Home » » မငြိမ်းချမ်းတဲ့ ငြိမ်းချမ်းရေး

မငြိမ်းချမ်းတဲ့ ငြိမ်းချမ်းရေး


သြဂုတ် ၁ ရက်ထုတ် တိုင်းမ်မဂ္ဂဇင်းကို လှန်လှောဖတ်ရှုရင်းက မျက်နှာဖုံးဆောင်းပါးအဖြစ် အထူးပြု ဖော်ပြထားတဲ့ ဟီရိုရှီးမား အမှတ်တရ ဆောင်းပါးကို ဖတ်ဖြစ်ပါတယ် ။ အဲဒီလို ဖတ်ရင်းက သိပ်ကို သဘောကျ သွားတဲ့ စကားလုံးလေးတစ်ခု တွေ့လိုက်ရလို့ မှတ်စုစာအုပ်ထုတ်ပြီး မှတ်သားလိုက်ပါတယ် ။
"Peace that is no peace"
"မငြိမ်းချမ်းတဲ့ ငြိမ်းချမ်းရေး" တဲ့ ။ 
အင်မတန်လှတဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ ဒီစကားလုံးလေးကို သုံးစွဲလိုက်သူကတော့ နာမည်ကျော် စာရေးဆရာ ကြီး ဂျော့အော်ဝဲ ( Georg Orwell ) ဖြစ်ပါတယ် ။ ဟီရိုရှီးမားနဲ့ နာဂါဆာကီမြို့ကြီး နှစ်မြို့ပေါ် အနုမြူဗုံး ကြဲချ ပြီး နှစ်လကြာမှာ ရေးသားခဲ့ပါတယ် ။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးခဲ့တာ နှစ်ပေါင်း ၆၀ တိတိ ရှိခဲပါပြီ ။ ကမ္ဘာ ကြီး တကယ် ငြိမ်းချမ်းသွားခဲ့ပါသလား ။
နှစ်ပေါင်း ၆၀ သမိုင်းမှတ်တမ်းများကို ပြန်လည် တွေးဆကြည့်လိုက်ရုံနဲ့ ကမ္ဘာကြီးပေါ်မှာ ဘက်ကြီးနှစ်ဖက် အပြိုင်အင်အားစုကြီး နှစ်ရပ် ယှဉ်ပြိုင် တိုက်ခိုက်ခဲ့ကြတဲ့ တတိယကမ္ဘာစစ်ကြီး ဆိုတာမျိုး ဖြစ်ပွားပေါ် ပေါက်လာခဲ့ခြင်း မရှိဘူးဆိုတာ မှန်ပေမယ့် ကမ္ဘာကြီးရဲ့နေရာပေါင်းစုံမှာ ဘက်ပေါင်းစုံက လူသားတွေချင်း စစ်မက်ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ကြတဲ့ အလတ်စား အငယ်စားစစ်ပွဲတွေကတော့ နှစ်ပေါင်း ၆၀ အတွင်းမှာ တစ်ရက်ကလေးမှ လပ်တယ်လို့ မရှိအောင် ဖြစ်ပွားနေကြတယ်ဆိုတာ တွေ့ရပါလိမ့်မယ် ။
ဟီရိုရှီးမားနဲ့ နာဂါဆာကီမြို့ကြီး နှစ်မြို့မှာ အနုမြူဗုံး ကြဲချခဲ့တဲ့အတွက် ချက်ချင်းလက်ငင်း သေဆုံးသူ တစ် သိန်းကျော်ရှိပြီး နောက်ရက်တွေ လတွေ နှစ်တွေ ကြာမှ သေဆုံးသူတွေလည်း သိန်းချီရှိခဲ့ပါသေးတယ် ။ ဒါ ပေမယ့်လို့ နှစ်ပေါင်း ၆၀ အတွင်း ကမ္ဘာကြီး တစ်ခုလုံးမှာ ကွက်လပ် မကျန်အောင် နေ့စဉ်ရက်စက် ဖြစ် ပွားနေတဲ့ အလတ်စား ၊ အသေးစား စစ်ပွဲတွေကြောင့် သေဆုံးခဲ့ရသူများရဲ့ အရေအတွက်ကလည်း သိန်းဂ ဏန်းမက သန်းဂဏန်းမက အတော်များများထိ ရှိနေပြီဆိုတာ တွေ့မြင်ကြမှာပါ ။

အနုမြူဗုံးရဲ့ လူသတ်စွမ်းအား ကြီးမားပုံကို လက်တွေ့မြင်တွေ့လိုက်ရခါစ ကာလတချို့မှာတော့  ကမ္ဘာ့ လူသား အားလုံး စစ်ဆိုတာကို အကြောက်ကြီးကြောက် အလန့်ကြီးလန့်သွားပြီး ငြိမ်းချမ်းသွားပြီး ငြိမ်းချမ်းရေး  စကားတွေ လှိုင်လှိုင်ကြီး ပြောခဲ့ကြပါတယ် ။ ရလဒ်အဖြစ်နဲ့ “ ကုလသမဂ္ဂအဖွဲကြိး ” ထွက်ပေါ် လာခဲ့ပါတယ် ။
ဒါပေမယ့် လို့ လူသားများရဲ့ နောင်တတရားဆိုတာ ဘယ်လောက်များကြာကြာခံလိုက်ပါသလဲ ။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးသွားပြီး ဘာမှ မကြာလိုက်ခင်မှာ အရှေ့အလယ်ပိုင်းဒေသက ပါလက်စတိုင်း အစ္စရေး စစ်ပွဲကြီး ဖြစ်ပွားလာခဲ့ပါတယ် ။ အဲ့ဒီနောက် အယ်လ်ဂျီးရီးယား - ပြင်သစ်စစ် ၊ ပြင်သစ် - ဗီယက်နမ်စစ် ၊ အမေရိကန် - ဗီယက်နမ်စစ် ၊ အာရပ် - အစ္စရေးစစ် ၊  ဥရောပက စပိန်ပြည်တွင်းစစ် ၊ ဂရိ - တူရကီစစ် စတဲ့ စတဲ့ စစ်ပွဲကြီး စစ်ပွဲငယ်တွေ ၊ နိုင်ငံအချင်း စစ်ပွဲတွေ ၊ မျိုးနွယ်စုချင်း စစ်ပွဲတွေ ဆက်တိုက်ဆိုသလို ပေါ်ထွက်လာခဲ့ ကြပါတယ် ။ ပေါ်ထွက်နေဆဲလည်း ဖြစ်ပါတယ် ။ အဲဒီလို စစ်ပွဲကြီးငယ်တွေကြောင့် သေကြ ကြေကြ ၊ ကျိုးကြ ပဲ့ကြ ဖြစ်ရတဲ့ သူအရေအတွက်ကလည်း သန်းဂဏန်းပေါင်းများလှပါပြီ ။ ဒါတင်မက လူသားတွေဟာ မိုက်လက်စ မဆုံးနိုင်တော့ဘူးလို့ ဆိုရမလောက် မိုက်မဲမှုတွေ တစ်ခုပြီးတစ်ခု ဆက်လက် လုပ်ဆောင် နေကြဆဲဖြစ်ပါတယ် ။ ၁၉၄၅ ခုနှစ်က အနုမြူလက်နက် ပိုင်ဆိုင်တဲ့ နိုင်ငံတစ်ခုတည်း ရှိရာက အခုဆိုရင် လူသိရှင်ကြား ထုတ်ဖော် ကြေငြာထားတဲ့ အနုမြူလက်နက်ပိုင် နိုင်ငံပေါင်း ကိုးနိုင်ငံတိတိ ရှိနေ ပြီဖြစ်ပါတယ် ။ အမေရိကန် ၊ ရုရှား ၊ ဗြိတိန် ၊ ပြင်သစ် ၊ အစ္စရေး ၊ အိန္ဒိယ ၊ တရုတ် ၊ ပါကစ္စတန် နဲ့ မြောက်ကို ရီးယား နိုင်ငံတို့ ဖြစ်ကြပါတယ် ။ စူပါ ပါဝါကြီး နှစ်ခုဖြစ်တဲ့ အမေရိကန်မှာ အနုမြူထိပ်ဖူးပေါင်း ၁၀၃၁၅ ခု ရှိပြီး ရုရှားမှာ အသင့် ချထားပြီး လက်နက် ၇၂၀၀ နဲ့ အရံထားတဲ့ ထိပ်ဖူးပေါင်း ၈၈၀၀ ရှိပါတယ် ။ တရုတ် ကခန့်မှန်းခြေ ၄၁၀ ၊ ပြင်သစ် ၁၅၀ ၊  ဗြိတိန် ၂၀၀ ၊ အစ္စရေး ၁၀၀ က ၁၇၀ အတွင်း ၊ အိန္ဒိယက ၇၅ ကနေ ၁၁၀ အတွင်း ၊ ပါကစ္စတန်က ၅၀ ကနေ ၁၁၀ အတွင်း ၊ မြောက်ကိုရီးယားက ၇ က ၁၅ အတွင်း ရှိတယ်လို့ သိရပါတယ် ။
ထုတ်လုပ်ထားပြီး အဆင့် မရောက်သေးပေမယ့် ထုတ်လုပ်နိုင်စွမ်း ရှိနေပြီ ဖြစ်တဲ့ နိုင်ငံပေါင်းကလည်း တစ်ဒါဇင် ထက်မနည်း ရှိပါတယ် ။ တစ်ခြားနိုင်ငံများ ရဲ့ စရင်းအင်းများကို ခန့်မှန်း သိဖို့ခတ်ခဲတာကြောင့် မသိကြရပေမယ့် အမေရိကန် နိုင်ငံရဲ့ အနုမြူလက်နက်များ ထိန်းသိမ်းထားရတဲ့ အတွက် ကုန်ကျစရိတ် ဟာ နှစ်စဉ်နှစ်တိုင်း ဒေါ်လာ ဘီလျံ ၃၀ လောက် ရှိတယ်လို့ ကျွမ်းကျင်သူများရဲ့ ခန့်မှန်းချက်အရ သိရှိကြရ ပါတယ် ။
အနုမြူလက်နက် အရေအတွက်တွေ များပြားလာရုံသာ မဟုတ်သေးပါဘူး ။ အဖျက်စွမ်းအားကလည်း ကြောက်စရာ ကောင်းလောက်အောင်ကို ပြင်းထန်ကြီးမားလှပါတယ် ။ဒီအထဲမှာ ပိုပြီး အန္တရာယ်ကြီးမား ကြောက်စရာ ကောင်းတာကတော့ အကြမ်းဖက် ဂိုဏ်းတွေလက်ထဲ အနုမြူလက်နက် ရောက်ရှိသွားမယ့် အန္တရာယ် ဖြစ်ပါတယ် ။ ဒီအန္တရာယ်က ပိုပြီးဖြစ်နိုင်ခြေအရှိဆုံး ဖြစ်တယ်လို့လည်း ပညာရှင်တွေက ဆိုကြ ပါတယ် ။ အကြောင်းပြချက်ကတော့ အနုမြူဗုံးလုပ်နည်းဟာ နည်းပညာတွေ အလွန်တိုးတက်တဲ့ ဒီခေတ် ကြီးမှာ ခက်ခဲတဲ့ လုပ်နည်း မဟုတ်တော့ဘူး ။ စွမ်းအားဖြည့် ယူရေနီယမ်လေး အနည်းငယ် ရရှိလိုက်ရုံနဲ့ ဗုံးအသေးစားတစ်လုံးတော့ ထုတ်လုပ်နိုင်တယ် ။ အဲဒီဗုံးတစ်လုံးပိုက်ပြီး အသေခံဗုံးခွဲတိုက်ခိုက်မယ့်သူ တစ်ဦးက မြို့ငယ်တစ်မြို့လုံးလောက်ကို ဖျက်စီးပစ်နိုင်တယ် ။ နောက်ပြီး တော့ ဂျိမ်းစဘွန်းစ် ရုပ်ရှင်ကား တွေထဲကလို အနုမြူလက်နက် ထိမ်ဖူး တစ်ခုလောက်ကို ခိုးယူပြီးဖြစ်စေ ၊ ငွေပေးဝယ်ယူပြီး ဖြစ်စေ မသာမာ သူတွေက လုပ်နိုင်ချေတွေလည်း ရှိတယ်လို့ ဆိုကြပါတယ် ။ 
ဟီရိုရှီးမား နှစ်ခြောက်ဆယ်ပြည့်နဲ့ ဆက်စပ်ပြီး တွေးမိတွေးရာ တွေးလိုက်မိတာ စိတ်မသက်မသာ ဖြစ် သွားရပါတယ် ။ ကမ္ဘာကြီးရဲ့ “ မငြိမ်းချမ်းတဲ့ ငြိမ်းချမ်းရေး ” နောက်ထပ် ဘယ်လောက်ကြာကြာ ခံနေရဦး မှာလဲလို့တောင် ဆက်မတွေးချင်တော့ပါဘူး ။
တကယ်လို့  “ ဆယ်ရေးတစ်ရေး  ကိုးရေးတစ်ရေး ” ဆိုသလို မသမာသူတွေနဲ့ အကြမ်းဖက်သမားတွေ လက် ထဲများ အနုဒုံးကျည် ထိပ်ဖူးတစ်ခု ရောက်ရှိသွားခဲ့ ရင် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေဟာ တွေးတောင် မကြည့်ရဲလောက်အောင် ကြောက်စရာ ကောင်းလှပါတယ် ။ ဗုံးဒဏ်ကြောင့် ချက်ချင်းသေဆုံးသူပေါင်း ၁၄၀၀၀၀ အထိရှိတယ်လို့ ခန့်မှန်းခဲ့ကြပါတယ် ။ နောင်မှ ဖြည်းဖြည်းသေးဆုံးသူတွေလည်း အများကြီးပါပဲ။ အနုမြူဗုံးတို့ ၊ နျူကလိယ ဗုံးတို့ဆိုတာတွေက သာမန်ဗုံးတွေလို ကြဲချဖျက်ဆီးပြီး တာနဲ့ ပြီှးဆုံးသွားတာ မဟုတ်ပါဘူး ။ ဓာတ်ရောင်ခြည် သင့်ခံရသူများအဖို့ နှစ်ပေါင်းများစွာ ရောဂါဆိုးများ ဒဏ်ကို ခံစားကြရတာ တွေလည်း ရှိပါတယ်။ ဒါတင်မက ဓာတ်ရောင်ခြည်သင့် ခံထားရသူမိခင်များက မွေးစားလိုက်တဲ့ ကလေးများ ဟာ မွေးကတည်းက အင်္ဂါ မစုံဘဲမွေးတာတို့ ၊ တစ်ခုခု ချွတ်ယွင်းပြီးမွေးလာတာတို့ ဆိုတာမျိုးတွေလည်း အများကြီး ဖြစ်ခဲ့ကြရပါတယ် ။
ဗီယက်နမ်စစ်ပွဲကာလက အမေရိကန်တို့ ကြဲချခဲ့တဲ့ ရွက်ကြွေဗုံးတွေ ၊ လောင်မီးဗုံးတွေနဲ့ အဆိပ်ဓာတ်ငွေ့ ဗုံးတွေကြောင့် ဒီနေ့အထိ ဗိယက်နမ် နိုင်ငံမှာ အင်္ဂါမစုံဘဲမွေးလာရတဲ့ ကလေးတွေ ထောင်နဲ့ချီ တွေ့မြင်ရ ပါသေးတယ် ။ ရွက်ကြွေဗုံးနဲ့ လောင်မီးဗုံးတွေကြောင့် ပြောင်တလင်းခါဖြစ်သွားရတဲ့ သစ်တောကြီးတွေရဲ့  နေရာမှာ အခုထိ ဘာမှ စိုက်လို့ပျိုးလို့ မရနိုင်အောင် ဖြစ်နေတာတွေလည်း အများကြီး ရှိနေပါသေးတယ် ။
ကုလသမဂ္ဂအဖွဲကြီးက ဦးဆောင်ဦးရွက်ပြုတဲ့ အနုမြူလက်နက် ဖျက်သိမ်းရေး စာချုပ်တို့ အနုမြူလက်နက် လျှော့ချရေး စချုပ်တို့ဆိုတဲ့ စာချုပ်မျိုးစုံးလည်း အတော်ပြည့်ပြည့်စုံစုံရှိပါတယ် ။ ဒါပေမယ့် လက်တွေ့ကျ တော့ လက်နက်တွေ လျော့ကျမသွားရုံသာမက တစ်နေ့တစ်ခြား တိုးသထက်တိုးလာ နေတာတွေ့ရပါတယ်။ ဒုတိယ ကမ္ဘာစစ်တုန်းက အနုမြူ လက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံတစ်ခုတည်း ရှိခဲ့ရာက အခုဆိုရင် နိုင်ငံတစ်ကျိပ်လောက် ရှိလာခဲ့ပါတယ် ။ လက်နက်တွေရဲ့အဖျက်စွမ်းအားကလည်း ဟီရိုရှီးမားပေါ်ကို ကြဲချ ခဲ့တဲ့ ဗုံးထက် အစပေါင်း သုံးလေးသောင်းလောက်အထိ ပြင်းထန်လာခဲ့ကြပါတယ် ။ ဟီရိုရှီးမားတုံးက ဧရာမလေယဉ်ကြီးတွေနဲ့ ပေါင်တစ်သောင်း အလေးချိန်ရှိတဲ့ ဗုံးကြီးကို သယ်သွားပြီးကြဲချခဲ့ရတာပါ ။ 

အခုခေတ်မှာ အဲဒီလို မဟုတ်တော့ပါဘူး ။ အိမ်ဖြူတော် အိပ်ခန်းထဲ ဒါမှမဟုတ် ကရင်မလင်နန်းတော်က စက်ရာဆောင်ထဲမှက စောင်ခြုံထဲမှာ အိပ်နေတဲ့ သမ္မတများရဲ့ ဘေးမှာ အမြဲရှိနေတဲ့ သော့ခတ်ထားတဲ့ လက်ဆွဲသေတ္တာနက်ထဲက ခလုတ်ကလေး တစ်ခုကို နှိပ်လိုက်ရုံနဲ့ တင် နိုင်ငံအနှံ့အပြားမှာ တည်ဆောက် ထားတဲ့ တိုက်ချင်းပစ် ဒုံးကျည် စခန်းတွေက အနုမြူထိပ်ဖူးတပ် ဒုံးကျည်တွေဟာ အသင့်ချိန်ရွယ်ထားပြီး သား ပစ်မှတ်များရှိရာကို သူ့အလိုလို အရောက်သွားပြီး ပေါက်ကွဲကြတော့မှာပါ ။ ရန်ဘက်နိုင်ငံ ဒုံးကျည် စခန်းက ဒုံးကျည်တွေ ပစ်စင်က လွှတ်လိုက်တာနဲ့ ဒီဘက်နိုင်ငံက ချက်ချင်းပဲ သိရှိပြီး စက္ကန့်ပိုင်းလေးအတွင်း မှာပဲ ဒုံးကျည်တွေ ပြန်ပြီး လွှတ်နိုင်ပါတယ် ။ အနုမြူထိပ်ဖူးတပ် ဒုံးကျည်တွေ လွှတ်လိုက်တာနဲ့ တစ်ပြိုင် တည်းမှာပဲ တစ်ဖက်ကလာတဲ့ ဒုံးကျည်တွေ ကမ္ဘာ့လေထုအတွင်း မရောက်မှီ အာကာသ အတွင်းမှာတင် ဖျက်ဆီးပစ်နိုင်တဲ့  ဒုံးခွင်းဒုံးတွေလည်း လွှတ်လိုက်ကြပါလိမ့်မယ် ။ ဒုံးကျည်ထိပ်ဖူးတိုင်းမှာ ကိုယ်ပိုင်ဆင်ဆာ တွေ ရေဒါစနစ်တွေ ကင်မရာတွေနဲ့ ကွန်ပျူတာတွေ ကိုယ်စီ တပ်ဆင်ထားတာကြောင့်  ထိပ်ဖူးတိုင်းဟာ ပစ်မှတ်ကို ထိအောင် ကိုယ့်ဟာကို ချိန်ရွယ်ပြီး ပစ်ခတ်ဖျက်ဆီးနိုင်စွမ်း ရှိကြပါတယ် ။ 
ဒါပေမယ့် များယွင်း ချွတ်ချော်မှုဆိုတာ ဘယ်အရာမှ မကင်းနိုင်ဘူး ။ ဒုံးခွင်းဒုံးက မဖျက်နိုင်ဘဲလွတ် ထွက်သွားတယ် ဆိုရင်ပဲ လူတွေသန်းချီ သေဆုံးကြရမှာပါ ။ အဲ့ဒီနျူကလိယ စစ်ပွဲကြီးဖြစ်တဲ့နေ့ဟာ ကမ္ဘာ ကြီး လုံးဝ ပြတ်သုံးတဲ့ နေဘဲဆိုတာ အမေရိကန်တွေသိသလို ရုရှားတွေလည်း သိပါတယ်။
နျူကလိယ လက်နက်ပိုင်ရှင်တွေချင်း ဖြစ်ကြမှာပါ ။ ကိုယ်နဲ့မဆိုင်ပါဘူးလို့ မမှတ်ပါနဲ့ ။ ဓာတ်ရောင်ခြည် ဆိပ် ပျံ့လွင့်မှုတွေကတော့ တစ်ကမ္ဘာလုံးကို ရောက်မှာပါ ။ ရုရှားနိုင်ငံကတောမီးကြီးကြောင့် ဥရောပနိုင်ငံ တွေ အများကြီး မီးခိုးမှိုင်းတွေအောက်မှာ မှုန်မှုန်မှိုင်းမှိုင်း ဖြစ်သွားခဲ့ကြတာလည်း မှတ်မိကြဦးမှာပါ ။ 
မီးခိုးငွေ့ကြောင့် မှုန်မှိုင်းရုံလူတွေ အသက်ရှူကျပ်ရုံသာ ဖြစ်ကြပေမယ့်နျူကလိယား ငွေ့ကတော့ လူကို သေသွားစေနိုင်ပါတယ် ။ မသေလည်း တစ်ခြားရောဂါဝေဒနာတွေ ရသွားနိုင်ပါတယ် ။ ဒါကြောင့် နျူကလိယ လက်နက်တွေ လုံးဝဖျက်သိမ်းရေးကို ကြိုးစားဆောင်ရွက်ကြဖို့ လိုပါတယ် ။ ကုလသမဂ္ဂအဖွဲ့ကြီးက ဆောင်ရွက်နေတဲ့ နျူကလိယား လက်နက်ဖျက်သိမ်းရေးတို့ မပျံ့ပွားရေးတို့နဲ့တင် မလုံလောက်ပါဘူး။ ကမ္ဘာပြည်သူ တစ်ရပ်လုံးက အရေးကြီးကိစ္စ တစ်ခုအဖြစ် သဘောထားပြီး တက်တက်ကြွကြွ လုပ်ဆောင်ဖို့ လိုပါတယ် ။ 
ဘာကြောင့်လဲဆိုတော့ ကုလသမဂ္ဂကြီး ပေါ်ထွက်လာတာ နှစ်ပေါင်း ၆၀ တင်းတင်းပြည့်ခဲ့ပါပြီ ။ ကုလသမဂ္ဂ ကြီး ပေါ်ထွန်းလာပြီးနောက် သိပ်မကြာမှာပဲ ဖြစ်ပွားပေါ်ပေါက်ခဲ့တဲ့ ပါလက်စတိုင်း ပြဿနာကို ဒီနေ့အထိ ဖြေရှင်းပေးနိုင်တာမှ မဟုတ်ဘဲ  ။ ကုလသမဂ္ဂ ဒုက္ခသည်များ ကူညီရေးအဖွဲ့တို့ ၊ ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့တို့ စတဲ့ အဖွဲ့တွေသာ တစ်ခုပြီး တစ်ခုတိုးလာတယ် ။ ပါလက်စတိုင်း ပြဿနာကတော့ ဒုံရင်း ဒုံရင်း ပါပဲ ။ ပြေလည်လာမယ့် အလားအလာတောင် မမြင်ရပါဘူး ။
ကုလသမဂ္ဂအဖွဲ့ကြီးကို အားကိုးနေလို့ ဘယ်ကိစ္စမှ မပြေလည်နိုင်ပါဘူး ။ ကမ္ဘာသူကမ္ဘာသား အားလုံးက “ ဥစ္စလိုရင် ဥစ္စရင်ခဲ ” ဆိုသလို ကိုယ်တိုင် တက်တက်ကြွကြွမှ ဖြစ်မှာပါ ။ ဘာကြောင့်လဲဆိုတော့ နျူကလိယား စစ်ပွဲ ဖြစ်လာခဲ့ရင်တော့ ဂျော့ဘုရ်တို့ ၊ ပူတင်တို့သာမက ကမ္ဘာသူ ကမ္ဘာသား အားလုံးပါ မျိုးတုံးသွား အောင် သေကြ ကြေကြရမှာကြေင့်  ဖြစ်ပါတယ် ။ ဒီခေတ်က ကိုယ်နဲ့မဆိုင်ဘူးဆိုလို့ ရတဲ့ခေတ်မဟုတ်တော့ပါဘူး။  နျူကလိယား ဓာတ်ရောင်ခြည်က နယ်နိမိတ်မျဉ်းကြောင်းဆိုတာကို နားမလည်ပါဘူး ။ ကိုယ့်ခြံစည်းရိုးလေး  ကိုယ်လုံအောင်ထားရုံနဲ့  ဖြစ်တဲ့ ခေတ် မဟတ်ုတော့ဘူးလေ ။ ကမ္ဘာရွာကြီး ဖြစ်နေပြီဆိုတာ နျူးကလိယား ဗုံး အတွက်ကတော့ ကွက်တိမှန်ကန်တဲ့ အဆိုဖြစ်နေပါပြီ ဆိုတဲ့အကြောင်း တင်ပြလိုက်ပါတယ် ။ ကမ္ဘာ ကြီးရဲ့  “ မငြိမ်းချမ်းတဲ့ ငြိမ်းချမ်းရေး ” နောက်ထပ် ဘယ်လောက်ကြာအောင် ခံနိုင်ဦးမှာလဲလို့လည်း တွေးမိပါတယ်  ။ 
ဆရာလူထု စိန်ဝင်း ၏  ဒီခေတ်မျိုးဆက်ရဲ့ ပန်းတိုင် မှ ပြန်လည် ရေးသား ၍ ဖော်ပြပါသည် ။

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !