အနောက်နိုင်ငံများတွင် နိုင်ငံသားများက သူတို့ဒီမိုကရေစီကို ကျင့်သုံးသည်ဟု ယုံကြည်ကြသည် ။ အဓိပ္ပာယ်က သူတို့နိုင်ငံအစိုးရအဖွဲများတွင် ရာထူးရာခံ အဆင့်ဆင့်၌ အာဏာရရှိမည့် သူများကို ရွေးချယ်ပိုင်ခွင့် သူတို့မှာရှိ သည်ဟု ဆိုလိုခြင်းဖြစ်သည် ။ နေ့စဉ်ပေါ်ပေါက်နေသည့် အရေးကိစ္စများနှင့် စပ်လျှဉ်း၍ သူတို့စိတ်တွင် ထင်မြင် သည့်အတိုင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိသည်ဟုလည်း သူတို့ခံစားကြရသည် ။
ဒီမိုကရေစီဆိုသည့် စကားလုံးမှာ ဂရိဝေါဟာရဖြစ်၍ ပြည်သူ့အုပ်ချုပ်ရေးဟု အဓိပ္ပာယ်ရရှိသည် ။ ဒီမိုကရေစီ သဘောတရား ဖွံ့ဖြိုးစေရန် ပြုစုပျိုးထောင်ခဲ့ကြသော ရှေးခေတ်ဂရိလူမျိုးတို့မှာ ကျေးပိုင်ကျွန်ပိုင် စနစ်ရှိခဲ့ သော်လည်း ပြဿနာတစ်စုံတစ်ရာ မရှိခဲ့ချေ ။ သူတို့က နိုင်ငံသားများတွင် အခွင့် အရေးအပြည့်အ၀ရှိသည် ဟု ယုံကြည်ခဲ့ကြသည် ။ သို့ရာတွင် ကျွန်များကိုမူ တိရစ္ဆာန်ကဲ့သို့ သဘောထား၍ ပြုမူဆက်ဆံခဲ့ကြသည် ။ အေသင်မြို့ပြနိုင်ငံတွင် ဘီစီ ၅ ရာစုက နိုင်ငံသားများသည် အစိုးရလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ရမည်ဟု မျှော်မှန်းချက်ထားရှိကြသည် ။ နိုင်ငံအတွက်အဆုံးအဖြတ်ပေးသည့် လုပ်ငန်းစဉ် အဆင့်ဆင့်တွင် တိုက်ရိုက်ပါဝင် ဆောင်ရွက်ခွင့်ရှိသည် ဆိုသည့် သဘောပင် ဖြစ်သည် ။ အသက် ၁၈ နှစ် ပြည့်ပြီး နိုင်ငံသား ယောက်ျားများသည် ယင်းသို့ ပါဝင်ဆောင်ရွက်သည့် အခွင့်အရေးကို ရရှိကြသည် ။ ကျေးကျွန်များ ၊ အမျိုးသမီးများနှင့် အေသင်တွင်နေထိုင်ခွင့် ရရှိထားသော်လည်း နိုင်ငံသားမဟုတ်သူများ အား နိုင်ငံရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်ခွင့် မပြုချေ ။ သို့ဖြစ်၍ အေသင်မြို့ပြနိုင်ငံတွင် ကျင့်သုံးသည့် ဒီမိုကရေစီ စနစ်မှာ လူနည်းစုအတွက်သာဖြစ်ကြောင်း တွေ့ရှိရသည် ။ နိုင်ငံရှိ လူဦးရေ၏ ၂၀ရာခိုင်နှုန်းသာ နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ခွင့်ရှိသည် ။
ခေတ်သစ်အမျိုးသားနိုင်ငံများတွင် ကျင့်သုံးသည့် ဒီမိုကရေစီမှာ ကိုယ်စားလှယ်ရွေးချယ်တင်မြှောက်သည့် စနစ်ဖြစ်သည့် အစိုးရအဖွဲ့ရှိ ရာထူးအဆင့်ဆင့်တွင် တာဝန်ယူကြမည့်သူများအား နိုင်ငံသားများက ရွေးချယ်ခြင်းဖြစ်သည် ။ အစိုးရ ရာထူးအဆင့်ဆင့် ဆိုရာတွင် စည်ပင်သာယာ ၊ နိုင်ငံတော် သို့မဟုတ် နိုင်ငံ တော်နှင့် သက်ဆိုင်သော အခြားရာထူးများဖြစ်သည် ။ ယင်းသို့ ရွေးချယ်တင်မြှောက်ခံရသူများသည် ပြည်သူ များ၏ ကိုယ်စားလှယ်များ အဖြစ် တာဝန်ထမ်းဆောင်ကြရသည် ။
