Home » » အမြဲတမ်း အဆင်သင့်ရှိရမယ်

အမြဲတမ်း အဆင်သင့်ရှိရမယ်

၁၉၄၇ ခု ဇွန်လ ၁၀ ရက် ဗန္ဓုလပန်းခြံ မိန့်ခွန်း

ယနေ့ ကျွန်တော်တို့ရဲ့ တိုင်းပြုပြည်ပြုလွှတ်တော်ကြီးကို စတင်ကျင်းပ ပြုလုပ်ရမယ့်နေ့ဖြစ်တယ်။ ယခုကျင်းပပြုလုပ်မဲ့ တိုင်းပြုပြည်ပြု လွှတ်တော်အစည်းအဝေးဟာ ဘာအတွက် ဘာအတွက် ကျင်းပပြုလုပ်ရမယ်ဆိုတာအထူးရှင်းပြနေစရာ လိုမယ် မထင်ဘူး။ ဗမာပြည်မှာရှိတဲ့ တိုင်းသူပြည် သားတွေက တင်မြှောက်လိုက်တဲ့ တိုင်းပြည်ကိုယ်စားလှယ်ဖြစ်တဲ့ အမတ်များဟာ တိုင်းပြည်ကို ဘယ်လိုပြုစုပျိုးထောင်မယ်။ ဘယ်လိုလုပ်မယ်ဆိုပြီး စီမံဆုံးဖြတ်ရမဲ့ လွှတ်တော် အစည်းအ ဝေး မျှသာဖြစ်တယ်။

အလုပ်လုပ်ကြည့်မှ သိမယ်
ကျွန်တော်တို့ဟာ အားလုံးအချုပ်အချယ်နှင့် ရှိနေသေးတယ် ။ အဲ့ဒီလို အချုပ်အချယ်များက လွတ်မြောက် အောင်လုပ်နိုင်မယ့် စည်းမျဉ်းရေးဆွဲဖို့ လိုအပ်တယ် ၊ အမှန်ကတော့ လူမျိုးရေးလွတ်လပ်အောင် လုပ်ရမှာဘဲ။ တစ်ခြားနိုင်ငံတွေမှာဆိုယင် တော်လှန်ရေးလုပ်ငန်းတွေလုပ်ပြီးမှ တိုင်းပြုပြည်ပြုလွှတ်တော် ခေါ်နိုင်တာ တွေကိုလည်း အများကြီးတွေ့ရမယ်။ ယခုလုပ်မယ့် လွှတ်တော်အတွက် ဖ၊ဆ၊ပ၊လ ပဏာမ ညီလာခံက ဆုံးဖြတ်လိုက်တဲ့ ဖွဲစည်းပုံ ဥပဒေကိုရေးဆွဲလိုက်တာ ဘယ်လိုဖြစ်မယ်ဆိုတာ မသိ အလုပ်လုပ်ကြည့်မှ ပဲသိမယ်။

နောက်ဆုံးပိတ်မှာ အတည်ဖြစ်မယ်
ကျွန်တော်တို့ဟာ အင်္ဂလန်ပြည်မှာရော၊ တစ်ခြားတိုင်းပြည်တွေမှာရော ဖွဲစည်းအုပ်ချုပ်ပုံတွေ ကြည်ယင် အခက် အခဲအမျိုးမျိုးနှင့် တွေ့ခဲ့ရတာ၊ တွေ့နေတာ အများကြီး မြင်တွေ့ရပါတယ်။ ယနေ့ ကျွန်တော်တို့ ဆုံးဖြတ်ချက်ချရမှာကတော့ နောက်ဆုံးပိတ်မှာ အတည်ဖြစ်မှာဘဲ။ ဘာဖြစ်လို့လဲဆိုယင် အင်္ဂလိပ်များ၏ အခြေအနေ၊ ကမ္ဘာနိုင်ငံကြီးများ၏အခြေအနေကို သိခြင်းအားဖြင့် နောက်ဆုံး ဒီအခြေဆိုက်မယ် ဆိုတာသိရတယ်။ အခက်အခဲဆိုတာမျိုးကတော့ ဘယ်နေရာမျိုးမဆို ပေါ်ဦးမှာဘဲ။

အေးအေးဆေးဆေး မနေကြနဲ့အုံး
ကျွန်တော်တို့ ပဏာမညီလာခံမှာ ဆုံးဖြစ်တာကို ကျွန်တော်တို့ အတည်ဖြစ်မယ်လို့ ယူဆတယ်။ ဒါပေမယ့်လွတ်လပ်ရေးတိုက်ပွဲဟာ မပြီးသေးဘူးဆိုတာကို တိုင်းပြည်မှာရှိတဲ့ တိုင်းသူပြည်သားတွေဟာ သတိနှင့် အမြဲနေပြီး ကျွန်တော်တို့လုပ်တာတွေကိုကြည့်ပြီး အမြဲထောက်ခံသွားမှ ဖြစ်မယ် ။ ဒါကြောင့် ကျွန်တော်တို့ ရဲ့တိုင်းပြု ပြည်ပြုလွှတ်တော်ကိုဆွေးနွေးနေလို့ အေးရတော့မယ်ဆိုပြီး အေးအေး ဆေးဆေးတော့ မနေကြပါနဲ့အုံး။ ကျွန်တော်တို့ ဆုံးဖြတ်လိုက်တဲ့ဆုံးဖြတ်ချက်တွေကို တတိုင်းပြည်လုံးက အုံကြွပြီး အမြဲတမ်း ဆန္ဒထောက်ပြ ထောက်ခံကြမှ ဖြစ်မယ်။ဒီလိုဆန္ဒတေါ အမြဲတမ်း ပြသနေပါရက်နှင့် အတည်မဖြစ်ယင် ရှေ့တစ်လှမ်းတိုးပြီး လုပ်ဖို့ဘဲ။ ဒီတစ်ခါတစ်လှမ်းဟာနောက်ဆုံး လှမ်းမည့် ခြေလှမ်းဖြစ်လို့ ပြင်ဆင်မှု့တွေကို အမြဲတမ်း အသင့်ရှိစေရမယ်။ ပြင်ဆင်မှု့တွေ ရှိဖို့ကလည်း ဖ ၊ဆ ၊ပ ၊လ အဖွဲ့ချုပ်ကြီးမှ ညွှန်ကြားချက်များ မကြာခဏထုတ်ဝေပါလိမ့်မယ်။

အနှောင့်အယှက် ပေးနိုင်တယ်
တိုင်းပြည်က ဆန္ဒပြပြီး တိုင်းပြုပြည်ပြု လွှတ်တော်က ဆုံးဖြတ်ချက်အတိုင်း ရှေ့တစ်လှမ်းတိုးဖို့ အမြဲတမ်း အားပေးကူညီရမယ်။ ပဏာမညီလာခံ ရဲ့ဆုံးဖြတ်ချက် အတိုင်း လွှတ်တော်ထဲမှာ ဆောင်ရွက်သွားမယ်။ အဲ့ဒီ ဆုံးဖြတ်ချက်တွေ ကို ခင်ဗျားတို့က မှန်တယ်ထင်ယင် ထောက်ခံကြဖို့ဘဲ ။ ယနေ့အဖို့ ရှည်ရှည်ပြောဖို့မလို၊ ဗမာပြည်ရဲ့ ဖွဲ့စည်းပုံ ဥပဒေကို အောက်တိုဘာလမှာ အပြီးလုပ်နိုင်မယ်လို့ ထင်ရပါတယ်။ ယနေ့စတဲ့ တိုင်းပြုပြည်ပြုလွှတ်တော်ရဲ့ အတွင်း မှာ ဖ ၊ဆ ၊ပ ၊လ အမတ်တွေ အများကြီး ရှိပေမယ့် အနှောက်အယှက် အမျိုးမျိုးပေးနိုင်တာဘဲ။

အိန္ဒိယကို အတုခိုးပြီးလုပ်မယ်
အိန္ဒိယပြည်နှင့် ဗမာပြည်ရဲ့ အခြေအနေမှာ နိုင်ငံရေးအခြေအနေတွင် ဗမာပြည်က သာပြီး တခြားအခြေအနေမျာ သူတို့က သာနေတယ်။ အဲ့ဒီလို သူ့ဆီမှာသာနေတာကို အတုခိုးပြီး ပြုပြင်သွားဖို့ဘဲ၊ နိဂုံးချုပ်စကားကတော့ အားလုံးသောတိုင်းသူပြည်သားတို့ဟာ အမြဲတမ်း အဆင်သင့်ရှိဖို့ ပြောလိုတာပါဘဲ ။ ။

မှတ်ချက်။ ။ ယခုအခြေအနေမှာလည်း လွတ်လပ်ပြီးလို့ မဆိုနိုင်ပါဘူး ။အာဏာရှင်လက်အောက် ကမလွတ်မြောက် သ၍ ကျွန်တော်တို့ နိုင်ငံသည် မလွတ်လပ်သေးသောနိုင်ငံသာဖြစ်သည် ။ ကောက်ကြံ လိမ်ညာ ပြီး ရေးဆွဲထားသော ဖွဲ့စည်းပုံ ဥပဒေ နဲ့ မြန်မာပြည် မှာ ဒီမိုကရေစီ စနစ် တည်ထောင်မည်ကို လက်မခံနိုင်ပါ။ ဒီဖွဲစည်းပုံကြီး ကတော့ဆန္ဒခံယူပြီးသွားပြီ ။ သူတို့ အတွက် ထောက်ခံမဲ အပြည့်၇တယ်ဆိုပြီး ကမ္ဘာကို ကြေညာတယ် ။ အဲ့ဒီဖွဲ့စည်းပုံနဲ့ရွေးကောက်ပွဲလုပ်တော့မယ် ။ ဒီတစ်ကြိမ်မှာ ပြည်သူပြည် သားတွေ အနေနဲ့ တစ်စိတ်တည်း တစ်ဝမ်းတည်းဆန္ဒပြရမယ့် အချိန်ရောက်လာပါပြီ။ အဖွဲ့ချုပ် (NLD) ရဲ့ ဦးဆောင်မှု့ မရှိပဲနဲ့တော့ ဖြစ်လာမယ်လို့ မထင်ပါဘူး။ အဖွဲ့ချုပ်ကို အရင်က ထောက်ခံခဲ့တဲ့သူတွေ ယခုတက်လာတဲ့ လူငယ်တွေမှာလဲ ဒီအဖွဲ့ချုပ်အပေါ်မှာ ယုံကြည်မှု့တွေ ဆက်ရှိနေတာကို ယုံကြည် ပါတယ်။ အဖွဲ့ချုပ်နဲ့ အတူစစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းကို ရောက်ဖို့ မကြောက်မရွံ့ လက်တွဲကြပါ။ အေးအေး ဆေးဆေး မနေကြပါနဲ့လို့နှိုးဆော်ချင်ပါတယ်။

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !