Home » » မြေစာပင်

မြေစာပင်

တောင်ငူ ဘက်ကိုရောက်ဖို့အကြောင်းက ဒီအတိုင်းဆိုရင်တော့ တော်တော်လေးနည်းပါတယ် ။ ရမည်းသင်း ဘက်ကိုရောက် တော့တောင်ငူဘက်ကလူတွေနဲ့ အသိတွေမိတ်ဆွေတွေဖြစ်ပြီး တောင်ငူရောက်ဖို့ အကြောင်း ပါလာတယ် ဆိုရမှာပေါ့ ။ တေင်ငူမြို့ကနေတော်တော်လေး သွားရသေးပါတယ် ။ ရွာကတော့ ကရင်ပြည်နယ် အစပ်က ရွာတစ်ရွာပါ ။ အဲ့ဒီရွာလေးဟာ ကရန်တောင်ကုန်းတွေကို တက်မယ့် အနီးဆုံး မြန်မာရွာလေးပါပဲ ။ အဲ့ဒီရွာလေးရဲ့ စီးပွားရေး အခြေအနေကလည်း ကောင်းကြတယ်လို့ ဆိုနိုင်ပါတယ် ။ ကရင်တောင်ကုန်းတွေ ပေါ်က ကုန်ပစ္စည်းမှန်သမျှဟာ အဲ့ဒီရွာလေးကမှ တစ်ဆင့် ဖြန့်ဝေရတဲ့ သ ဘော ပါ ပဲ ။ အနယ်နယ်အရပ်ရပ်က နေလာပြီး ဈေးရောင်းဈေးဝယ် လုပ်နေကြသူတွေ လည်း တော်တော်များများရှိပါတယ် ။ ရွာသားတွေအတွေ ရဲ့ အဓိက အလုပ်ကလည်း တောင်ပေါ်က ကုန်ကို အောက်ကိုသယ်တဲ့လုပ်ငန်းပါပဲ ။ 
အဲ့ဒီရွာလေးမှာ အဝေးနယ်တွေကနေလာပြီး အခြေခံကျရာ အလုပ်ကိုလုပ်နေကြသူတွေလည်း ရှိပါတယ် ။ မိုးတွင်းချိန်မှာ ဆိုရင် ဒူးရင်းသီးထန်းတဲ့ အလုပ်က တော်တော်လေးတွင်တွင်ကျယ်ကျယ်လုပ်ကြ ရပါတယ် ။  တောင်ပေါ်တက်ရတဲ့ လုပ်ငန်းဆိုတော့ ပင်ပန်းကြပါတယ် ။ အထမ်းသမားတွေဟာ တောင်ပေါ်ကို တက်ပြီ ဆိုရင် အောက်ကနေ ဆန် ၊ ဆီ ၊ အရက် စတာတွေကို တစ်နိုင်သယ်သွားကြပါတယ် ။ အပြန်မှာတော့ ဒူးရင်းသီးချိန်မှာ ဒူးရင်းသီး ။ ကွမ်းချိန်ဆိုရင် ကွမ်း ပေါ့ ။ ကိုယ်ပိုင်တစ်နိုင်လုပ် ကြတဲ့သူတွေရှိသလို ပွဲစားတွေဆီမှာ အငှားသော်လည်းကောင်း ဈေးပြတ်သော်လည်းကောင်း လုပ်ကြတဲ့သူတွေလည်း ရှိပါတယ်။ 
အဲ့ဒီရွာလေးကို သွားတဲ့လမ်းလေးကတော့ ကောင်းပါတယ် ။ တောင်ငူကနေ ဇရပ်ကြီး အထိကားနဲ့ပါ ။ ဇရပ် ကြီး ဆိုတာက မြို့ငယ်လေး တစ်ခုပါပဲ ။ အဲ့ဒီကနေမှ မြင်းလှည်းနဲ့ ရွာအထိသွားရပါတယ် ။လမ်းတွေက ကပ်တရာ ခင်းထားတယ်ဆိုပေမယ့် ပျက်စီနေပါပြီ ။ လမ်းမှာ စစ်တပ်တစ်ခုရှိတယ် ။ အသွားအပြန် မြင်းလှည်း တွေ ဆိုင်ကယ်တွေကို စစ်ဆေးပါတယ် ။ အရင်ကတော့ အဲ့ဒီရွာတွေ ဘက်ကလူတွေဟာ သစ်လုပ်ငန်း ၊ ရွှေလုပ်ငန်းတို့နဲ့ အဆင်ပြေကြပါတယ် ။ မြန်မာ တစ်ပြည်လုံးမှာ ရွှေ သတင်း အကြီးအကျယ် ထွက်တဲ့ အရပ်ဒေသတစ်ခု ပါပဲ ။
ကရင်ပြည်နယ်စပ်က အဲ့ဒီရွာကလေးရဲ့ အဓိက ပြဿနာက ဟိုလည်းကြောက်ရ ဒီလည်း ကြောက်ရဆိုတာ ပါပဲ ။ ရွာသူရွာသားတွေဟာ အနီးအနား တောထဲတွေမှာ သားကောင်လိုက်တာတို့ ကြွက် ၊ မြွေဘာ ဖမ်းတာ တို့လုပ်လေ့ ရှိကြပါတယ် ။ အဲ့ဒီလို လုပ်ကြတဲ့ အရပ်သား ကလေးတွေ ဘာဖြစ်တတ်လဲ ဆိုတော့ ကရင်ဘက် ကထောင်ထားတဲ့ မိုင်းသော်လည်းကောင်း စစ်တပ်ဘက်က ထောင်ထားတဲ့ မိုင်းသော် လည်းကောင်း အမှတ် မထင် ကြုံတွေ့ ရပြီး ဒုက္ခိတဖြစ် နေရသူတွေလည်း အဲ့ဒီရွာလေးမှာ မျက်မြင်တွေ့ခဲ့ရပါတယ် ။ ရွှေလုပ် ငန်းလုပ်ကြတဲ့ ရွှေတူးကြတဲ့ သူတွေအနေနဲ့က ပိုပြီး အန္တရာယ်ကြီးပါတယ် ။ ကရင်တွေ ဘက်က မ၀င်ရလို့ တားထားတဲ့ နေရာမှာရွှေတွေ့လို့ လောဘတတ်ပြီး လုပ်မိပြီ ဆိုရင် ကရင်က ပိုက်ဆံတောင်းတယ်။ ဘယ်လောက်တော့ ပေးဆိုပြီးတော့ လုပ်ခွင့် ပြုတယ် ။ အဲ့ဒီမှာ ဘာဖြစ်လဲဆိုတော့ ကရင်ဘက်ကို ပိုက်ဆံပေး ပြီး လုပ်တယ်ဆိုတဲ့ သတင်းထွက်လာတဲ့ အခါ စစ်တပ်က ခေါ်ရစ်ပြီ ။ ဟိုဘက်ကို ပေးသလို သူတို့ ကိုလည်း ပေးရမယ်လုပ်တော့တာပဲ ။ ရွာသားတွေဆိုရင် ရွာကနေ ကရင်တောင်ပေါ်ရွာတွေကို တက်ဖို့ ထောက်ခံစာလုပ်ရတယ် ။ တောင်ပေါ်အတက်လမ်း မှာ စစ်တပ်ဂိတ် တစ်ခုက စစ်ဆေးတယ် ။ တောင်ပေါ် ကဆင်း လာတဲ့ ကရင် ရွာသားတွေကလည်း ထောက်ခံစာလေးတွေ လုပ်လာရတယ် ။ အသွားအပြန် စစ်ဆေး တယ် ။
သူတို့ မသွားရဘူးဆိုတဲ့ လမ်းတွေကိုလည်း ဖြတ်သွားလို့ မရဘူး ။ လွယ်ကူပါတယ် နီးပါတယ် ဆိုပြီး ဟိုကဖြတ် ဒီက ဖြတ်လုပ်လို့ ရှိရင် မတွေ့ ရင်တော့ ဘာမှ မဖြစ်ဘူးပေါ့ ။ တွေ့လို့ ပစ်လိုက်လို့ကတော့ အဓိပ္ပာယ်မဲ့စွာနဲ့ ဘ၀တုံးသွားမှာပဲ ။ သူတို့မှာက အပြစ်မရှိဘူးလေ ။ ကျဉ်အပြည့်နဲ့ ပစ်ခွင့် ရနယ်မြေဆို တော့ သူတို့ ဘာလုပ်လုပ် ဘာအပြစ်မှ မရှိဘူး ။ စစ်တပ်နဲ့ ကရင်နဲ့ တိုက်ပွဲတွေ ဖြစ်တဲ့ အခါမှာ ရွာသားတွေ ကို ပစ္စည်းသယ်ဖို့ ပေါ်တာ ခေါ်တာတွေလည်း ရှိတယ် ။ အဲ့ဒီ ညတွေမှာဆို အိမ်တွေမှာ ရှိတဲ့ ယောက်ျားတွေ ဟာ ဟိုလိုက်ပုံးအိပ်ရ ဒီလိုက်ပုံးအိပ်ရ လုပ်ကြရတယ် ။ ဒုက္ခတွေနော် ။ ရွာလူကြီးနဲ့ အကြပ်ကိုင်ပြီး ဘယ် နှစ်ယောက်ထည့်ပေးရမယ် ဆိုရင်တော့ လူရွေးပြီးထည့် ပေးရတယ် ။ အဲ့ဒီလို ခိုင်းဖို့ခေါ်သွားတဲ့ သူတစ်ယောက်ကို ကောင်းကောင်မွန်မွန်ကျွေးတယ် ၊ ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်လို့တော့ မထင် လိုက်ကြမိစေနဲ့ ။ အဲ့ဒီလူကို ခေါ်သွားပြီး ပြန်ဆိုတဲ့ နေရာကြရင် ဒီအတိုင်း ပြန်လွတ်လိုက်တာ ။ လမ်းမှားပြီး ဟိုရောက် ဒီရောက် လမ်းမှာ ထမင်းငတ်ပြီး အန္တရာယ်တွေ ကို ဖြတ်ပြီး ရွာကို ပြန်ရောက်လာကြရတယ် ။ မျက်နှာလွဲခဲပစ် လုပ်တတ်တဲ့ စစ်တပ်အကြောင်း ကို အားလုံးက သိပြီးသားပါ ။
တကယ် ဖြစ်နေကြတာက လက်နက်ကိုင် တပ်ဖွဲ့တွေပါ ။ စစ်တပ်ကလည်း လက်နက်နဲ့ ၊ ကရင်ဘက်က လည်း လက်နက်နဲ့ တိုက်နေကြတာ ။ ကြားထဲက ရွာသားတွေက ဘာမှ အပြစ်လဲ မရှိ ဘာမှလဲ မဆိုင်ပဲ နဲ့ ကျွဲနှစ်ကောင်ခတ်တဲ့ ကြားက မြေဇာပင်လို အသတ်လွတ်တွေ အသေခံပေးရတယ် ၊ ဒုက္ခိတ ဘ၀တွေဖြစ် ကြရတယ် ။
ကိုယ်တိုင်ရေး

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !