Home » » အရှက်၊ အကြောက်၊ အသိ

အရှက်၊ အကြောက်၊ အသိ


အရှက် နဲ့ ပတ်သတ်လို့ လူကြီးမိဘတွေပြောနေကြစကားလေး တစ်ခွန်းကို အမှတ်ရမိတယ် ။ “အရှက်ဆိုတာ ရှိ သင့်တဲ့နေရာမှာ ရှိရတယ်” ။ နေရာတကာမှာ အရှက်မရှိပျက်တီးပျက်ချော် အပြောင် အပျက် တွေ လုပ် တတ်တဲ့ ကလေးတွေကို ဆုံးမတဲ့ စကားလေးပါ ။ နောက်တစ်ခုက “အကြောက်” တရာပေါ့ ။ အကြောက် တရာမရှိဘူး ဆို တာနဲ့ ပတ်သတ်ပြီးတော့လည်း လူကြီးတွေ ကနေရာတကာပါတတ်တဲ့ကလေး ၊လူကြီး စကားပြောတတ်တဲ့ ကလေး တွေဆိုရင် အကြောက်တရားမရှိ ကလေးနေရာ ကလေးမနေဘူး ၊ နေရာ တ ကာ ပါတာပဲ။ အသိကြတော့ ရှေ့က ပြောခဲ့တဲ့ အရှက် အကြောက်ဆိုတာထက် အဆမ တန်လေး နက် သွားပြီလို့ ယူဆမိတယ် ။ အသိလို့ ဆို လိုက်တာနဲ့ စကားကြောကြီးက ရှည်တော့မှာ ။ အဲဒီတော့ အတိုးဆုံး ချုံ့လိုက်မယ်ဆိုရင်တော့ အမှား၊ အမှန် ခွဲ ခြားသိဖို့ပါပဲ။
ဒီလိုဆိုတော့ အမှားအမှန်ကို ခွဲခြားတတ်တဲ့ အသိ ရှိမယ်ဆိုရင်ဖြင့် ရှက်ရမှာကိုလည်း ရှက်ရမှန်းသိလာမယ်၊ ကြောက်ရမှာကိုလည်း ကြောက်ရမှန်းသိလာမယ် ။ လူတစ်ယောက်အတွက် လူ့လောကလူ့ဝန်းကျင်နဲ့ ကိုယ် သိသင့်သိထိုက်တဲ့ အသိမှန် လေးတွေတော့ ရှိထားရင်ဖြင့် လူတွေနဲ့ ဆက်ဆံရတာ အဆင်ပြေတာပေါ့။ လူ့ဂလန့် ဂွစာ ဆိုတဲ့ စကားက ရွာမှာတော့ အမြဲတမ်းကြားနေရတာပဲ။ ဒီစကားကို ဘာကြောင့်ပြောကြသလဲ ဆိုတာကို စဉ်းစားကြည့်ပြန်တော့ အပြောခံရတဲ့သူဟာ စကားပြောရာမှာသော်လည်းကောင်း၊ ကိုယ်အမူအ ရာ နှုတ်အမူအရာသော်လည်းကောင်း အရှက်တရားအကြောက်တရား ကင်းမဲ့နေတယ်ဆို သဘောပေါက် လာတယ် ။ တစ်ချို့မိန်းခလေးတန်ပေမယ့် အပြောကြမ်းတယ်၊ မြန်မာပြည်မှာ မြန်မာမိန်းခလေးတွေဟာ ခေတ်နဲ့အညီ အ၀တ်အစားတွေလိုက်ဝတ်တဲ့ အခါမှာ အရှက်တရားမဲ့လိုက်တာလို့ နောက်ကွယ်မှာ ပြောနေ သံတွေလည်း ကြားနေရပါတယ်။ ဒါကတော့ ၀တ်သင့်သလောက်ဝတ်ကြပါ။ ကိုယ့်လူမျိုးကိုယ့်ပတ်ဝန်းကျင်နဲ့ လည်း ကိုက်ညီအောင်တော့လုပ်ကြပေါ့။
အကြောက်တရားမရှိဘူး ဆိုတဲ့ နေရာမှာလည်း သတိထားစရာတွေရှိပါတယ် ။ မကြောက်သင့်တဲ့နေရာတွေ မှာ အရမ်းကာရော မကြောက်ကြပါနဲ့ ။ လူတွေက ဘယ်လိုဖြစ်နေလဲ ဆိုတော့ ရဲစခန်းတို့၊ တရားရုံးတို့ ရောက် ရင် အရမ်းကြောက်တတ်ကြတယ် ။ ကိုယ်မဟုတ်ရင် မဟုတ်ဘူး ။ ဟုတ်ချင်လဲ ဟုတ်တယ်။ ရဲရဲဝံ့ဝံ့ရှိကြ စေချင်တယ်။ ဒီလိုဘာကြောင့် ပြောသလဲဆိုတော့ မဖြစ်သင့်တာတွေဖြစ်နေတဲ့ သတင်းတွေက ခဏခဏ ကြားနေရလို့ပါ ။ အပြစ်မရှိတာတောင်မှ ငွေနဲ့လိုက်ပြီး ထောင်မကျကျအောင်လုပ်တယ်ဆိုတာတွေရှိနေပါ တယ်။ အဲ့ဒီတော့ဗျာ အမှန်တရားအတွက်ကို ရဲရဲရင်ဆိုင် မကြောက်ပါနဲ့ လို့ပြောချင်တာပါ။ လုပ်သင့်တာကို လုပ်ရဲရမယ်။ နေရာတကာမှာ မကြောက်ကြပါနဲ့လို့ ပြောချင်တာ။ မဟုတ်တာလုပ်တာကို မဟုတ်မှန်းလဲ သိတယ် ။ ကြောက်လို့ ပြန်မပြောရဲကြဘူး ။ 
အသိနဲ့ အရာရာကို စဉ်းစားဆင်ခြင်ကြည့်ကြမယ်ဆိုရင် အားလုံးပြည့်စုံသွားမှာတော့ မုချပါပဲ ။ အသိက တော် တော်လေး အရေးကြီးတယ်နော် ။ ဥပမာလေး တစ်ခုလောက်ပြောချင်တယ် ။ တလောတုံးက မိတ်ဆွေဦး လေးတစ်ယောက်နဲ့ အတူ ဆိုင်မှာ နေ့လည်စာသွားစားကြတယ် ။ သူက ဆန်ကုန်သည် ဆန်ဆိုင်ပိုင်ရှင်ပါ။ သူက ထမင်းလိုက်ကျွေးမယ်ဆိုလို့ လိုက်သွားတယ်။ သူက အသောက်အစား နည်းနည်းရှိတယ် ။ ပညာတတ် တစ်ယောက်ပါ ။ ဆိုင်ရောက်တော့ သူက ထမင်းစားခါနီး အရက်ကလေး နည်းနည်းမှာသောက်တယ်။ သူနဲ့ စကားတွေပြောဖြစ်တာက သူ့ဆိုင် အတွက် ဆိုင်းဘုတ် လိုဂို(Logo) လေးထုတ်ပေးဖို့ စကားပြောကြရင်း သူက တရားစကားလေးတွေပြောလာတယ်။ သူဆန်အိတ်တွေမှာ လိုဂိုရယ် ဆန်အမျိုးအစားရယ် လိပ်စာရယ် ပြီးတော့ သူက ဆရာတော်ကြီးတွေရဲ့ သြ၀ါဒ စကားလေးတွေကိုလည်း ဆန်အိတ်တိုင်းမှာ ရိုက်ချင်တယ်လို့ တိုင်ပင်တယ်။ သူ့အိတ်ထဲမှာလည်း တရားစာအုပ်သေးသေးလေး တစ်အုပ်ပါလာတယ်။ နောက်ပြီး သူက အဲ့ဒီတရားစာအုပ်လေးတွေကို ဆန်ဆိုင်မှာ ဓမ္မဒါန ဖြန့်ဝေအုံးမှာ။
သူဆန်အိတ်မှာ ဆရာတော်ကြိးတွေရဲ့ သြ၀ါဒရေးမယ်ဆိုတဲ့ အချက်ကို အသေအချာစဉ်းစာမိတယ်။ ပထမ တော့ သူပြောတာကို လက်ခံသလို လက်မခံသလိုနဲ့ ပေါ့ ။ နောက်တော့ ဦးလေး အဲဒါတော့ မလုပ်သင့်ဘူး ထင်တယ်ဗျလို့ ပြောမိတယ်။ သူက  “ဟ - ဘာလို့လဲကွ အားလုံးကို အသိတွေရစေချင်တာ - တရားကို တကယ် သိစေချင်တာ”။ ဟုတ်တော့ ဟုတ်ပါတယ် “ဒါပေမယ့်ဦလေးရယ် လူတိုင်းမှာ ဘာသာတရား ရှိကြ တယ်၊ ဘယ်ဘာသာဝင်ပဲ ဖြစ်ဖြစ် ကိုယ်နဲ့ဆိုင်တဲ့ ဘာသာအကြောင်းတော့ အနည်းနဲ့ အများသိကြပါတယ်။ ဒါပေမယ့်လည်း သိတဲ့ အတိုင်း မလိုက်နိုင်ကြဘူး မှတ်လား ”။ အင်းအခြေအတင်လေးတော့ပြောလာကြပြီ။ ဘာကို ဥပမာပေးပြီး ပြောလိုက်မိလဲ ဆိုတော့ “ ဦလေး ဗုဓ္ဒဘာသာဝင်မှတ်လား ဘုရားဟောထားတဲ့ တရား တွေကိုလည်း ဦလေးသိတာပဲ .. ဘုရားက အရက်သောက်တာ မကောင်းဘူး လို့ဟောထားတယ် မှတ်လား.. ဒါပေမယ့် ဦးလေးသိသိကြီးနဲ့ သောက်နေမိတယ်မှတ်လား.... ဒီလိုပါပဲ ဦးလေး လူတွေမှာ နည်းနည်းသိတဲ့ သူ များများ သိတဲ့ သူ ... သူ့အသိနဲ့သူ ရှိပေမယ့် တကယ်မလိုက်နာ နိုင်ကြပါဘူး ။ အဲဒီတော့ ဦးလေးဖြစ်ချင် တယ်ဆိုရင်တော့ ဆိုင်မှာ စာလုံးလှလှ ဖော်ပြီးကပ်ထား ။ စာအုပ်တွေ ဓမ္မဒါန လုပ်ချင်တယ်ဆိုတာလုပ် အဲ့ဒါ ပိုသင့်တော်ပါတယ်။ ဆန်အိတ်မှာဆိုတော့ အလုပ်သမားကလည်း နင်းမယ် နေရာတကာနဲ့ တရားစကား လုံး တွေနဲ့ မသင့်ပါဘူး ဆိုတာကို သူလက်ခံသွားပါတယ်။
အခုတော့ သူ ဓမ္မဒါန အဖြစ် စာအုပ်ကလေးတွေလည်း ဆန်ဆိုင်မှာ ဝေပေးနေပါတယ်။ အရက်ကိုလည်း ဖြတ်လိုက်တာ နှစ်ပတ်ကျောင်သွားပါပြီ ။ သိသိနဲ့လုပ်နေတဲ့ အလုပ်မှားတွေကို အသိနဲ့ပဲပြန်လည် ချုပ်ထိန်း သွားရင်ဖြင့် လောကမှာ ကျေနပ်စရာပေါ့ဗျာ ။ တစ်ချို့ကြတော့ မှားမှန်းတော့ သိပါရဲ့ ။ မှားမှန်းသိရက်နဲ့ ဆက်လုပ်နေကြမယ် ဆိုရင်တော့ လူ့အသိုင်းအ၀ိုင်းက လက်မခံတဲ့ သူတစ်ယောက်ဖြစ်သွားမှာပေါ့ ။ သမိုင်း မှတ်တိုင်မှာလည်း မလုပ်သင့်တဲ့ အမှားတွေလုပ်မိတာကြောင့် သမိုင်းဆိုးကြီး ကျန်ခဲ့ ရမှာပေါ့ ။ အသိ နဲ့ထိန်း ချုပ်၍ အမှားတွေကို မလုပ်မိစေချင်တဲ့ ဆန္ဒနဲ့ ရေးသားအပ်ပါတယ် ။    ။

ကိုယ့်အတွေး ကိုယ့်အမြင်

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !