Home » » ဒုက္ခိတဘ၀ကို လက်မခံတဲ့ ကောင်လေး

ဒုက္ခိတဘ၀ကို လက်မခံတဲ့ ကောင်လေး

အဲသည်ရွာကျောင်းကလေးမှာ ဆောင်းတွင်းအနွေးပေးသည့် ရှေးမီးဖိုကြီး တစ်ခုရှိသည်။ကျောက်မီး သွေးသုံးသည့် ဗိုက်အိုးကျယ် သံမီးဖိုမျိုး။ ကောင်လေးတစ်ယောက်က နေ့စဉ်နံနက်စောစော လာပြီး မီးမွှေးရသည်။ သူ့ဆရာနှင့်သူ့အတန်းဖော်များလာလျှင် စာသင်ခန်းလေးနွေးနေအောင်ပေါ့ တစ်မနက် ကျောင်း တက်သူတွေ လာကြသည့်အချိန်မှာတော့ စာသင်ကျောင်းကလေးမှာမီးတွေ တဟုန်းဟုန်း တောက်နေတာတွေ့ ကြရသည်။ 
ကျောင်းထဲမှာ သတိမေ့နေသည့်ကောင်လေးကို သူတို့ ၀ိုင်းဝန်းဆွဲထုတ်ကြသည်။ ကောင်လေးက သေသလား ရှင်သလားမခွဲခြားနိုင်သည့် အနေအထားမျိုး။ သူ့ခန္ဓာကိုယ် အောက်ပိုင်း မီးတွေ အကြီးအကျယ်လောင်ထားသည်။ သူ့ကို နီးရာနယ်မြေဆေးရုံ သို့ သယ်ယူခဲ့ကြသည်။ဆေးရုံကုတင်ပေါ်တွင် သတိလစ်တစ်ချက် မလစ်တစ်ချက်ဖြစ်နေသည့် ကြားက ကောင်လေးနားထဲမှာ ဆရာဝန်အသံတွေ မသဲမကွဲ ကြားနေသည်။ ဆရာဝန်က သူ့မိခင်အား သူမ၏သားအသက်ရှင်စရာ လမ်းမရှိသည့် အကြောင်း၊ စင်စစ် ခန္ဒာကိုယ်အောက်ပိုင်းတစ်ခုလုံး ယခုလောက်ဆိုးဆိုးဝါးဝါးကြီး လောက်ကျွမ်းပျက်စီး သွားပြီးသည့် နောက်တွင်တော့ အသက်ဆက်မရှင်တာသည်ပင် ကောင်းသေးကြောင်း ပြောကြားနေခြင်းဖြစ်သည်။
သတ္တိကောင်းသည့် သည်ကောင်လေးက သေရမှာ ကိုအလိုမရှိ။ ငါမသေရဘူး အသက်ရှင်ရမယ်ဟုသူ အဓိဋ္ဌာန်ပြုသည်။ တကယ်ပင် သူအသက်ဆက်ရှင်လာတော့ ဆရာဝန်အံ့အားသင့်ရသည်။မ သေ နိုင် တော့ ပါ ဘူး ဆိုတာ သေချာသွားသည့်အချိန် ဆရာဝန်နှင့် သူ့မိခင် ဆွေးနွေးပြောဆိုနေတာသူကြားရပြန်သည်။ သူ့ခန္ဓာကိုယ်အောက်ပိုင်းက အသားတွေ အမြောက်အများ မီးကြောင့်ပျက်ဆီးသွားခဲ့ပြီဖြစ်ရာ ခြေနှစ် ချောင်းလုံး သုံးမရတော့သဖြင့် တစ်သက်လုံး မစွမ်းမသန် ဒုက္ခိတဘ၀ဖြင့်နေသွားရလိမ့်မည် ဆိုသည့်အကြောင်း ဖြစ်၏။
သည်စကား ကြားပြီးသည့်နောက် ကောင်လေး တစ်ကြိမ်ထပ်၍ အဓိဋ္ဌာန်ပြုသည်။ ငါလမ်းလျှောက်နိုင်
ရမယ်၊ ဒုက္ခိတ ဘ၀လုံးဝ မရောက်စေရ ဟူ၍။
သို့သော် အဓိဋ္ဌာန်ပြုမည့်သာ ပြုရသည်။ ခါးအောက်ပိုင်း တစ်ခုလုံးက အသက်မ၀င်၊ လှုပ်ရှားနိုင်စွမ်းမရှိဖြစ်နေသည်။ ကြုံလှီသေးကွေးသော ခြေထောက်နှစ်ချောင်းက အောက်ဘက်မှာ တွဲလောင်းကလေး။သည်လိုဖြင့် နောက်၌ သူဆေးရုံမှ ဆင်းခွင့်ရခဲ့သည်။ အိမ်တွင် အမေက သူ့ခြေ ထောက်ကလေးတွေကိုနေ့စဉ် နှိပ်နယ်ပေးသည်။ သို့သော်ခြေထောက်တွေက ဘာခံစားမှု့မှမရှိ၊ ဘယ်လိုမှလဲ လှုပ်ရှားခိုင်း၍မရ၊လုံးဝအသုံးမကျဖြစ်နေသည်။
သို့သော် လမ်းထလျှောက်နိုင်ရမည်ဟူသော သန္နိဋ္ဌာန်က ခိုင်မာမြဲ ခိုင်မာဆဲပင်။အိမ်၌သူ့ကို အိပ်ယာ ထဲထားလျှင်ထား ၊ မဟုတ်လျှင် ဘီးတပ်ကုလားထိုင်၌ ထားလေ့ရှိသည်။နေသာသောတစ်နေ့၌ အမေက သူ့ကိုလေကောင်းလေသန့်ရှူရအောင်ဟူ၍ ခြံထဲ တွန်းယူသွားပြီးထားသည်။ အဲ့သည်နေ့မှာ သူကု လားထိုင်ထဲချည်း ထိုင်မနေတော့ဘဲ အောက်သို့ လှိမ့်၍ ဆင်းသည်။ အဲ့သည်နောက် ခြေထောက်နှစ်ချောင်း ကို ဒရွတ်ဆွဲကာ မြက်ခင်းမှာ ၀မ်းလျှားထိုး ၍ သွားသည်။သူတို့မြေကွက်ကို ကာရံထားသည့် အဖြုရောင် ခြံစည်းရိုးတန်းဆီ ရောက်အောင် အားခဲပြီးသူသွားသည်။
သည့်နောက်တွင် ခဲယဉ်းပင်ပန်းစွာ အားထုတ်ကြိုးပမ်းကာ သူ့ကိုယ်သူ ခြံစည်းရိုးမှာ တွဲပြီးထူသည်။ပြီးလျှင် ငါလမ်းလျှောက်နိုင်ရမည်ဟူသော အားမာန်ဖြင့် စည်းရိုးတန်းလျှောက် သည်တစ်တိုင်းမှ ဟိုတစ်တိုင် ဒရွတ်တိုက်လျှက် ရွှေ့သည်။ အဲသညမှ စတင်ကာ နေ့စဉ်နေ့တိုင်း ကြိုးစားအားခဲ၍လုပ်ရာ ခြံစည်းရိုးတန်း နံဘေးတစ်လျှောက်တွင် ချောမွတ်ညီညာသော လမ်းကြောင်းရာတစ်ခုပင် ထင်လာသည်။ သူ့အဖို့ လောက၌
ခြေထောက်နှစ်ချောင်း အသက်ဝင်လာအောင်လေ့ ကျင့်ပျိုးထောင်ဖို့ထက် ပို၍ ထက်သန်လိုလား အပ်သော အရာမရှိခဲ့။
သို့နှင့် နောက်ဆုံး၌ နေ့စဉ် နှိပ်နယ်ကုသမှု့၊ မဆုတ်မနစ်သော စိတ်ဇွဲနှင့် ခိုင်မာသော သန္နိဋ္ဌာန်တို့ဖြင့် ကြိုး
စား အားထုတ်မှု့များ ကြောင့် သူမတ်တတ်ရပ်နိုင် လာသည်။ သည်နောက်တွင်တော့ ထော့တီးထော့နဲ့လမ်း
လျှောက်နိုင်လာသည်။ အဲ့သည်နောက်တွင် လွတ်လွတ်ကျွတ်ကျွတ်။ သည်နောက်တွင်ကား ပြေးနိုင် လာလေသည်။
သူကျောင်းသို့လမ်းလျှောက်သွားသည်ဒ သည်နောက် ပြေးသွားသည်။ နောက်တွင်မူ ပြေးရသည်ကိုနှစ်သက်
ခြင်းအတွက်ကြောင့်ပင် လျှောက်၍ ပြေးလေတော့သည်။
ကောလိပ်ကျောင်းရောက်သည့် အခါပြေးခုံပစ် အားကစားအဖွဲထဲမှာသူပါလာသည်။နောက်တွင်မူ တစ်ချိန်သောအခါက အသက်ပင်ရှင်မှာ မဟုတ်ဘူးဟု ထင်ခဲ့ရသော အသက်ရှင်သည့်တိုင် ဘယ်နည်းနှင့်မျှ လမ်းလျှောက်နိုင်မည် မဟုတ်ဟု ယူဆခဲ့ရသော၊ ပြေးနိုင်ဖို့ ဆိုသညကို နည်းနည်းမျှပင် မျှော်လင့်၍မရနိုင်ခဲ့သော၊ အလွန်ဇွဲကြီး လှသည့် ထိုကောင်လေး ဂလင်ကန်နင်ဟမ်သည် တစ်ဖက်က ပညာရေးဘက်တွင်အောင်မြင်ကာ ဒေါက်တာဂလင်ကန်နင်ဟမ်ဟူ၍ ဖြစ်လာသည့်ပြင်၊ တစ်မိုင်အဝေးကို ကမ္ဘာပေါ်တွင် အမြန်ဆုံးပြေးနိုင်သူအဖြစ်လည်း နယူယောက်မြို့ မေဒီဆင် စကွဲယား ပန်းခြံကြီးထဲတွင် စံချိန် တင် ပြေးပြနိုင်ခဲ့ပေသည်။
{ မူရင်း။ ။ Burt Dubin ၏ The Power of Determination}

ဆရာ ဖေမြင့် ၏ နှလုံးသား အဟာရ ရသစာများ တတိယတွဲ

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !