ရွေးကောက်ပွဲကလ အတိတ်နေ့တို့ဆီ ပြန်တွေးလိုက်အုံးမည် ။ ရွေးကောက်ပွဲလုပ်ပြီဆိုတော့ တစ် ဖွဲ့နဲ့ တစ်ဖွဲ့ အပြိုင်အဆိုင်စည်းရုံးရေး လုပ်ကြရတော့တာပေါ့ ။ တစ်ရွာဝင်တစ်ရွာထွက် စည်းရုံးရေးဆင်းကြ တဲ့နေရာမှာကိုယ့်စရိတ် ကိုယ်အသုံးပြုကြရတာလည်းရှိတယ် ။ ရပ်ထဲရွာ ထဲကို အားကိုးရတာလည်း ရှိတယ်ပေါ့ ။ တစ်ချို့နေရာတွေမှာ ထင်တိုင်းမပေါက် အရာမရောက်ခဲ့တာတွေလဲ ရှိမယ်ပေါ့ ။ စည်းရုံးရေး အဖွဲ့ထဲမှာ လူကြီးလူငယ်အရွယ်မျိုးစုံ ပါတယ် ။ တစ်ခါတစ်လေ မှာ လူငယ်တွေ အချိုးမပြေတာကို လူကြီးတွေက ပြင်မပေးပဲနဲ့ အပြစ်သဘောပြောတာတွေ မထီမဲ့မြင် အချင်းချင်း တိုက်ခိုက်တာလေး တွေလဲ ရှိတတ်ကြသတဲ့ ။ ဒါကတော့ လူ့သဘာဝ ပါပဲ ။ ကိုယ်လုပ်တာကို ထင်ပေါ်စေချင်ရင် တစ်ခြားသူကို အနည်းနဲ့ အများတိုက်ခိုက်ရတာလေးတွေ ရှိတတ်ကြပေမယ် ။
ဒီကိစ္စနဲ့ ပတ်သတ်ပြီး အဖေ ပြောခဲ့တာလေး ပေါ့ ။ ရွာတစ်ရွာ မှာစည်းရုံးရေး တရားဟောပြောကြတယ် ။ နေက အရမ်းပူတယ် ။ ပရိတ်သတ်ကလည်း များတယ် ။ ရှေးဦးစွာ လူငယ်တွေကို အရင်ပြောခိုင်းတယ် ။ အရှေ့ကတတ်ပြော တဲ့ လူငယ် နှစ်ဦးဟာ နေအရမ်းပူလွန်းတော့ ခမောက်စောင်း ပြီးတော့ စည်းရုံးရေးတရား ဟောသွားကြတယ် ။ ဒါကို နောက်ကတတ်လာတဲ့ လူကြီး တစ်ယောက်က ခမောက်စောင်းပြီးတတ်လာတယ်။ဆင်မြင့် ပေါ်ကို ရောက်တဲ့အခါကြတော့ ခမောက်ကို ပရိတ်သတ် ရှေ့မှာ ချွတ်ပြပြီး “ ပရိတ်သတ်ကြီးတောင်နေပူထဲမှာ ဒုက္ခခံပြီး ဒီဟောပြောပွဲကို လာကြတယ်ဆိုတော့ ဆင်မြင့်ပေါ်က ကျွန်တော်က ခမောက်စောင်းထားရင်မသင့်တော် ပါဘူး ” အစချီ တော့တာပဲတဲ့ ။ အရှေ့က လူငယ်နှစ်ဦး ပေါက်ကွဲတော့တာပေါ့ ။ မလုပ်သင့်တာမဖြစ်သင့်တာကို ပြောတယ် ။ လူငယ်နှစ်ဦး ဘက်ကမှန်တယ်လို့ ပဲထင်တယ်ဗျ ။ အေးအေးဆေးဆေး မသိလိုက်ဖာသာ ကိုယ်ပြောစရာကို ပြောသွားပေါ့ ။ နောက်တတ်လာမယ့် လူတွေကိုလည်း ဒီလိုတော့ မဖြစ်သင့်ဘူးပြောပြပေါ့။ဒီကိစ္စလေးက တစ်ချက်ပေါ့ဗျာ ။
နောက် ကျေးရွာ တစ်ရွာကို သွားကြတယ် ။ ဟောကြပြောကြတယ် ။ အဲ့ဒီရွာမှာက တစ်ခြား ပါတီတစ်ခုက တော်တော်လေး အားသာနေတယ် ။ အဲ့ဒီ ပါတီရွာ လူကြီးနဲ့ အဖေနဲ့ကလည်း ဆွေမျိုးမကင်းဘူး ။ ဟောကြပြောကြတဲ့သူတွေက မကောင်းကြောင်းတွေ ကြီးပဲ ပစ်ပစ်ခါခါပြောကြတယ် ။ ဟိုတစ်ဖက်က လူတွေက ဓားနဲ့ ခုတ်ပါမယ်တောင်လုပ်တော့တာပဲတဲ့ ဗျို့ ။ အဖေကတော့ ဟိုဘက်ကို သွားညှိရတာပေါ့ ။ အေးအေးဆေးဆေး ပြောမယ်ဆိုရင်တော့ ကွာတဲ့ ငါတောင်လာနား ထောင်ချင်ပါသေးတယ်တဲ့ ။ တော်သေး သပေါ့ ။ နောက် တက်လာတဲ့ သူတွေကို ပြေရာ ပြေကြေင်းပြောဖို့ စော်ကား မော်ကား မပြောဖို့ တိုက်တွန်းရတယ် ။
အဲ့ဒီစည်းရုံးရေး ကာလတုံးက လူဦးရေ ကန့်သန့်ချက်ရှိတယ် ။ ဟောပြောပွဲမှာ လူဦးရေ ၄၀ထက်မပို ရဘူးဆိုလားပဲ။အဖေတို့ ပြောတဲ့ ပွဲတွေက လူဦးရေက ဘယ်လောက်ရှိလို့ ရှိမှန်းကို မသိဘူးတဲ့ ။ အဲ့ဒီတော့ ဘာလုပ်ရလဲဆိုတော့အဖွဲ့ထဲကလူငယ်တွေကို စာရင်းရေးခိုင်းရတယ် ။ တစ်ကနေ လေးဆယ် တစ်ဖွဲ့ နဲ့ ဖိတ်ကြားထားသူ စာရင်းပေါ့ ။အာဏာပိုင်တွေ ဘက်က တော်တော်တော့မျက်မှုန်းကျိုးနေပြီ ။ အဖေကို လည်း တိုင်စာတွေ ပို့ထားတာ ထပ်နေတာပဲတဲ့ ။ တစ်နေ့တော့ စခန်းမှုးကြီးက ခေါ်တယ် ။ မင်းကို တိုင်ထားတဲ့ စာတွေ ငါ့စီမှာ တစ်ထပ်ကြီးပဲတဲ့ ။ ငါဘာမှ မပြောပဲ နေတယ် ဆိုတာက မင်းဟာ သားပြစ်မယားပစ် ဒီအလုပ်ကို ယုံကြည်ချက်ရှိရှိ လုပ်နေတယ်ထင်လို့ ဘာမှ မပြောတာတဲ့ ။ အခုတော့ သတိခေါ်ပေးတာပါတဲ့ ။ ပြေရာပြေကြောင်း စကားတွေ ပြောပြီး ပြီးခဲ့ရတယ်။
အဲ့ဒီ အချိန်တွေက တော့ လူတွေလေးစားကြတဲ့ သူတစ်ယောက်ပေါ့ ။ ဒီအလုပ်အပေါ်မှာပဲ အာရုံစိုက်တယ် ။ ဘယ်လို တိုက်ခိုက်လာတာကိုမှ လည်း ဂရုမစိုက်ဘူး ။ အဖွဲ့တွင်း တိုက်ခိုက်မှု့တွေကိုရော အပြင်က အတိုက်အခံတွေကိုရောရဲရဲရင်ဆိုင်ခဲ့တော့ အဖွဲ့တွင်း လူငယ်တွေရဲ့လေးစားမှု့ကိုလည်း ခံရတယ် ။ အဖေက သူနယ်လှည့် စည်းရုံးရေးလုပ်နေစဉ်မှာ အမေ့ကို ဘာမှာခဲ့လဲ ဆိုတော့ “ ဘယ်အဖွဲ့လာလာ ကောင်းကောင်း ဧည့်ခံပါတဲ့ ။ လိုအပ်တဲ့ အကူအညီကိုပေးပါ” တဲ့ ။ အမေက တော်တော် ငယ်သေးတယ် ။ ယောက်ျား လုပ်တဲ့သူ မှားသွားတဲ့ အတိုင်းပဲ တစ်ခြားအဖွဲ့တွေစည်း ရုံးရေးလာကြတဲ့အခါ မရှိရှိတာနဲ့ ဧည့်ခံပေါ့ ။ ရပ်ထဲရွာထဲက လူတွေကို တောင် လိုက်ပြီးနှိုးစော်ပေးလိုက်သေး ဆိုပဲဗျို့ ။
ရန်သူနည်းအောင်လုပ်တဲ့ သဘောပေါ့ဗျာ ။ ယုံကြည်ချက် ကိုယ်စီနဲ့ လမ်းလျှေက်နေကြတာ ။ ဒီနိုင် ငံကြီးအတွက်ပဲအလုပ်လုပ်နေကြတာ ။ ရန်သူလို သဘောမထားပဲ အားစကားသမားတွေလို ယှဉ်ပြိုင်ခြင်း တစ်ခုလိုသတ်မှတ်ခဲ့တာပေါ့။
အဖေက သူဟောပြောပွဲလေး တစ်ခုမှာ ကိုယ်တိုင်ဖန်တီးပြီး ပြောခဲ့တဲ့ ပုံပြင်လေး တစ်ပုဒ်ကိုလည်း ပြောပြပါသေးတယ် ။
“စိမ်းစိုလန်းဆန်းနေတဲ့ တောအုပ်ကလေး တစ်အုပ်အတွင်းမှာ သိုးအုပ်တစ်အုပ်က စည်းစည်းလုံးလုံးနဲ့ နေ ထိုင်ကြသတဲ့။အဲ့ဒီတောအုပ်လေးထဲမှာ အစာရေစာကလည်းပေါတယ် ။ အေးလည်းအေးချမ်းတယ် ။ဒီ လိုနေလာရင်းနဲ့ တစ်ခါကြတော့တစ်ခြားတောအုပ် တစ်ခုက ၀ံပလွေတွေက ရောက်လာကြလေသတဲ့။ ၀ံပလွေတွေဟာရောက်လာတယ် ဆိုရင်ပဲ တောအုပ်လေးထဲက သစ်ပင်တွေကို ဖျက်စီးကြတယ် ။ အစားအစာပေါကြွယ်ဝတာကိုလည်း သိကြတော့ သူတို့တောအုပ်ကို မပြန်ကြတော့ပဲနဲ့ သိုးတွေကို ရန်ပြုလာကြလေ သတဲ့ ။ သိုးတွေမှာက ခွန်းအားခြင်းမမျှတဲ့ အခါကြတော့ လွတ်ရာထွက်ပြေးကြ မိတဲ့ကောင် အသတ်ခံရနဲ့ အေးချမ်းတဲ့ တောအုပ်လေးထဲမှာ ၀ရုန်းသုန်းကားတွေ ဖြစ်လာတာပေါ့ ။ နောက် တော့ သိုးတွေထဲက ဦးဆောင်သူတစ်ဦးကပေါ့ “ငါတို့တော့ ငြိမ်ခံနေလို့ မဖြစ်ချေတော့ဘူး။ ဟိုတစ်ဖက်မှာရှိတဲ့ ၀က်ဝံတွေကိုအကူအညီတောင်းပြီး ဒီကောင်တွေကို မောင်းထုတ်ရမယ် ” ဆိုပြီးကြံစည်လေသတဲ့ ။ ပြောတဲ့ အတိုင်းပဲ အကူအညီယူကြတာပေါ့ ။ ၀က်ဝံတွေ ရောက်လာပြီး တိုက်ကြခိုက်ကြတဲ့ အခါကြတော့ ၀ံပလွေ တွေထွက်ပြေးကြရတာပေါ့ ။အဲ့ဒီအခါ ကြပြန်တော့ ၀က်ဝံတွေက တောအုပ်လေးထဲက ပြန်မထွက်ချင်ပြန်ဘူး ဖြစ်ပြန်ပကောဗျို့ ။ ဒီဟာကိုတော့ သိုးလေးတွေဟာ ဥာဏ်နီဥာဏ်နက်တွေ သုံးပြီး မောင်းထုတ် နိုင်ခဲ့ကြပါသတဲ့ ။ဘေးသူစိမ်း ရန်တွေကနေကင်း ဝေးသွားတဲ့ တောအုပ်ကလေး ပြန်ဖြစ်သွားတာပေါ့ ။ အဲ့ဒီလိုနဲ့ နေလာလိုက်တာ သိုးလေးတွေအချို့မှာ ဟိုတစ်ခြား တစ်ဖက်က အကျင့် ဆိုးတွေ ကိန်းအောင် ကျန်ရစ်နေခဲ့တော့ လေသတဲ့။ အဲ့ဒီအကျင့်ဆိုးတွေကိန်းအောင်နေတဲ့ သူတွေ တဖြည်းဖြည်း များပြားလာပြီး အစုဖွဲ့မိကြတဲ့ အခါ တစ်ခြား သိုးလေးတွေကို အနိုင်ကျင့်လုယက် တိုက်ခိုက်တာတွေ ဖြစ်လာတော့ သတဲ့ ။ ဟိုတစ်ချိန်က စိန်းစိုလန်းဆန်းပြီး အေးချမ်းတဲ့ တောလေး ဟာမအေးချမ်း နိုင်တော့ပဲ ဆူပူ မှု့တွေဖြစ်လာတာပေါ့ ။ အနိုင်ကျင့်တာကို မခံနိုင်တဲ့ သူတွေက ယှည်ပြိုင်တိုက်ခိုက်ကြပေမယ့်လည်း အင်အားကြီးမားနေတဲ့ အကျင့် ဆိုးတွေကို မနိုင်တော့ပါဘူးတဲ့ ။”
ပုံပြင်လေးကို မှတ်မိသလောက် ပြန်ပြောပြတာပါ။ အခုကြတော့ ဘယ်လိုဖြစ်နေပြီလဲ ။ အကျင့်ဆိုးတွေက အင်အားတဖြည်းဖြည်း ကြီးသထက်ကြီးလာနေပြီ ။ တစ်ချိန်က ကိုတွေက ရန်သူလို သဘောမထားပဲ ယှည်ပြိုင်ခဲ့ပေမယ့် ကိုယ်တွေကိုကြတော့ ရန်သူတွေလို သဘောထား ပြီး ရက်ရက် စက်စက် သတ်တဲ့ အထိရောက်လာပြီလေ။ ငါလုပ်ချင်တာလုပ်ဖို့ အတွက်ဘယ်သူ့ကို မှ ဂရုမစိုက် နိုင်တော့ တဲ့ အာဏာချစ် ပုဂ္ဂိုလ်ကြီးတွေ ဖြစ်နေကြပြီ ။ အာဏာရှင် ဒီမိုကရေစီ ဆိုတဲ့ စနစ်သစ်ကြီးသာ ဒီနိုင်ငံမှာ ထွန်းကားလာမှာကို တွေးကြောက်မိလို့ပါ ဗျာ ။ စည်းလုံးကြပါ ။ ညီညွတ်ကြပါ ။ လုပ်စရာရှိတာတွေကို လုပ်ဖို့ အတွက် အချိန်မဆွဲကြပါနဲ့လို့ တိုက်တွန်းရင်း ဆောင်းပါး တစ်ပုဒ်အဖြစ် ရေးသားအပ်ပါသည် ။

လေးစားရတဲ့ ညီလေးတို့
ReplyDeleteမင်းတို့ရေးနေတဲ့ စာတွေအမြဲလာလာဖတ်ပါတယ် မန့်မသွားတာဘဲ ရှိပါတယ် အမြဲရောက်နေပါတယ် အများကြီးလဲ ကြိုးစားနေတာတွေ့ရလို့ အရမ်းဝမ်းသာပြီး ဂုဏ်ယူပါတယ် မင်းတို့လက်ထက်မှာ အောင်မြင်မယ်လို့ မျော်လင့်ထားတယ် အမြဲဆက်သွယ်ပါ
လေးစားစွာဖြင့်
ရဲမင်းထွန်း