ရှေးဟောင်းအေသင်တွင် တိုက်ရိုက်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ကြသည်. ယင်းစနစ်အရ နိုင်ငံသားအား လုံးသည် နိုင်ငံအတွက် အဆုံးအဖြတ်ပေးရန် အလို့ငှာတစ်နှစ်လျှင် အကြိမ်အတော်များများ စုဝေးကြရသည်။ အေသင်မြို့တွင် အဆင်ဘလီ (Assembly) ခေါ် နိုင်ငံသားများ၏ အစည်းအဝေးကို တစ်နှစ်လျှင် ဆယ်ကြိမ် ကျင်းပသည် ။ ယင်းအစည်းအဝေးသို့ တက်ရောက်မြို့ပေါ်ရှိနိုင်ငံသားအားလုံး သို့မဟုတ် အစည်းအဝေးသို့ တက်ရောက်နိုင်သူ အားလုံးတက်ရောက်ကြရသည် ။ အစည်းအဝေးတွင် အရေးပါသော ဆုံးဖြတ်ချက်များကို ချမှတ်ကြသည် ။ ဥပမာ နိုင်ငံသားအဖြစ်ခွင့်ပြုခြင်း ၊ အချို့အား ရာထူးတစ်စုံတစ်ခုအတွက် ရွေးချယ်ခြင်း၊ စစ်ပွဲ ဆင်နွှဲတိုက်ခိုက်သင့် မသင့် အဆုံးအဖြတ်ပေးခြင်း သို့မဟုတ် ဥပဒေစည်းမျဉ်းများ သတ်မှတ်အတည် ပြုခြင်း စသဖြင့် ဖြစ်သည် ။ အစည်းအဝေး တက်ရောက်သူများအနက်မှ မိန့်ခွန်းပြောကြားတတ်သူများသည် အဆိုပြုချက်များ ၊ သင့်မသင့် အခြေအတင် ငြင်းခုံဆွေးနွေးကြသည် ။ နောက်ဆုံးတွင် အစည်းအဝေးတက် ရောက်သူများက လက်မြှောက်၍ ဆန္ဒမဲပေးကြသည် ။ အစည်းအဝေးတက်ရောက်သည့် ထောင်ပေါင်းများ စွာသော နိုင်ငံသားများသည် နိုင်ငံအတွက် အရေးကြီးသော ဆုံးဖြတ်ချက်ချမှတ်ရာတွင် တိုက်ရိုက်ပါဝင်ကြ ခြင်းဖြစ်သည် ။ အချို့အရေးကြီးသော ဆုံးဖြတ်ချက်များကို အတည်ပြုရန် အစည်းအဝေးသို့ နိုင်ငံသားပေါင်း ခြောက်ထောင်တက်ရောက်ရန် လိုအပ်သည်။
အေသင်မြို့ပြနိုင်ငံတွင် အခြားအရေးပါသည့် အုပ်ချုပ်ရေးအဖွဲမှာ အဖွဲဝင် ငါးရာပါဝင်သည့် ကောင်စီဖြစ် သည် ။ ယင်းကောင်စီအဖွဲ့ဝင်များကို နိုင်ငံသားများထဲမှာ နှစ်စဉ်နှစ်တိုင်း ရွေးချယ်ရသည် ။ ကောင်စီအဖွဲ့ ၀င်ဖြစ်ရန် အသက် ၃၈ နှစ်နှင့် အထက် ဖြစ်ရမည်ဟု သတ်မှတ်ထားသည် ။ နိုင်ငံသား တစ်ယောက်သည် သူ၏ တစ်သက်တာတွင် ကောင်စီဝင်အဖြစ် နှစ်ကြိမ်တာဝန်ယူဆောင်ရွက်ခွင့် ရှိသည် ။ ကောင်စီသည် အဆင်ဘလီ (Assembly) တွင် တင်သွင်းဆုံးဖြတ်နိုင်ရန် တရားဥပဒေများကို ပြုစုရသည် ။ တစ်ခါတစ်ရံတွင် အဆင်ဘလီ၏ ဥပဒေများ အကျိုးသက်ရောက်မှုရှိစေရန် အတည်ပြုပေးရသည် ။
အေသင်မြို့ပြနိုင်ငံတွင် တရားရုံးများသည်လည်း အထူးအရေးပါသည် ။ ဂျူရီလူကြီးများကို အသက် ၃၀ ပြည့် ပြီးသူ နိုင်ငံသားများထဲမှ ရွေးချယ်ခန့်ထားသည် ။ အဆုံးအဖြတ်ပေးရမည့် အမှု့သည် မည်သည့်အမျိုးအစား ဖြစ်သည်ကို စိစစ်ရသည် ။ အများပြည်သူက စွဲဆိုသည့် အမှုနှင့် ပုဂ္ဂလိက အချင်းချင်းစွဲဆိုသည့် အမှုဟူ၍ အမှု နှစ်မျိုးနှစ်စားရှိသည် ။ အမှုကို စိစစ်ပြီးမှ အမှုအမျိုးအစားကို လိုက်၍ ဂျူရီလူကြီး အရေအတွက်ကို သတ်မှတ်သည် ။ အဆုံးအဖြတ်ပေးရန် တရားသူကြီး သီးခြားခန့်အပ်ထားခြင်း မရှိချေ။
ယခုခေတ် အမျိုးသားနိုင်ငံများတွင် ကျင့်သုံးနေသော ဒီမိုကရေစီသည် ရှေးခေတ်အေသင်မြို့သားများအဖို့ ဒီမိုကရေစီ မပီသည့် အနေအထားတွင် ရှိသည် ။ ယခုခေတ် အမျိုးသားနိုင်ငံများတွင် နိုင်ငံသားသန်းပေါင်း များစွာသည် အလွန်ကျယ်ဝန်းသော နယ်နိမိတ်အတွင်း၌ နေထိုင်ကြရသည် ။ သူတို့သည် သူတို့အားကိုယ် စားပြုမည့် ကိုယ်စားလှယ်များအား နိုင်ငံရေးကို အသက်မွေးဝမ်းကျောင်း လုပ်ငန်းသဖွယ် သဘောထား၍ လုပ်ကိုင်ကြသော စင်ပြိုင်နိုင်ငံရေးပါတီများရှိ နိုင်ငံရေးသမားများထဲမှ ရွေးချယ်ကြရသည် ။ ဤစနစ်မျိုးမှ စစ်မှန်သော ဒီမိုကရေစီ ရရှိသည်ဆိုသည့် သဘောထားအယူအဆကို ရှေးခေတ် အေသင်နိုင်ငံသားတို့ အလွန်ပင် သံသယ ဖြစ်ကြပေလိမ့်မည် ။ ဖော်ပြပါ အသက်မွေးဝမ်းကျောင်း နိုင်ငံရေးသမားများအား မည်သို့ စိတ်ချယုံကြည်နိုင်ကြမည်နည်း ။ နှစ်ကာလ ဤမျှကြာညောင်းသည်ထိ နိုင်ငံရေးသမားများအား ယုံကြည် စိတ်ချစွာ အာဏာအပ်နှင်းထား၍ ဖြစ်နိုင်ပါမည် လား ။ ဤစနစ်သည် ရှေးခေတ်အေသင်နိုင်ငံသားတို့ ယူကျုံးမရဖြစ်ကြရမည့် စနစ်ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည် ။ တိုက်ရိုက်ဒီမိုကရေစီကို ကျင့်သုံးကြသူများ အဖို့ ကိုယ်စားလှယ်ရွေးချယ်ပေးရသည့် ဒီမိုကရေစီ စနစ်ကို ကျင့်သုံးသော နိုင်ငံများမှ နိုင်ငံသားများသည် နှစ်အနည်းငယ်ကြာသော အခါမှ တစ်ကြိမ်စီ ကိုယ်စားလှယ်ရွေးချယ်ပေးကြရသည် ။ နိုင်ငံအတွက်အရေး ကြီးသည့် ကိစ္စ များကို အဆုံးအဖြတ်ပေးရမည့် တာဝန်ကို နိုင်ငံရေးသမားများအား ယင်းတို့ သဘောကျ ဆောင်ရွက်ရန် လွှဲအပ်ထားသည် ။ သို့ဖြစ်၍ နိုင်ငံသားများတွင် နိုင်ငံအတွက် မည်သည့်တာဝန်မှ မရှိဟု ယူဆနိုင်သည် ။
လွန်ခဲ့သည့်နှစ်ပေါင်း ၂၀၀ ကျော် ခေတ်သစ်ဒီမိုကရေစီတိုးတက်ဖွံ့ဖြိုးစ ကာလက ခေတ်စားခဲ့သော ဖော်ပြ ပါဝေဖန်ချက်မျိုးကို ယနေ့ ဝေဖန်သုံးသပ်သူအတော် များများကလည်း လိုက်နာလျှက်ပင်ရှိနေသေးသည်။ ရူးဆိုးက သူ၏ ဇာတိဖြစ်သော ဂျီနီဗာမြို့တွင် ဒီမိုကရေစီကို နှစ်သက်သဘောကျသူများရှိသည်ဟု သူယုံကြည်ကြောင်းသာ ရာစုအတွင်းက ရေးသား ဖော်ပြခဲ့သည် ။ ယင်းသို့သော အသိုင်းအ၀ိုင်းတွင် တိုက်ရိုက် ဒီမိုကရေစီ ကောင်းစွာ ဖြစ်ထွန်းနိုင်သည်ဟုလည်း သူယုံကြည်ခဲ့သည် ။ ။ ။ ။
Ref:: Democracy Groundwork
Guide PP11-13
ဘုန်းလူလှ ရေးသားသော The Hot News ပါ ဆောင်းပါးအား ပြန်လည် ဖော်ပြပါသည်
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !