စာဖတ်တဲ့ အလေ့အကျင့်ကောင်းလေးရှိတယ် ။ စာအုပ်တွေကို မြတ်နိုးတယ် ။ စာတွေလိုက်ဖတ် တယ်။စာဖတ်တဲ့ အထဲမှာ တက်ကျမ်းတွေ ဖတ်ဖြစ်တာများပါတယ်။ တက်ကျမ်းတွေ ဖတ်တော့ ဘာဖြစ် လဲမသိတာတွေ အများကြီး သိလာရတယ် ။ ကိုယ်တိုင်မှားနေတဲ့ အမှားတွေ မြင်လာတယ် ။ အခုလော လောဆယ်ဖတ်နေတဲ့ စာအုပ်မှာကြတော့ မြန်မာ လူမျိုးတွေ ရဲ့ ဆင်းရဲမွဲတေ နေတဲ့ဘ၀ တွေအကြောင်း မြန်မာလူမျိုးတွေ ဆင်းရဲ တွင်းထဲမှာသာ ပျော်နေကြတဲ့ အကြောင်း အကြံဥာဏ်မထုတ်တော့ ကြတဲ့ အကြောင်းအလေးပေးပြီး ကြိုးစားချင်စိတ် ရှိအောင် တိုးပွား ချင်စိတ် ရှိအောင် ရေးထားတာကို တွေ့ ရပါတယ်။ဝေဖန်ရေးလုပ်တဲ့ စာမဟုတ် ကြောင်းကိုတော့ ကြိုတင်ပြောရမှာပေါ့ ။ ကိုယ့်အသိ ကိုယ့်အမြင်နဲ့ ပဲရေးရမယ့် စာမှာ မြန်မာတွေဆင်းရဲတွင်းထဲ က လွတ်စေချင်တဲ့ မြန်မာ လူ့ပတ်ဝန်းကျင်က အထက် တန်းပုဂ္ဂိုလ်များ အနေနဲ့ ဘယ်လိုဘယ်ပုံ လုပ်ကြမယ် ဆိုရင်ဖြင့် ပိုပြီးသင့်တော် ကြောင်း ပြောချင်တာပါ။
ဆရာရေးထားတာကတော့ သူ့ ရပ်ရွာပတ်ဝန်းကျင်က မြန်မာလူဆင်းရဲတွေ အကြောင်းကို ပြောပြီး တိုး တက်ကြီးပွားလာသူတွေနဲ့ ထောက်ပြခဲ့တာပေါ့ ။ ဟုတ်ပါတယ် ။ မှန်ပါတယ် ။ အေဗရာ ဟမ်လင်ကွန်းတို့ ကြီးမြတ်တဲ့ ဘ၀ကိုရောက်ဖို့ ဘယ်အဆင့်ကနေ ကြိုးစားခဲ့ကြရတယ် ။ အယ်ဒီဆင်တို့ ဘယ်လို အကြံဥာဏ်တွေထုတ်ခဲ့ ကြတယ် ။ ရေးသားထုတ်ဝေလိုက်တဲ့ စာအုပ်တစ်အုပ်က အုပ်ရေဘယ်လောက် လဲ။ စာအုပ်ဝယ်ဖတ်နိုင်တဲ့လူတန်းစားက ဘယ်အဆင့်အထိ ရှိလဲ ။ ဒါကိုပြောပြန်ရင်လည်း စာမဖတ် စာအုပ်မ၀ယ်တဲ့ သူတွေပဲအပြစ်ဖြစ်လာအုံးမှာပါ။ ရှိစေတော့လို့ သဘောထားပေးကြပါ ။ စာအုပ် ၀ယ်ဖတ် တဲ့ သူက ပညာတတ်အသိုင်းအ၀ိုင်းက များပါတယ် ။ ဆင်းရဲမွဲတေ နေတဲ့ ကျွန်တော်တို့လို ဘ၀တွေက ပညာမဲ့တွေများပါတယ်။ ပညာမဲ့တွေ ဘာလုပ်ကြလဲ ။ ခွန်အားနဲ့ ရင်းပြီး ငွေကိုရှာရတယ် ။ ငွေရတဲ့ အခါ ကိုယ်ပင်ပန်း စိတ်ပင်ပန်းဖြေဖို့အတွက် ညနေခင်းလေးမှာ အရက်ဝိုင်းလေးနဲ့ အပန်းဖြေကြတယ် ။ ဖြစ်နေတာတွေနော် ။ ရွာမှာဆိုရင် အိမ်ခြေက တစ်ရာတောင် မပြည့်ဘူး ။ အိမ်တိုင်းနီးပါးက အရက်ပုန်းရောင်းကြတယ် ။ မသောက်တဲ့သူဆိုတာ တော်တော် ရှားရှားပါးပါး ပေါ့ ။
လူတွေ ဆင်းရဲတယ် ဆိုပြီး ဘာမှလဲ အကြံမထုတ်ကြဘူး ။ ထုတ်စရာလဲ ဒီထက်ပိုမရှိဘူးလို့ တွေးထား ကြတာလဲမှန်ပါတယ် ။ အခုနောက်ပိုင်း UNDP ကချေးငွေထုတ်ပေးတယ် ။ ငွေချေးပြီးရင်လုပ်ငန်း တစ်ခုပြ ရမယ် ပြောတယ်။တစ်ခြားနိုင်ငံတွေက အစပြုခဲ့တဲ့ စီမံကိန်းပါ ။ ဘင်္ဂလားဒေ့ရ်မှာ အောင်မြင်နေတဲ့ စီမံကိန်းတစ်ခုလို့လဲ ကြားဖူးပါတယ် ။ မြန်မာပြည်မှာ စတင်တော့လဲ ကုလား တွေကိုယ်တိုင်လာပြီး လုပ်ပေးတာကိုတွေ့ရပါတယ်။ ပြောချင်တာက တစ်ခြားနိုင်ငံမှာတော့ အောင်မြင်တယ် မအောင်မြင်တယ် မသိဘူးပေါ့ ။ ဒီမှာတော့ သိပ်ထူးခြားလာတယ်မထင်ရပါဘူး။ ဘာလို့ဒီလိုပြောလို့ရလဲဆိုတဲ့အချက်ကို သေသေချာချာပြောပါမယ်။
ငွေထုတ်ပေးတယ်။ ငွေထုတ်ပေးပြီးနောက်တစ်ပတ်မှာ မြို့ပေါ်က စီမံကိန်းထဲက ၀န်ထမ်းတွေကလာပြီး ဘာတွေလုပ်ထားလဲ စစ်ဆေးတယ်ပေါ့ ။ အဲ့ဒီအခါကြတော့ ငွေချေးထားတဲ့ သူတွေက ဘာလုပ်လဲဆိုတော့ ကိုယ်တိုင်မွေးထားတဲ့ ၀က်မဟုတ်ဘဲ တခြားအိမ်က ၀က်ကို အိမ်မှာခဏယူ ကြိုးချည်ထားပြီး ၀ယ်ထားတဲ့ ၀က်ပါလို့ ပြောလိုက်တယ်။ဟိုကလည်း ဘယ်သိမလဲ စာရင်းထဲထည့်သွားရတာပေါ့ ။ ဒီလိုပဲ သူများအိမ်က လှေကို ခဏယူပြီး ငွေထုတ်ပြီးဝယ်ထားတာပါ။ အမျိုးမျိုးပေါ့ဗျာ ။ တကယ်ငွေထုတ်လာပြီးတဲ့ အခါမှာ တကယ်အလုပ်လုပ်တဲ့သူက တော်တော်ကိုရှားတယ်လို့ ပြောလို့ ရပါတယ် ။ ငွေထုတ်ပေးနဲ့ ယူထားတဲ့ ကြွေးရှင်တွေ ငွေထုတ်တဲ့ ရုံးနားကစောင့် ပြီးတော့ကိုကြွေးတောင်းနေကြတာလေ။ အဲ့ဒီထုတ်ထားတဲ့ ငွေကို တစ်ပတ်တစ်ခါ ပြန်စပ်ဖို့ကို ဖက်ဖက်မောရှာကြရတယ်။
ကဲ အဲ့ဒီလိုတွေဖြစ်နေပါတယ်။ လူမှု့ပတ်ဝန်းကျင်နဲ့ လိုက်ဖက်သင့်တော်မယ့် နည်းလမ်းကောင်းတွေ ရှာစေ ချင်တယ်။ဒီလောက်တင်းကြပ်ပေးရုံနဲ့ မထိရောက်သေးဘူးဆိုရင် ဘယ်လောက်တိုင်အတာ လုပ်ကြမ လဲစဉ်းစားကြမှာပေါ့ ။တကယ်ကို အခြေခံလူတန်းစားတွေ အတွက် စေတနာထားတယ် ဆိုရင် လုပ်ပေးနိုင်မယ့် နည်းလမ်းအမျိုးမျိုးရှာကြရမှာပေါ့။ ပထမဆုံး စဉ်းစာမိတာလေးကတော့ ဘင်္ဂလားဒေ့ရ်မှာ အောင်မြင်ခဲ့တဲ့ စီမံကိန်းနည်းတူ ကျွန်တော်တို့ နိုင်ငံမှာဖြစ်သင့်တာက အဖွဲအစည်းကို ရွာထဲရပ်ထဲက ပညာတတ် အသိုင်းအ၀ိုင်းတွေထဲက ပုဂ္ဂိုလ်တွေစုပြီး ဖွဲပေးသင့်တယ်။ငွေကြေးအရတော့ အထက်က အဖွဲအစည်းတွေက ထိန်းချုပ် အခြေခံလူတန်းစားနဲ့ အဆက်အသွယ်မပြတ်စေရဘူး။ ဘယ်လို တိုးတက်မှု့ရှိတယ်ဆိုတာ အမြဲ လေ့လာနေရမယ် ။ တကယ်ကို မထူးခြားလာရင် ဒီထက်ကောင်းတဲ့ အစီ
အစဉ်ပြောင်းရမယ် ။ ငွေချေးပြီး ငွေပုံမှန်ပြန်သိမ်းလို့ ရရုံမဟုတ်ပဲ ငွေချေးသုံးထားသူရဲ့ လွဲမှားနေတဲ့ လမ်းစဉ်တွေကိုပါထောက်ပြပြီး ပြုပြင်မှ ရမယ့် အခြေအနေဆိုလည်း လုပ်ပေးနိုင်ရမယ် ။ ဒါမှသာ ဖြစ်လာလိမ့်မယ်လို့လည်း ထင်မိပါတယ်။ အောက်ခြေဘ၀ကနေ စပြီး ကြီးပွားတိုးတက်နေသူတွေ မြန်မာပြည်မှာလဲ ထုနဲ့ဒေးရှိသလို ။ အဲ့ဒီလိုဖြစ်သွားသူဦးရေနဲ့ နှိုင်းချိန်ပြလို့ မရအောင် ဆင်းရဲ မွဲတေနေတဲ့ ကျွန်တော်တို့လို မြန်မာလူဆင်းရဲ တွေ အများကြီးရှိနေပါသေးတယ် ခင်ဗျာ ။ ကိုယ်တက်နိုင်တဲ့ဘက်က ဆောင်ရွက်နေကြတဲ့ စာရေးဆရာတွေကိုလည်း ကျေးဇူးတင်စရာကောင်းပါတယ် ။ စာဖတ်အားနည်းတဲ့ ကျွန်တော်တို့ပတ်ဝန်းကျင်အတွက် နည်းလမ်းကောင်းတွေရှာ ဖို့ အကြံပြုခြင်းသာ ဖြစ်ပါတယ်။
လူဖြစ်ပါလျှက် ဆင်းရဲ မွဲတေနေသူသည်
လူမပီသသူဖြစ်၏။
လူချမ်းသာဖြစ်ပါလျှက် မပေးကမ်းမစွန့်ကြဲသူမှာ
လူမဆန်သူဖြစ်၏။
လူမပီသသူဖြစ်၏။
လူချမ်းသာဖြစ်ပါလျှက် မပေးကမ်းမစွန့်ကြဲသူမှာ
လူမဆန်သူဖြစ်၏။
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !