အသက်ကလေးရယ်တဲ့ ဆိတ်ဝှေးစေ့လောက်ဆိုတော့ နေရာတကာ ဘွာလောင်ဘွာလောင် လုပ်လို့ မကောင်း ဘူး။ဗိုလ်ချုပ်တို့ခေတ် အောင်ဆန်းတို့ခေတ်ကတော့ ဆယ်ကျော်သက်တွေ အလုပ်ဖြစ်တယ်။ အခုချိန်က အိုဗာ 45တွေ ကြီးဆိုးတဲ့ခေတ်ဖြစ်နေတော့ ကိုယ်တွေပြောတဲ့ စကားလူရာသိပ်မ၀င်ဘူး။ တစ်ခါ တစ်လေများ တိုင်းတစ်ပါးပြန်ကျူးကျော်လိုက်စမ်းပါလို့ ဆုတောင်းမိတယ်။ အဲဒီအချိန်ကြမှ လူကြီးတွေ ကြောက်အားကြီးလို့ အမြှီးကုတ်ပြီး လူငယ်တွေကို မြှောက်ပေးကြမှာ။ အခုဟာက အေးအေး သက်သာ နေရ စားရတာဆိုတော့ လူငယ်တွေကို နေရာမပေးနိုင်ဘူး။ ဟုတ် တယ် ဟုတ် ။ `အသက်ကလေးရယ်တဲ့ ဆိတ်ဝှေး စေ့လောက် ၊ မမှီမကမ်း ရမ်းမျှော်ကာ တွေးမိတော့ ခေါင်းတွေလည်းဖြူ ၊ ဦးနှောက်တွေလည်းခြောက်၊ ညစ်တီး နောက်တောက်နဲ့ပြောရရင်တော့ အမိမိုက်သား ဖြစ်လေရော့ လဟယ်။
ငါ့အတွေး နယ်ရယ်မှ မိသားစုအရေး မပါ ၊ စီးပွားရေးအကြောင်း မတွေး၊ အတွေးနယ် ချော်လေရော့ နိုင်ငံရေး အကြောင်းတွေကိုမှ တွေးမိလျှက်သား ဖြစ်နေပါပေါ့လား ။ တစ်ထွာ တစ်မိုက် လူစဉ်မမီတဲ့အတွေးနဲ့ နိုင်ငံရေးကို ဇာချဲ့ ဟာသမဆန်တဲ့ ပျက်လုံးတွေနဲ့ ရေးရော့မဟယ်။
ဗိုလ်ချုပ်ပြောတဲ့ နိုင်ငံရေး
နိုင်ငံတကာ တီကာကျမ်းအသွယ်သွယ်ကိုတော့ ဖြင့် အင်္ဂလိပ်ပေစာမကျွမ်းလို့ မဖတ်မိပေါင်ဗျာ။ ပြည် တော်သာ မြန်မာပြည်သား ဖြစ်လေတော့ လွတ်လပ်ရေးဖခင်လို့လည်း ဆိုကောင်းရဲ့ ဗိုလ်ချုပ်ရဲ့ နိုင်ငံရေးရှင်း တမ်းလေးတော့ ဖတ်မှတ် ဖူးသား။ ဗိုလ်ချုပ်ဆို မမှားလေနဲ့ဦး။ အရာထောင်သောင်း ဗိုလ်ချုပ်အပေါင်းထဲက အနန္တောအနန္တ ခြောက်ပါးသောဂုဏ်အင်ထဲက `ဗုတ်ချိုအန်းဆောင်´ ဗိုလ်ချုပ်အောင်ဆန်း ပေါ့ဗျား။ အနန္တော အနန္တထဲမှာ ဗိုလ်ချုပ်ကိုထည့်ထားတယ်ဆိုတာ သူ့ဂုဏ်အင်နဲ့ ထိုက်တန်လို့နော်။ တခြားဗိုလ်တွေကို စိတ်ရူး ပေါက်ပြီး သွားမထည့်ကြနဲ့ဦး။ ဗိုလ်ချုပ်က ဘယ်လိုမိန့်သလဲဆို နိုင်ငံရေးဆိုတာ `လူတွေရဲ့ စားမှု၊သောက်မှု၊ နေမှု၊ ထိုင်မှု အစုစုဟာ နိုင်ငံရေးလို့ ဆိုရဲ့မှတ်လား။ စားမှုအဆင်မပြေ ၊ နေထိုင်မှုအဆင်မပြေ၊ သွားမှုလာမှု အဆင်မပြေ `မပြေ´တာတွေစုပေါင်းလိုက်ရင် နိုင်ငံရေးရာသီဥတု မုန်တိုင်းထန်နေတာမဟုတ်ဘူးလား။
ဒီအလုပ်ပဲ ရှိတယ်
အရှည်အရှည်မတွေးနဲ့ နိုင်ငံရေးမှာ ကိုယ်ကျိုးမရှာတဲ့ နိုင်ငံရေးသမားနဲ့ ကိုယ်ကျိုးရှာတဲ့ နိုင်ငံရေးသမား နှစ်မျိုးပဲ ခွဲမယ်လို့ နိုင်ငံရေးသမားတစ်ယောက်ကလည်း ပြောဖူးလေရဲ့ဗျာ။ နိုင်ငံရေးမှာက ဗိုလ်ချုပ်ပြောသ လောက်လွယ်တယ်။ ကမ္ဘာနဲ့ချီပြီးလုပ်နေတဲ့ နိုင်ငံရေးကလည်း ဒီအရေးတွေပဲမဟုတ်ဘူးလား။ ဒီအပြင် နိုင်ငံရေး မှာလုပ်စရာရှိသေးလားလို့မေးရင် ရှိစကောင်းပါရဲ့။ နောက်အပိုဒ် အရှည်ချဲ့မယ်။ ရွာကလူတွေ နိုင်ငံ ရေးသမားဖြစ်တာလည်း လူပါးဝတာ မခံနိုင်လို့ ။ ထမင်းလုပ်ပုပ်ချတာကို မခံနိုင်လို့။ မတရားညှင်းပန်း နှိပ်စက် တာကိုမခံနိုင်လို့။ မခံနိုင်တာတွေများပြီး နိုင်ငံရေးသမားဖြစ်တာပဲ။ အခြေခံကတော့ အများပြည်သူမွဲတွေ ဆင်းရဲ နေတဲ့ အဖြစ်တွေကို ကြည့်ပြီး မခံနိုင်မရပ်နိုင် ဖြစ်ကြတာပဲမဟုတ်လား။ ကမ္ဘာနဲ့ချီတဲ့နိုင်ငံရေးမှာရော အာဖရိက ကလူတွေ ငတ်ပြတ်နေတာကို ကျန်တဲ့သူတွေက လက်ပိုက်ကြည့်မနေနိုင်ဘူးလေ။ သူတို့တွေရဲ့ ကျမ်းမာရေး ချို့ယွင်းပြီး ပိန်လှီနေတဲ့အဖြစ်တွေကို သနားစာနာပြီး လုပ်နေကြတာပဲ မဟုတ်လေရော့သလား။ မြန်မာပြည် သား ဦးသန့်က ကိုယ့်နိုင်ငံအရေး ငြိမ်းချမ်းအောင် ဆောင်ရွက်မပေးနိုင်ပေသည့် တခြားသော ကမ္ဘာ့နိုင်ငံတွေရဲ့ မငြိမ်းချမ်းမှုတွေကို ငြိမ်းချမ်းအောင် ဆောင်ရွက်ပေးနိုင်ခဲ့တယ်။ ကမ္ဘာနဲ့ချီပြီ နိုင်ငံရေးလုပ်တာမဟုတ်ဘူးလား။ နိုင်ငံရေးဆိုရင် တခြားအလုပ်မရှိဘူး။ ဒီအလုပ်ပဲ ရှိတယ်လေ။
အတိုက်အခိုက်နိုင်ငံရေး
ရှိစကောင်းရဲ့ ။ အရှည်ချဲ့မယ်ဆိုတာကို အရှည်ချဲ့ရေးရရင် နှိုင်းဆစရာတော့ ဆင်မကြီးဖင်ပဲ ရှိတော့ မယ်။ နိုင်ငံရေးဆိုတာကို အလွယ်တွေးပြီး ဗိုလ်ချုပ်ပြောတာတွေအလွတ်ရွတ်ပြမိတော့ `ဟကောင် . . . မင်းပြောသလောက်တော့ မလွယ်သေးဘူး´တဲ့။ ဟုတ်ပ။ အချိန်မနှောင်းခင်မှာပဲ နိုင်ငံရေးမှာ ဗိုလ်ချုပ်ပြောသ လောက်တော့ မလွယ်တဲ့ စလပ်ကွက်တွေကို သိရ၊ကြားရတော့တာပဲ။ ပြည်သူ့ကောင်းရာ ကောင်းကျိုး ဘာမှ မလုပ်တဲ့သူတွေလည်း နိုင်ငံရေးနယ်ပယ်မှာ ရပ်တည်နေလေရဲ့။ ဟိုလူကိုတိုက်၊ ဒီလူကို ခိုက်အောင်လုပ် ၊ အပုပ်ချပြီး အမျိုးမျိုးပြောတတ်တဲ့ အတိုက်အခံ နိုင်ငံရေးသမား မဟုတ်တဲ့ `အတိုက်အခိုက်´ နိုင်ငံရေးသမား တွေကလည်း ရှိပြန်ရော။ နိုင်ငံရေးသမားလို့ ပြောတာနော်။ နိုင်ငံရေးမဟုတ်ဘူး။ မင်းသားကြီး နိုင်ငံရေးသမား လို့ ဆိုးလောက်ရဲ့။ တစ်ချိန်တစ်ခါကတော့ ပြည်သူ့အရှေ့ကမားမားမတ်မတ်။ အခုများတော့ မင်းသားချောကြီး တွေ ခေတ်လည်းပြောင်းပါပြီ။ စနစ်လည်းပြောင်းပါပြီလည်း ဆိုရော လက်ရှောင်နေကြရတာနဲ့။ ညှိလိုက် ၊ နှိုင်း လိုက်။ ညှိရင်း နှိုင်းရင်း အချိုသတ် သကာကျွေးခံရတဲ့ နိုင်ငံရေးသမားမျိုးတွေလည်း တွေ့ရလဟယ်။
အော် . . . အော် ဦးဘဂျမ်း ဆိုတဲ့ ကာတွန်း ဘိုးအေကြီး ဘယ်အညှိုးနဲ့များ ရေးထားသလဲ အခုမှ အတွေးပေါ်တော့တယ်။ `ဗမာပြည် လွတ်လပ်ချိန်မှ စ၍ ၊ ယနေ့အထိ ၊ အချို့သော နိုင်ငံရေးသ္မားများ ရရှိခဲ့ သော ဂုဏ်ထူးများမှာ ဖော်ပြပါအတိုင်း ဖြစ်ပါကြောင်း - လောက်ကောင် ၊ စားဖား ၊ အချောင်သမား ၊ သွေဖီရေး သမား ၊ ဖော်လံဖား ၊ လက်ကိုင်ဒုတ် ၊ ခွတုတ် ၊ ဆိတ်ခလောက် ၊ ဖြုတ် ၊ မနုဿီဟ - နောင်ရဆဲလတံ့သော ဂုဏ်ထူးများကို အခွင့်သင့်တိုင်း ဆက်လက်ဖော်ပြမည်ဖြစ်ကြောင်း ၀မ်းမြောက်ဝမ်းသာ ကြေညာအပ်ပါ သတည်း´ ဘဂျမ်း ဆိုပြီး ရေးသွားလေရဲ့ ။ သူသာရှိရင် ယနေ့ခေတ် နိုင်ငံရေးသမားတွေရဲ့ ဂုဏ်ထူး ဂုဏ်ပုဒ် ဘတွေထပ်တိုးလေမလဲ မသိ။
ခက်ပါ့ နိုင်ငံရေး
ရိုးရိုးရှင်းရှင်းနဲ့ နိုင်ငံရေးကြိုးဝိုင်းထဲဝင်ပြီး ဗိုလ်ချုပ်ပြောတာလောက်သိတဲ့ ကျွန်တော်က `လူပါးဝရင် မခံနိုင်။ ဘယ်အကောင်လဲ။ အနိုင်ကျင့်တာဖော်ထုတ်မယ်။ ဘယ်အကောင်လဲ။´ အကောင်အားဖြင့် နှိုင်းဆ ကြည့်တော့ ဧရာမဆင်ကြီးတွေထက် သာတယ်။ ဘုန်းတန်ခိုးအရာမှ ဆဒ္ဒါန်အရှုံးပေးရမှာပေါ့။ အပါးဝတာလည်း သူတို့။ အနိုင်ကျင့်တော့လည်း သူတို့။ သူတို့တွေ ဒီလိုလုပ်နေတဲ့အချိန်မှာ အတိုက်အခိုက်နိုင်ငံရေးသမား တွေကသူတို့အကွက်ကိုနင်းပြီး ကိုယကျိုးရှာ။ အတိုက်အခံ နိုင်ငံရေးသမားတွေကတော့ မှားနေပြီ။ လွဲနေ တယ်။ ဆိုတာလောက်ပဲ ပြောလို့ရကြမှာပေါ့။ မှန်တိုင်းလည်း လက်မခံ ။ ကိုယ်တိုင်ပြုလုပ်ထားတာတွေက လက်လွန်ခြေလွန်တွေဖြစ်နေတော့ အပါးမ၀သေးတဲ့ နိုင်ငံရေးသမားကို စလပ်ကွက်နဲ့ ပေးကျွေးလိုက်တာမျိုး။ ဟဲ . . . ဟဲ စလပ်ကွက်ထဲ ၀င်အောင်ထည့်တာပေါ့။ အတင်းအဓမ္မကြုံးသွင်းတာမျိုး မဟုတ်ပါဘူး။ တင်းတင်း ကြပ်ကြပ်ချုပ်ထားရာကနေ ကြိုးလေးလျှော့ပေးသွားတဲ့သဘော။
အဆုံးမသတ်နိုင်တဲ့ နိဂုံး
နိုင်ငံရေးမှာပေါ့ဗျာ . . . ဒီလိုနဲ့ ချားရဟတ်ကြီး တစ်ပတ်လည်သလို ဦးတည်ရာကိုလည်း မညွှန်ပြနိုင်။ သမိုင်းဘီးကြီး နောက်ပြည်လည်ဦးမှာလား။ ဘီးကြီးနောက်အလိမ့်မှာ အကြိတ်ခံမထိဖို့လည်း သတိထားနေ ကြရပြန်။ စိုးရိမ်စိတ်များနဲ့ပေါ့။ တစ်ကောင်ကျွေးပြီး သုံးကောင်ရိုက်တဲ့ အကွက်ကလည်းရှိသေး။ နိုင်ငံရေးသမား တွေလည်း မျက်လှည့်အပြခံရ။ ပြည်သူလူထု ဘာဖြစ်လေသည်မသိ။ အညှိုးတကြီး လေကြီးမိုးကြီးနဲ့ ဆော်နေ လိုက်ကြတာ။ ဖင်ထိုင်ခုံက လွင့်ထွက်မသွားစေဖို့ ၊ အာဏာမြဲစေဖို့ ၊ လူရာဝင်စေဖို့ ၊ သူခိုးလက်က တစ်ဝက်ခွဲ ဖို့ ၊ ဖို့ . . .ဖို့ . . . ဖိုဒ် ဆိုတာ မော်တော်ကားကိုပြောတာမဟုတ်။ ကိုယ့်ဖို့တွေချည်း ဖြစ်နေကြလို့လေ။ အော်…. အော် ၊ ဒါကြောင့် …. ဒါ့ကြောင့် နိုင်ငံရေးဆိုတာ လွယ်မယောင်နဲ့ခက် ၊ တိမ်မယောင်နဲ့နက် နိုင်ငံ ရေးဆိုတာ ရှုပ်ထွေး ပွေလီတဲ့ လောကကြီးသဖွယ် ဖြစ်နေရပါပေါ့လား . . . ။
နောင်တော်လေး
ရေးသားပြီးတာ တစ်လကိုးသီတင်းကြာ
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !