“ လူအချင်းချင်း သတ်ဖြတ်ခြင်း ကင်းရှင်း
ကြပါစေ ….
ဒို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်း
အတိတ်ကို အတိတ်မှာပဲ ထားခဲ့ပါ ဆိုတဲ့ စကားနဲ့ မမေ့နိုင်စရာ အတိတ်က ဖြစ်ရပ်သမိုင်းတွေကို ဘယ်လို အတိတ်မှာ ထားခဲ့လို့ ရကြမှာလဲ။ သံဃာတွေရဲ့ ဦးဆောင်မှု့နဲ့ ကျောင်းသားလူငယ်တွေ၊ အလုပ်သမား လူတန်းစားတွေ တစ်ပြည်လုံးက မခံမရပ်နိုင်ကြတဲ့ ပြည်သူတွေ သွေးမြေကျခဲ့တဲ့ ရက်က ဒီနေ့ ဒီရက်ပါ။ တစ်မျိုးသားလုံးရဲ့ ကိုးကွယ်ရာ အားထားရာ ဆည်းကပ်ပူဇော်ရာ သံဃာတော်များကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြတဲ့ လူယုတ်မာတွေရဲ့ အရက်စက်ဆုံး လုပ်ရပ်တွေကို တစ်သက်လုံး မေ့မှာ မဟုတ်သလို ကမ္ဘာတည်သ၍ သမိုင်းဆိုးတစ်ခု အဖြစ် တည်ရှိနေမှာပါ။
အလောင်းတွေ.... အလောင်းတွေ မြင်မကောင်းအောင် ပက်ပက်စက်စက်လုပ် အသတ်ခံခဲ့ကြ ရတဲ့ နေ့ပါ။ ဦးခေါင်းတွေ ဟတ်တတ်ကွဲလို့ ဦးနှောက်တွေပါ ပွင့်ထွက်အောင် အရိုက်သတ်ခံ ရတဲ့ သံဃာတွေအတွက် ငါတို့ဘယ်လို ကျေနပ်ပေးနိုင်မှာလဲ။ ညဘက်တွေမှာ ခွေးဟောင်သံ တွေနဲ့ လူတွေရဲ့ ဆူညံစွာ အော်ဟစ်သံတွေ ကြားရတယ်။ ဘုန်းကြီးကျောင်းကို ကြံ့ဖွတ် ခွေးတွေနဲ့ လမ်းဘေးက ပေါက်လို့ပဲစား စွမ်းအားရှင်ဆိုတဲ့ ကောင်တွေ ဘုန်းကြီးတွေကို ဖမ်းဆီးဖို့ အချိန်မတော် လူခြေတိတ်တဲ့ အချိန်မှာ လာသောင်းကျန်း နေကြတာ။ အညှိုးကြီးကြီးနဲ့ သာသနာတော်ကြီးကို ဖျက်စီးခဲ့တာပါ။ ဘက်ပေါင်းစုံက ၀ိုင်းရံပြီးတော့ အမျိုးဖြုတ် ခံခဲ့ရတဲ့ နေ့ ရက်တွေပါ။
ပြေးပေါက်မရှိအောင် ပိတ်မိတဲ့ အခါကြတော့ လူမဆန်စွာ သတ်ခဲ့တယ်။ ချောင်းရိုးမှာ တွေ့ရတဲ့ သံဃာ အလောင်းတွေ မြောင်းကျို မြောင်းကြားက လူငယ်အလောင်းတွေ။ ဒုတ်တွေ သေနတ်တွေကြားမှာ ဦးတည် ရာ မရှိပြေးလွှား ခဲ့ရတဲ့ နေ့ ရက်တွေကို အတိတ်က အတိတ်မှာပါပဲ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ သူတွေကတော့ မေ့လို့ ရကြမှာပါ။ ငါတို့ခံလိုက် ရတဲ့ သံဃာတွေနဲ့ ပြည်သူတွေအတွက်ကတော့ ကမ္ဘာကျေ ပေ မယ့်လည်း ဥဒါန်း မကျေဘူး။
ကွယ်လွန် အနိစ္စရောက်သွားခဲ့ ကြပြီ ဖြစ်သော ဆရာတော်သံဃာတော်များ၊ ကျောင်းသားလူ ငယ်များ နှင့် အလုပ်သမားလူတန်းစားများ အတွက် ရှင်သန်နေသ၍ မကျေနိုင်တဲ့ ကြွေးတွေ အတွက် ပြန်လည် ပေးဆပ်ကြမယ်။ အရှင်ဘုရားတို့ “ လူအချင်းချင်း သတ်ဖြတ်ခြင်း ကင်းရှင်း ကြပါစေ …. ဒို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ…” ဆိုတဲ့ ဆရာတော်တို့ရဲ့ ဆောင်ပုဒ် အတွက် ရှင်သန် ကျန်ရစ်နေသော မျိုးဆက်သစ်နှင့် သံဃာတော် အပေါင်းတို့က အစဉ်အဆက် တိုက်ပွဲ ၀င်နေပါမည့် အကြောင်း ကောင်းရာသုဂတိ လားပါစေလို့ ထပ်မံဆန္ဒပြုရင်း မပြီးဆုံးသေးသော မျိုးဆက်သစ်၏ တာဝန်များကို မျိုးဆက်သစ် လူငယ်များနှင့် တကွ အတူပူပေါင်း ဆောင်ရွက် သွားကြပါမည်။ လူယုတ်မာတို့ ကြီးဆိုးရာ မြန်မာပြည်ကြီးဟာ ဗုဒ္ဓ ဘာသာဆိုတဲ့ ကောင်းမြတ်တဲ့ တရားတွေကို မလိုက်နာကြတော့ပဲ အာဏာတည်မြဲရေးကို ဘုရားမသိ တရားမသိ လုပ်နေတဲ့ အမျိုးယုတ်တို့ရဲ့ ဇာတ်သိမ်းခန်းလည်း ရောက်လာ ပါလိမ့်မည်။
နောင်တော်လေး
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !