Home » » နေပြည်တော် လုပ်ငန်းခွင် အတွေ့အကြုံများ (၁)

နေပြည်တော် လုပ်ငန်းခွင် အတွေ့အကြုံများ (၁)

ခရာစ်သက္ကရာဇ် 2005 ခုနှစ်က စပြီးပြောရမယ့် အကြောင်းအရာက ခေါင်းထဲပေါ်လာပြီ ။ “နေပြည်တော်” မင်းတွေ နေတာလား ဘာကောင်တွေ နေလည်းတော့ မသိဘူးပေါ့ ဗျာ ။ အဖေနဲ့ ပြန်တွေ့ပြီး နောက်တစ် နှစ်အလုပ်အကိုင်တွေ ကအဆင်မပြေတဲ့ အခါကြတော့ သားဖ သုံးယောက် ပန်းရံနေ့စားလိုက်လုပ်ရတဲ့ အခြေအနေပေါ့ ။ အဖေ အတွက်လည်း စိတ်မကောင်းဖြစ်ရသလို သားတွေကိုလဲ လက်လွတ်စပါယ် မခိုင်းရက်တဲ့ အဖေ ။သားတွေနဲ့ အတူ အလုပ်လိုက်လုပ်ရရှာတယ် ။ အဖေ ရဲ့ဂုဏ်ကိုတင်နေတာတော့ မဟုတ်ပါဘူး ။ အဖေရဲ့စိတ်ဓာတ် အတွက်ဂုဏ်ယူစရာ တွေ ရှိနေလို့ အဖေကနေပဲ စရတာပါ ။ အဖေဘယ်တုံးကမှ သူများခိုင်းတာကို မလုပ်ခဲ့ဘူး ။ မလုပ်တတ်တဲ့ လုပ်ငန်းဆိုတာလဲ မရှိရဘူး ။လေ့လာရင် ဖြစ်တာပဲတဲ့ ။ ကိုယ်လုပ်ရမယ့် ပတ်ဝန်းကျင်ကိုယ့်အခြေအနေနဲ့ အောက်တန်း ကျတဲ့ နေရာကတော့ ဘယ်တော့မှ မနေဘူးပေါ့ဗျာ ။ အတိုဆုံး ပြောရရင်အဖေဟာ နေ့စားလုပ်ရာကနေ နေ့ခြင်းညခြင်း ကန်ထရိုက်လုပ်နိုင်အောင် ကြိုးစားတော့တာပဲ ။ တကယ်လဲလုပ်တော့တာပါပဲ ။ သားဖြစ်တဲ့ ကျွန်တော် ပညာရေးကို မပြတ်စေချင်ဘူး ။ အကိုကြီးကတော့ ကျောင်းထွက်တာကြာပြီ ဖြစ်လို့ ဘာမှ ပြောမနေတော့ဘူး အဖေနဲ့ အတူတွဲလုပ်တယ် ။ နောက်ပိုင်း ရန်ကုန်မှာကတော့ လုပ်လို့ကိုင်လို့ မဖြစ်တော့ဘူး ဆိုတော့ ဆောက်လုပ်ရေး လုပ်ငန်းတွေ အကြီးအကျယ်လုပ်နေတဲ့ နေပြည်တော်ကြီးဆီကို အဖေ အပေါင်း အသင်းတွေနဲ့ ထွက်လာခဲ့ပါတော့တယ် ။
ကိုးတန်းတက်နေရင် တန်းလန်းက အဖေတို့ထွက်သွားကြတာ ဆိုတော့ အိမ်ငှားနဲ့ ကျွန်တော်ကို ထားခဲ့ပါတော့တယ် ။ အဖေတို့ အလုပ်တွေ အဆင်မပြေလို့ ငွေမပို့နိုင်တဲ့ အခါကြတော့ အိမ်ငှားမှာ မနေတော့ဘဲ ကြီးဒေါ်အိမ်ကို ပြောင်းနေရတယ် ။ ကိုးတန်းတစ်နှစ်လုံး မှာ ဂုဏ်ယူပြီး ပြောစရာ ဆိုလို့ ကျူရှင်မတတ်ဘဲ အတန်းထဲမှာအဆင်ပြေခဲ့တယ်ဗျာ ။ကိုးတန်းပြီးတော့ အဖေတို့ ရှိရာ နေပြည် တော်ကိုလိုက်လာခဲ့ပါတော့တယ်။တောကြိုအုံကြား ပေါ့ဗျာ အခုလိုမှမဖြစ်သေးတာပဲ။ အဖေတို့နေတဲ့ နေရာကို တစ်နေ့လုံးလှည့်ပတ်ရှာတယ်။ မိုးချုပ်ခါနီးလောက်မှပဲ အဖေနဲ့ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်နဲ့ တွေ့ပြီး အဖေတို့ ရှိရာကို လမ်းညွှန်ပေးတဲ့ အတွက် ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ခဲ့ပြီ ပေါ့ဗျာ ။ ရောက်ရောက်ချင်း သတင်းကောင်းပေါ့ အဖေ လေးခန်းတွဲ လေးထပ်တိုက် တစ်လုံး ကန်ထရိုက်ရထားတယ်ဆိုပဲဗျို့ ။ ပျော်စရာပေါ့ ။ ဒါလေးပြီးရင်တော့လား ဆိုတဲ့ အတွေးနဲ့ အားတက်နေကြတာပါ။ အဖေခမျာလည်းဝေးလံခေါင်သီတဲ့ နေပြည်တော် ရဲ့တောကြိုတောကြားမှာ အလုပ်တွေက ဟိုတစ်ခု ဒီတစ်ခုနဲ့ ပင်ပန်းလိုက်တာ ။အလုပ်တွေကလည်း ခိုင်းရင်တော့သာ ပတ်ပတ်စပ်စပ် ခိုင်းကြတာ ငွေထုတ်ခါနီးပြီ ဆိုဟိုလူ့အဖေခေါ်ရမလို ဒီလူ့ကိုအဖေခေါ်ရမလိုနဲ့ အဖေခမြာတော်တော်လေး စိတ်ညစ်ရပါတယ် ။ကျွန်တော် နေပြည်တော် တောကြီးထဲကို ရောက်တာနဲ့ ဖေဖေရဲ့ အလုပ်တွေမှာ ၀ိုင်းကူလုပ်ရတာပေါ့ ။ကန်ထရိုက်သာဆိုတယ် ငွေကတော့ လက်ထဲတစ်ပြားမှ မရှိရှာပါဘူး ။ လေးခန်းတွဲ လေးထပ်တိုက်ကြီး ကို စောက်ဖို့ မြေတူးသမားတွေခေါ် အလုပ်သမား တွေထပ်ခေါ်နဲ့ အလုပ် တန်းလျှားကြီးမှာတော့ လူတွေပြည့်နေတာပါပဲ ။ ငွေထုတ်ရမယ့် ရက်ရောက်လို့ ငွေထုတ်ဖို့ အလုပ်တွေကို စစ်ဆေးတဲ့ အခါကြတော့ ဟိုအလုပ်က ဟိုလိုဖြစ်လို့ ဒီအလုပ်ကဖြင့် မှားနေပါတယ် နဲ့အင်ဂျင်နီယာ ပေါက်စလေး တွေက ပညာပြပြန်တာပဲဗျို့ ။ သိတယ်မှတ်လား ရေမလောင်းရင် အပင်မရှင်ဘူး ။ ဒီလိုပဲလုံးလည်ချာလည်နဲ့ လုပ်လာလိုက်တာ ဖောင်ဒေးရှင်း လုပ်ငန်းပြီးခါနီးလည်း ကျရော ကုမ္ပဏီမှာ ဘိလပ်မြေပျက်သွားလို့ အလုပ်တွေတစ်လကျော် နှစ်လနီးပါးနားရပါလေရော ။ အလုပ်သမားတွေကို ထိန်းထားဖို့ မတတ်နိုင်တော့ဘူးလေ ။ အလုပ်မရှိဘဲစရိတ်ငြိမ်းကျွေးထားတဲ့ အလုပ်သမားတွေလဲ ရှိ သေး တယ် ။ သူတို့တွေကလည်း အလုပ်မရှိပဲစားနေရတာကို အားနာလာကြတယ်လေ ။ တစ်ခြားမှာ အလုပ်သွားရှာအုံးမယ် ဆိုပြီး ထွက်သွားကုန်ကြတယ် ။ အားလုံးဖရိုဖရဲပေါ့ဗျာ ။
အင်း နောက်တစ်ခုပြောရအုံးမယ် ကုမ္ပဏီတွေက ဘယ်လောက် လူပါးဝလဲဆိုရင် သူတို့ ဆီမှာလုပ်နေတဲ့ ကန်ထရိုက်တွေကိုသူတို့ ခိုင်းတဲ့ နေရာမှာ လိုက်ပြီးကူညီတဲ့အနေနဲ့ လုပ်အားပေးရသေးတယ်ဗျ ။ နေ့စားခ ပဲပေးတယ် ။ဘယ်လောက်အခံရခတ်သလဲစဉ်းစားကြည့်ကြပေါ့ ။ လုံးလည်ခြာလည်နဲ့ အလုပ်ကလည်း လက်စကြီး ဖြစ်နေတော့ ဘယ်လိုမှ ထွက်သွားလို့ လဲမရ ဘာအလုပ်မှလဲ မရှိနဲ့ ကြွေးတွေတက် တက်လာတာပေါ့ ။ နေပြည်တော် ကန်ထရိုက်လောကမှာ အမြတ်ရတာဆိုလို့ ငွေထုတ်ပြီး ထွက်ပြေးတဲ့ ကန်ထရိုက်တွေလောက်ပဲ ရှိမယ် ထင်တယ် ။ ဒါတွေက တော့ နေပြည်တော်အသစ် စက်စက် တည်ခါစအခြေအနေပေါ့ဗျာ ။
ဖြစ်ချင်တော့ ကျွန်တော် တို့ လုပ်တဲ့ကုမ္ပဏီက မောင်ခင်ညွှန့် နဲ့ ပါတနာ တွေ ဆိုတော့ မောင်ခင်ညွှန့်ကြီးလဲ ဒိုးရော သူ့ရထားတဲ့လုပ်ငန်း ကြီးကိုတွေကို တစ်ခြား ကုမ္ပဏီတွေကို ပြောင်းပေးလိုက်ရောဗျို့ ။ ဗရမ်းပတာကြလိုက်တာမှလည်း မပြောပါနဲ့တော့။အခု ပြောပြောနေကြတဲ့ လွှတ်တော် အဆောက်အအုံကြီး ဆိုတာပေါ့ ။ အဖေတို့မှာ အဲ့ဒီလုပ်ငန်းကြီးအတွက် ကုမ္ပဏီနဲ့ အတူလက်တွဲလာလိုက်တာ ။ အုတ်မြစ်ချဖို့ နေရာတွေလုပ်ပေးခဲ့ရတယ် ။ မောင်ခင်ညွှန့် ရဟတ်ယာဉ်စင်းဖို့ နေရာတွေ တည်းခိုဆောင်တွေ ဆောက်ပေးရတယ် ။ အဲ့ဒီအလုပ်တွေကို ကျွန်တော် အဖေနဲ့ အကို ဦးစီးပြီး လုပ်ပေးခဲ့တာပေါ့။ သစ်တွေဆို လွှတ် တော် အဆောက်အဦး ဆောက်မယ့် နေရာမှာ ပုံထားလိုက်တာမှ သိန်းထောင်ကျော်ဖို့လောက်ကို ရှိပါတယ် ။ မောင်ခင်ညွှန့်ကြီး အုတ်မြစ်လာချတယ်လေ ။ အလုပ်သမားတွေကိုလည်း ပိုက်ဆံတွေ ဝေသွားသေးတယ် ။ အင်း ဒါပေမယ့်လည်း အကုသိုလ်တရားတွေ ကြီးလွန်းတာကြောင့် ဘယ်လောက်ပဲ ကုသိုလ်တွေလုပ်လဲ အိမ်ပြန်ပြီးတစ်ရက်တောင် မနေလိုက်ရပါဘူး ။ အဖမ်းခံလိုက်ရပြီတဲ့ ။ နောက်နေ့မနက်လည်း ကျရော ချထားတဲ့ အုတ်မြစ်ကို လာဖော်သွားတော့တာပါပဲ ။

ဆက်ရန်ရှိသည် . . . .- ->>>>>>

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !