ကျွန်တော် ပထမဆုံး အင်တာနက်ဆိုင် တွင် အလုပ်လုပ်ခဲ့စဉ်က အဖြစ်အပျက်တစ်ခုကို ဆောင်းပါး တစ်ပုဒ်
အသွင် ရေးလိုပါသည်။ကျွန်တော် အလုပ်လုပ်သော ဆိုင်သည် International Phone Serviceကို အဓိ က ထား ၍ လုပ်ကိုင်ပါသည် ။ ၀င်ငွေမှာ လည်း အသင့်အတင့်ရှိပါသည်။နယ်မှ တကုတက လာ၍ ဖုန်း ဆက်ကြသူများပင် ရှိပါသည် ။ အဝေးရောက်နေသောမြန်မာများ၏ ၀မ်းသာဖွယ် သတင်း ၊ စိတ်မ ကောင်းစရာသတင်းနှင့် မတူညီကြသော အဝေးရောက် ညီအစ်ကို မောင်နှမ တို့ ၏ အကောင်းအဆိုး သုခ၊ ဒုက္ခအဖုံဖုံကို သာနေ့စဉ်ကြားသိနေရပါသည်။
ကျွန်တော်တို့ ဆိုင်တွင် ပုံမှန် အချိန်မှန် စကားပြောကြသော အဝေးရောက် ချစ်သူများလည်း ရှိကြပါသည် ။ ထိုသူများ စကားပြောကြလျှင်နောက်ရောက် လာတဲ့ သူများအတွက် တော်တော်လေးအားနာ စရာကောင်း
ပါသည် ။ သူတို့၏ ချစ်ရေးကြိုက်ရေးတွေကို နာရီဝက် တစ်နာရီ ကြာသည် အထိ ပြောနေတတ်ကြပါသည်။ ထိုအထဲမှဖောက်သည် အဖိုးတစ်ဦး ၏ အကြောင်းကိုပြောလိုပါသည်။ နေ့စဉ်ဖုန်းလာဆက်ပါသည်။ လိုင်းကောင်းလျှင် နာရီဝက်ကျော်ကျော်လောက် ပြောတတ်ပါသည်။ ကျွန်တော်၏ စာထဲတွင်သာ အဖိုးဟု ရေးလိုက်ခြင်းဖြစ်သည်။ အပြင်တွင် အဘဟုခေါ်သည်ကို ပင် မကြိုက်ပါ။ ကျွန်တော်ကလည်း တောသားဆိုတော့အလိုက်မသိတာတော့ မဟုတ် အဖေ့ထက် အသက်ကြီးတယ် ထင်လျှင် “ အဘ၊ဘကြီး၊
ဘဘ ” ဟုသာခေါ်လေ့ရှိသည်။ နှုတ်ကျိုးနေပြီ ဖြစ်သည်။ ကျွန်တော်သည် အသက်၆၀ ကျော်အရွယ် ဖုန်းဆက်မည့် ပုဂ္ဂိုလ်အား အဘ ဟုပင်ခေါ်မိပါသည်။ ချက်ချင်းဆိုသလို မျက်နှာပျက်သွားသည် ကို သတိပြုမိလိုက်ပါသည်။ကျွန်တော်အား မကြည်တော့ပါ။သူပြန်သွားသော အခါမှသာလျှင် ဆိုင်ရှင်က ကျွန်တော်ကိုပြောပါသည်။ “သူက အဘလို့ခေါ် တာမကြိုက်ဘူးကွ အကိုလို့ပဲခေါ်ပါ။သူကနုချင်နေတာ” မင်း အဲ့လိုခေါ်ရင်ဖုန်းလာမဆက်ပဲနေအုံးမယ်” ဟုပြောပါသည်။ ကျွန်တော်ရယ်မိပါသည်။
နုရခြင်း အကြောင်း
“အဘ” ကို ပြောင်း၍ “အကို” ဟုပင်ခေါ်ပါတော့သည်။ ဆက်ဆံရေး အဆင်ပြေသွားပါသည်။ ထိုအကို ဆိုင်သို့ နေ့စဉ်ဖုန်းလာဆက်ရသည့် သူမှာ မလေးရှားတွင် အလုပ်သွားလုပ်နေသော အသက် ၂၈ နှစ်ဝန်း ကျင်ခန့်သာရှိသည့် ကညာပျိုတစ်ဦး ပင်ဖြစ်ပါ၏။တစ်ဖက်မှ ကညာပျိုသည်လည်း သူလေကြောနဲ့အတူ လိုက်လျှောညီထွေပြော ပေးနေသည်ကိုသတိပြုမိပါသည်။ အဘယ့်ကြောင့်နည်းဆိုသော် ကညာပျို အတွက် ထိုအကိုသည် တော်တော်များများကို ကူညီပေးခဲ့ပုံရပါသည်။ မလေးရှားတွင် အလုပ်သွားလုပ်ဖို့ အတွက်လည်းသူပင်ကူညီ ခဲ့သည် တို့ကို သူ၏ပြောစကား များအရသိရပါသည်။ထို့ထက်မကသေးပါ။ ကညာပျို၏ မိဘများကိုလည်းထောက်ပံ့နေပါသေးသည်။၎င်းတို့နှစ်ဦးစကားပြောရာတွင် “ ကိုကြီး နှင့် သမီး” ဟူသော အသုံးအနှုံးဖြင့်ပြောကြပါသည်။ အနားတွင် Service လုပ်ပေးရင်းနားထောင်နေရ သည်မှာပင် မတန်လိုက်လေဟုသာ တွေးမိပါတော့သည်။
ဖုန်းလိုင်းကောင်းလျှင် ကောင်းသလောက်နောက်လူကို အားမနာတမ်းပြောတတ်ပါသည်။သူ၏အရှေ့တွင် လူများနေလျှင်လည်း တစ်နာရီကျော်လောက်ထိ ထိုင်စောင့် ၍ ပေါက်ပေါက်ဖောက်နေတတ်ပါသေးသည်။
တစ်နေ့တွင် ကညာပျိုထံသို့ ဖုန်းဆက် ပါတော့သည်။ ကညာပျိုထံမှ “အိမ်သာတက်ရင်းနဲ့ဖုန်းရေထဲ ကျသွားတယ်” ဟုပြောလာ၏။ ယခု ပြောနေသော ဟန်းဆက်မှာသူများဟန်းဆက်ကို ကဒ်ထည့် ပြီးပြောနေရသည် ဟုလည်း ပြောလာပါ၏။ ထိုအခါ အဖိုး“အကို”ဘာတွေပြောသည်ထင်သနည်း ။ “ ဟုတ်လား ဘာလို့များ အိမ်သာတက်ရင်းရေထဲကျရတာလဲ”“ကျပြီးသွားပြီ ဆိုတော့လည်း ဘာတက်နိုင်မှာလဲ သမီးရယ်” “အသစ်ဝယ်လိုက်ပေါ့”ဒီတစ်ခါ ၀ယ်ရင် နည်းနည်း ကောင်းတဲ့ ဟန်းဆက်လေးကိုဝယ်နော်” ကိုကြီးပိုက်ဆံလွဲပေးလိုက်မယ်။ ကညာပျိုက အားနားပါးနားလား ဟန်ဆောင်ပန်ဆောင်လားတော့ မသိ။ငွေ
မလွှဲပါနှင့် ဟုငြင်းနေပါသေး၏ ။ ဒီက အဖိုး “အကို”က မရပါဘူး အတင်းလွှဲပေး နေပါတော့ သည်။ဟုတ် လေသည် မဟုတ်လေသည်လည်း မသိရပါ။ အပစ်တင်စကားလည်း တစ်ခွန်းမျှ မဆိုရက်ပါ။
နောက်တစ်ပတ်လောက် ကြာသောအခါ ကညာပျိုထံမှ နေမကောင်းဘူးဟုပြောသံကိုကြရ၏။အဖို့ “အကို” မှ ဂရုစိုက်ပါရန် နှင့်  ဆေးခန်းသွားဖို့ ရန် အကြိမ်ကြိမ်ပြောနေပါတော့သည်။အကိုကြီး ရင်ကျိုးမှာ ဘာညာ သာရကာများ လည်းနွဲ့လိုက်သေး၏။ကညာပျိုက စိတ်မရှည်တော့ သည့်လေသံဖြင့် ပြောကာ ဖုန်းချသွား ခဲ့၏။ သို့သော် အဖိုး“အကို”နောက်နေ့များတွင်လည်းတစ်ရက်မပျက် ဖုန်းလာဆက်မြဲပင်ဖြစ်ပါသည် ။
ကညာပျိုမွေးနေ့ သို့ရောက်သောအခါ ကညာပျိုက မလေးရှားတွင် သူငယ်ချင်းများဖိတ်၍ မွေးနေ့ လုပ်ချင် သည်ဟုပြောလာပါတော့သည်။ အဖိုး“အကို” လုပ်ရမှာပေါ့ ။ တစ်နှစ်မှ တစ်ခါပဲလုပ်ရတာ။ကိုကြီး ငွေလွှဲ လိုက်မယ်။ အကျဉ်း ချုံးမယ် ။ မွေးနေ့ပွဲတွင် အမျိုးသားသူငယ်ချင်းများ မဖိတ်ရန်မှာသည် ။ ဘီယာမသောက် ရန် အေးအေးဆေးဆေး ပျော်ပါးကြရန် အဖိုးကိုကို မှာတော့သည်။မွေးနေ့ပြီးသော နောက်တစ်နေ့ တွင် အကိုကြီး နှင့် သမီးတို့ စကားဖောင်ဖွဲကြလေတော့သည်။သမီးမွေးနေ့ အတွက် ရွှေတိဂုံမှာ သွားပြီး သမီးသက်စေ့ပုတီးစိပ်တယ်။ သမီးရဲ့မွေးနေ့ထောင့်မှာပန်းရေချမ်း ဆီမီးကပ်တယ်။ ရပ်ကွက်ထဲက သူငယ်ချင်းတွေကိုလည်း အိမ်မှာ ဖိတ်ကျွေးတယ်။နောက်ဆုံး အနေနဲ့ ကတော့ သမီးအတွက် မွေးနေ့ လက်ဆောင် သမီးအမေ ကို သွားပေးထားတယ်။ ထိုသို့ ပြောသဖြင့် ကညာပျိုမှ ဘာများပေးထားတာလဲ ဟု မေးသော အခါ မပြော။ သမီးအမေကို သာ မေးကြည့်ပါဟု တွင်တွင်ညင်းနေတော့သည်။
စာဖတ်သူလည်း ဘာများလဲ ဟုသိချင်တော့မည်။ ဟုတ်ကဲ့ အဖိုးကိုကို ပေးထားသော လက်ဆောင်သည် “တစ်ကျပ်သားတိတိ ရွှေဆွဲကြိုးပင်ဖြစ်တော့သည်။” တော်လိုက်တဲ့ အဖိုးကိုကို။တရားလည်း သိ၏ ၊ စီးပွား လည်းရှိ၏ ၊ လူမှု့ရေးလည်းပြည့်၏ ။ သို့သော် တဏှာကား မကုန်သေးပါ။ ကိုယ့်အတွက် တရားမရှာနိုင် မီးလေးအတွက် ပုတီးစိပ်ပေးနေပါသည်။
လူငယ်တို့ အတုယူရန်မဟုတ်။ ဒီလိုမဖြစ်အောင် ဆင်ခြင်နိုင်ရန်ရေးသားအပ်ပါသည်။ တဏှာအိုနှင့် ကညာပျို ဘာတွေများ ဆက်ဖြစ်လေ အုံးမည်နည်း။ ဆက်ရန်မရှိတော့ပါ ။

0 comments:
Post a Comment
never ... never ... never ...never ... never Give Up !