လောက်၊ပြည်ပရောက် အစိုးရက ၂ ဖွဲ့လောက်၊ ပြည်တွင်းမှာ UG ဆန်ဆန်လုပ်နေကြတာက ၅ဖွဲ့လောက်၊ လက်နက်ကိုင်ထားတာ၊ တိုင်းရင်းသား အဖွဲ့အစည်းဆိုတာတွေနဲ့ပေါင်းလိုက်ရင် ... သူငယ်ချင်းရေ - တနေ့နေ့များ ဒီမိုကရေစီရခဲ့ရင်အားလုံး ညီညီညွတ်ညွတ် ပြန်ပေါင်းထုပ်နိုင်ကြပါတော့မလားပဲ။ ကဲ ဒီလူတွေကအစိုးရပြောင်းဖို့၊ စနစ်ပြောင်းဖို့ လုပ်နေကြပြီဆိုတော့ ငါတို့ကလည်းကိုယ်တတ်နိုင်တဲ့ဘက်က လုပ်နိုင်တဲ့ နိုင်ငံရေးကို လုပ်ကြရလိမ့်မယ်။
ပြည်တွင်းက နာမည်ကြီးမဂ္ဂဇင်းတစ်ခုက အယ်ဒီတာချုပ်တစ်ယောက်ပြောတာလေးသတိရတယ်။
လုပ်ချင်တာတွေ လုပ်ခွင့်မရသေးခင်မှာ လုပ်သင့်တာလုပ်ကြရတယ်ဆိုတာ မှန်ပေမယ့်လုပ်နိုင်တာလည်း လုပ်ထားကြရမယ်တဲ့လေ။ သူငယ်ချင်း ငါတို့ဘာလုပ်ထားနိုင်မလဲ။ ဒီမိုကရေစီရလာရင် အဆင်သင့်ဖြစ် နေအောင် ငါတို့ဘာတွေပြင်ဆင်ထားကြမလဲ။ ငါတော့ အဲဒီနိုင်ငံရေး လုပ်ချင်တယ်ကွာ။နိုင်ငံ့အရေးပေါ့။
ငါတို့တွေ အဖွဲ့အစည်းတစ်ခုအနေနဲ့ မဟုတ်ဘဲ တစ်ဦးချင်းလုပ်ထားနိုင်တာတွေမှာလူတစ်ဦးချင်းစီရဲ့ စည်းကမ်းနဲ့ ကိုယ်ကျင့်တရားတွေ ပြန်ကောင်းမွန်လာအောင်၊အကျင့်ပျက်လာဘ်စားမှုတွေကို အားမပေး မိအောင်၊ အားကစား၊ ပညာရေးနဲ့ ကျန်းမာရေးဆုတ်ယုတ်နေမှုတွေကို ပြန်တိုးတက်လာအောင် တဘက်တလမ်းက ဝင်ကူကြဖို့တွေဟာထိပ်ဆုံးက ဦးစားပေးရမယ့် အလုပ်တွေပေါ့သူငယ်ချင်း။ ဒါတွေဟာ ဒီမိုကရေစီမှမဟုတ်ပါဘူးကွာ။ ဘယ်စနစ်၊ ဘယ်တိုင်းပြည်အတွက်မဆို လိုအပ်လှတဲ့အခြေခံအုတ်မြစ် စစ်စစ်တွေပါပဲ။ စိတ်မကောင်းစရာက ငါတို့နိုင်ငံမှာ ဒါတွေဟာဆိုးဆိုးရွားရွားပျက်စီးနေတာပါပဲ။
သူငယ်ချင်း - မင်း သတိထားမိလားတော့ မသိဘူး။ ငါတို့နိုင်ငံမှာက လူတွေကိုစည်းကမ်းလိုက်နာစေချင်ရင် ဒဏ်ငွေကောက်တဲ့ နည်းလမ်းကို သုံးတယ်နော်။တိတိကျကျလိုက်ပြီး ဒဏ်ငွေကောက်နိုင်သလားဆိုတော့မ ကောက် နိုင်ပါဘူး။
ဒဏ်ငွေတွေ၊ ထောင်ဒဏ်တွေနဲ့သာ ခြိမ်းခြောက်နေတာ - ဘာဖြစ်လို့ဒီစည်းကမ်းတစ်ခုခုကို လူတွေ လိုက်နာ သင့်သလဲ ဆိုတာမျိုးကို တာဝန်ရှိသူတွေကလူတွေနားဝင်အောင်တော့ ဘယ်တုန်းကမှ ရှင်းမပြခဲ့ဘူး။ မလုပ်နဲ့ လုပ်ရင်ဒဏ်ငွေဆိုတာပဲ ထပ်ခါတလဲလဲ ကြေညာနေတာမဟုတ်လား။ ဒီတော့ လူလစ်ရင်၊စောင့် ဖမ်းမယ့်လူ မရှိရင် လုပ်ချင်တာတွေ လုပ်လာကြရော။ဒီလိုစည်းကမ်းဖောက်လိုက်လို့ဘာအကျိုးအပြစ်တွေ ဖြစ်လာသလဲ မတွေးကြတော့ဘူးလေ။
ဥပမာ - အစိုးရရုံး အဆောက်အဦးက လှေခါးကွေ့လေးတွေမှာ ကွမ်းတံတွေးတွေထွေးကြတယ်။ မထွေးရ၊ ဒဏ်ငွေ ဆိုတာကြီးလည်း ရေးထားတယ်။ ဒါပေမယ့် ရုံးကလူကလည်းထွေးတယ်။ အလုပ်ကိစ္စလာတဲ့ အပြင်လူကလည်း ထွေးတယ်။ အဖမ်းခံရတဲ့လူရှိတယ်လို့လည်း တခါမှ မကြားမိပါဘူးကွာ။ တကယ်တော့ ဒဏ်ငွေတွေ ဘာတွေရေးနေစရာကို မလိုပါဘူး။ အဆောက်အဦးရဲ့ လှေခါးထစ်ဟာ ကွမ်းတံတွေးထွေးရမယ့်နေရာ မဟုတ်ဘူးဆိုတာ လူတိုင်းသိနေတာပဲ မဟုတ်လား။ အဲဒီလိုစည်းကမ်းမဲ့ တံတွေးထွေးတဲ့ လူတွေဟာ သူတို့အိမ်က အိမ်ထောင့်လေးတွေ၊အဝတ်ဘီရိုနားတွေ၊ သောက်ရေအိုး စဉ်နားတွေမှာရောကွမ်းတံတွေးထွေးနေကြမယ်ထင်လား။ မလုပ်ပါဘူး သူငယ်ချင်းရေ။ ကိုယ့်အိမ်လေကွာ။ ကိုယ့်အိမ်ညစ်ပတ်မှာ၊ ရောဂါပိုးမွှားရှိလာမှာ၊ အမြင်မတော် စိုးရိမ်တယ်လေ။လူတစ်ဦးချင်းစီရဲ့ စည်းကမ်းနဲ့ ကိုယ်ကျင့်တရားဆိုတာ အဲဒါပါပဲ။ ဒါလေးကသိပ်သေးလွန်းတဲ့ ဥပမာပါ။ ငါတို့ဟာ သမိုင်းကြောင်း ကောင်းတဲ့နိုင်ငံ၊ယဉ်ကျေးမှုမြင့်မားတဲ့နိုင်ငံ၊ နိုင်ငံကြီးသားတွေ နေတဲ့နိုင်ငံဆိုဘယ်အစိုးရပဲ အုပ်ချုပ်နေပါစေ - လူတစ်ဦးချင်းစီဟာ အောက်တန်းကျတဲ့ စိတ်ညစ်တွေရှိမနေသင့်ဘူး။ ဒါဟာ ပညာမတတ်တာနဲ့လည်း မဆိုင်ဘူး။ သူတို့မှာပင်ကိုရှိပြီးသား အသိဥာဏ်တစ်ခုပါပဲ။ နည်းနည်းလောက် သတိပြန်ပေးလိုက်တာနဲ့
ဆင်ခြင်သွားနိုင်တဲ့ ကိစ္စမျိုးပါ။
စီးပွားရေးချွတ်ခြုံကျမှုရဲ့အကျိုးဆက်တွေအနေနဲ့ ငွေကိုဘယ်လိုနည်းနဲ့မဆိုရဖို့ ကြိုးစားလာတဲ့အချိန်မှာ လာဘ်ပေး၊လာဘ်ယူဇာတ်လမ်းတွေဟာလည်း ပေါများသထက် ပေါများလာဦးမှာပါ။ လူတစ်ယောက် ရဲ့အ ခက် အခဲ တစ်ခုကို ကူညီနိုင်ပါရဲ့နဲ့ တရားမဝင် လာဘ်ငွေပေးမှလုပ်ပေးမယ်ဆိုတဲ့ စိတ်ဓါတ်ဟာ သိပ်စိတ်ပျက်စရာပါပဲ။ မရှိလို့အကြံအဖန်တောင်းစားရတယ်ဆိုတာကိုနားလည်ပေးနိုင်ပေမယ့် ဒါဟာ သူလုပ် ပေးရမယ့်တာဝန်တစ်ခု (Responsibility) ဖြစ်ပြီး တဘက်လူရဲ့ အခက်အခဲကိုလည်းကြည့်ရမယ်မဟုတ်လား။ ဒီတော့ ခုနပြောတဲ့ ကိုယ်ကျင့်တရား ကောင်းမွန်လာတဲ့အခါလာဘ်စားမှုတွေလည်း လျော့ပါးလာမယ်လို့ ငါတော့ယုံတယ်သူငယ်ချင်း။
သူငယ်ချင်းရေ - ပြောလက်စနဲ့ ဆက်ပြောဦးမယ်ကွာ။ ငါတို့နိုင်ငံမှာအားကစားအကြောင်းပြောကြဟေ့ဆို
“တချိန်က” ဆိုတဲ့ ခေါင်းစဉ်အောက်မှာဗဟာဒူးတို့ကဘယ်လို၊ ရှင်ဗွေဂန်း၊ မီတုန်းနော်ကဘယ်လိုဆိုပြီး အတိတ်ကိုစလွမ်းကြရတော့တာပဲ။ ပညာရေးဆိုလည်း “အရင်ကရန်ကုန်တက္ကသိုလ်ဟာအရှေ့တောင် အာရှမှာ...” ဆိုပြီး ပြန်တမ်းတကြရပြန်တော့ပဲမဟုတ်လား။သူငယ်ချင်းရေ - ပညာရေးပဲဖြစ်ဖြစ်၊ အားကစားပဲဖြစ်ဖြစ် တနိုင်ငံလုံးအတိုင်းအတာနဲ့ နိုင်ငံတကာအဆင့်ရောက်အောင်တော့ ငါတို့ဟာအစိုးရအ ကူအညီမပါဘဲမရနိုင်ပါဘူး။ ဒါပေမယ့် အစိုးရလုပ်ပေးလိမ့်မယ်ဆိုပြီးစောင့်နေတာထက်ငါတို့တွေအနေနဲ့ ကလေးနဲ့ လူငယ်တွေရဲ့ ပညာရေးကို ဘယ်လိုများထောက်ပံ့အားပေးနိုင်မလဲဆိုတာ နည်းလမ်းရှာ ထား သင့်တယ်။ မင်းတို့လို ITပညာရှင်တွေက အလယ်တန်းအဆင့်လောက် ကျောင်းသားတွေကစပြီး ကွန်ပျူတာနဲ့အင်တာနက်ကို မိတ်ဆက်ပေးကြမယ်၊ အားကစားမှာ ထွန်းပေါက်တဲ့လူတွေကလည်း ကျောင်း သား တွေကစလို့ အားကစားအခြေခံလေးတွေကို ကိုယ်ကျိုးမရှာဘဲ သင်ပေးကြမယ်၊ အကြား အမြင် ဗဟုသုတရှိတဲ့ ပညာတတ်တွေကလည်း ဟောပြောပွဲတွေလုပ်လို့ ကလေးနဲ့လူငယ်တွေကို လိမ္မာလာအောင်၊ ကိုယ်ရည်ကိုယ်သွေးမြင့်မားလာအောင် နားချကြမယ်ဆိုငါတို့ဟာ ငါတို့လုပ်နိုင်တဲ့ တာဝန်တစ်ခုကို ကျေပွန်အောင်လုပ်နိုင်ကြပြီလို့ ခံယူရမှာပါပဲကွာ။ ဒီလူငယ်တွေကို ဒီမိုကရေစီတွေ၊စစ်အစိုးရတွေ ဘာမှ မသင်ပေးပါနဲ့ဦး။ တိုင်းပြည်နဲ့ လူမျိုးကို ချစ်တတ်အောင်၊မနက်တိုင်း ရွတ်ဆိုနေတဲ့ ကမ္ဘာမကြေသီချင်းဟာ ဘာအတွက်ဆိုကြရတယ်ဆိုတာသိအောင်၊ယူနီဖောင်းဘာလို့ ဝတ်ကြတယ်ဆိုတာလောက်ပဲ အရင်သိ အောင် လုပ်ပေးနိုင်ရင်ပဲတော်လှပါပြီ။ ဒီကလေးတွေနဲ့ လူငယ်တွေဟာ ငါတို့တိုင်းပြည်ရဲ့ အနာဂတ် တွေပဲမဟုတ်လား။
သူငယ်ချင်းရေ - မိချောင်းမင်း ရေကင်းပြသလိုများ ဖြစ်နေသလားကွာ။ ငါအပေါ်မှာရေးထားခဲ့တာတွေဟာ နိုင်ငံရေးတွေပေါ့။ ဒါပေမယ့် ငါ အစိုးရဖြုတ်ချဖို့၊ဆန္ဒပြဖို့ တစ်လုံးမှ မရေးထားဘူးနော်။ ဒီလိုနိုင်ငံရေးမျိုး ငါတို့လုပ်ကြရမယ်သူငယ်ချင်း။ရေးကြရမယ်။ တနည်းအားဖြင့် ဆွေးနွေးကြရမယ်။ငါတို့အနာဂတ်ဟာ အစိုးရပြောင်းမှပဲ တောက်ပလာမယ်ဆိုတာကို ခေါင်းထဲကခဏထုတ်လို့ အဖြစ်နိုင်ဆုံးနည်းလမ်းတွေနဲ့ တိုင်း ပြည် ကို ကူညီကြရမယ်။ငါတို့တောင့်တတဲ့ ဒီမိုကရေစီထွန်းကားလာတဲ့အခါငါတို့ပြည်သူတွေဟာ ဒီမို ကရေစီနဲ့အညီ နေထိုင်တတ်တဲ့ ပြည်သူတွေ ဖြစ်နေမယ်ဆိုဘယ်လောက်ကောင်းလိမ့်မလဲကွာ။ကြားဖူးတဲ့ ဆိုရိုးစကားလေး တစ်ခုရှိတယ်။တိုင်းပြည်တစ်ခုကပြည်သူတွေဟာသူတို့နဲ့တန်တဲ့ အစိုးရပဲ ရတတ်တယ်တဲ့။
ဒီဆိုရိုးလေးမှန်မယ်ဆိုရင် ငါတို့စည်းကမ်းပြည့်ဝပြီးကိုယ်ကျင့်တရားကောင်းလာတဲ့အခါငါတို့အစိုးရလည်း မင်းကောင်းမင်းမြတ်တွေဖြစ်လာမှာပေါ့။ မကောင်းတဲ့လူတွေ ဘေးဖယ်သွားကြရပါလိမ့်မယ်။မင်းလည်း မြန်မာ၊ ငါလည်း မြန်မာ - မြန်မာတွေ ဖြစ်ပါရက်နဲ့မြန်မာ့နိုင်ငံရေးကို မရေးရ၊ စိတ်မဝင်စားရဆိုတော့ - သူငယ်ချင်းမင်းတို့လုပ်ထားတဲ့ Portal က ဘယ်သူတွေ အတွက်တုန်း။ ငါပြောတာတွေမင်းနားလည်မယ်ဆို နိုင်ငံရေးလုပ်ကြစမ်းပါလို့မင်းသူငယ်ချင်းတွေကိုထပ်ပြောပေးပါကွာ။ သိပ်နောက်မကျခင် နိုင်ငံရေး လုပ်ကြ စို့လို့။
PS. လူတိုင်းနိုင်ငံရေးဆိုတဲ့ဝေါဟာရကိုဒီလိုနားလည်နိုင်ရင်ကျွန်တော်တို့မြန်မာပြည်လည်းနိုင်ငံတကာကို ရင်ဘောင်တန်းနိုင်မယ်လို့ယုံကြည်ပါတယ်။ကျွန်တော်တို့လည်း နောက်မကျသေးခင်ကိုယ်တတ်နိုင်တဲ့ နိုင်ငံ ရေးကိုလုပ်ဆောင်ကြရအောင်။
ကမ္ဘာစိုးမင်း
--
"Taunggyi Family (Singapore)"
To post to this group, send email to taunggyifamily_sg@googlegroups.com
For more options, visit this group at
http://groups.google.com/group/taunggyifamily_sg?hl=en
ကူးယူဖော်ပြခြင်း အတွက် ခွင့်ပြုပါလို့ တောင်းခံပါတယ်
တစ်နိုင်ငံလုံး နိုင်ငံရေး အသိစိတ်ဓာတ်တွေ ရှိကြဖို့ အချိန်တန်ပါပြီ ။ ဖြစ်ချင်တဲ့ စိတ်ရှိရင် လုပ်ရဲတဲ့ သတ္တိလဲ
ရှိကြပါလို့ ထပ်ဆင့် နှိုးဆော်ပါရစေ။

0 comments:
Post a Comment
never ... never ... never ...never ... never Give Up !