ခုတစ်လော ဘယ်နိုင်ငံက သတင်းစာတွေကိုပဲ ကြည့်ကြည့် ဗုံးဖောက်ခွဲမှုကြောင့် လူတွေသေ ကြကြေကြရတဲ့ သတင်းတွေချည်း ဖတ်နေရတာကြောင့် စိတ်မချမ်းမမြေ့ တော်တော်ဖြစ်ရပါတယ် ။ အီရတ် နဲ့ အာဖဂန်နစ္စတန် မှာ ပါလက်စတိုင်းဒေသမှာ အသေခံဗုံးခွဲတဲ့ ကိစ္စများဆို ရိုးနေပြီ ဖြစ်တော့ သတင်း စာတွေရဲ့ အတွင်း စာမျက် နှာ သတင်းအဖြစ်သာ တွေ့နိုင်ပါတယ် ။
အဲ့ဒီအချိန်မှာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်ကြီးမှာ မြေအောက် ရထားနဲ့ ဘတ်စ်ကားပေါ် ဗုံးကွဲမှုကြီး ၃ ကြိမ် တစ်ပြိုင်နက်တည်း ဖြစ်ပွားခဲ့တော့ ဗုံးကွဲမှုသတင်းတွေ မျက်နှာဖုံးသတင်း ပြန်ဖြစ်သွားပြန်တော့တယ် ။ ဘယ်နေရာမှာ ဗုံးကွဲကွဲ သေကြကြေကြ သွေးချောင်းစီးခဲ့ကြရတာကတော့ အပြစ်ကင်းစင်တဲ့ အရပ်သားတွေ ကလေးသူငယ်တွေသာ ဖြစ် ပါတယ် ။ ဗုံးခွဲတဲ့သူတွေက အဓိက ပစ်မှတ်ရန်သူအဖြစ် ရှုမြင်နေကြတဲ့သူများ ကတော့ အနေမပျက် အစားမပျက် အအိပ်မပျက် အေးအေးဆေးဆေးပါပဲ ။
၁၇. ၈ . ၂၀၀၅ ညက နိုင်ငံခြားသတင်းတွေ နားထောင်နေတုံး ဘင်္ဂလားဒေ့ရ်နိုင်ငံမှာ အသေးစားဗုံးပေါက်မှု ပေါင်း ၂၀၀ လောက် နေရာအနှံအပြားမှာ တစ်နေ့တည်း ဖြစ်ပွားခဲ့တယ်ဆိုတဲ့ သတင်းတစ်ခု အံ့သြ တုန်လှုပ်စရာ ကြားလိုက်မိပါတယ် ။ နိုင်ငံအနှံအပြားက နေရာ ဒေသပေါင်းစုံမှာ တစ်နေ့တည်း ဖြစ်ခဲ့တာတဲ့။ အင်အားသိပ်မပြင်းတဲ့ ဗုံးအသေးစားလေးတွေမို့ လူအသေအပျောက် မရှိသလောက်ဖြစ်ပေ မယ့် အတော်များများတော့ ဒဏ်ရာရရှိခဲ့ကြတယ်လို့ ကနဦးရတဲ့ သတင်းများက ဆိုပါတယ် ။
အံ့သြစရာ ကောင်းလိုက်တာ ။နိုင်ငံတစ်နိုင်ငံတည်းမှာပဲ ဖောက်ခွဲမှု ပေါင်း ၂၀၀ တစ်နေ့တည်း ဖြစ်တယ်ဆို တော့ ဆက်စပ်မှုမဲ့ တိုက်ဆိုင်မှု မျိုးတော့ မဟုတ်နိုင်တာ သေချာပါတယ် ။ အဖွဲ့တစ်ဖွဲတည်းက ဒါမှမဟုတ် လည်း အဖွဲ့ပေါင်း လေးငါးဖွဲ့က ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခဲ့ကြတာလို့ ယူဆရပါတယ် ။ ဘယ်လို အဖွဲ အစည်း မျိုးတွေက ဘယ်လိုရည်ရွယ်ချက်နဲ့လုပ်တာ ဖြစ်ဖြစ် ထိခိုက်ရတာကတော့ အရပ်သူအရပ်သားတွေ ချည်းဖြစ်ပါတယ် ။
အရပ်သူအရပ်သားပြည်သူလူထုကို ထိခိုက်နစ်နာစေတဲ့ အကြမ်းဖက်မှုမျိုး လုပ်တာဟာ ဘာရည်ရွယ်ချက် နဲ့ပဲလုပ်လုပ် ၊ ဘယ်လိုအဖွဲ့အစည်းမျိုးကပဲလုပ်လုပ် မိမိရဲ့ရည်မှန်းချက်ပန်းတိုင်ကို မရောက်စေနိုင်ရုံ သာမက ပိုပြီးတောင် အလှမ်းဝေးသွားစေပါတယ် ။ ဘာကြောင့်လဲဆိုတော့ အရပ်သူအရပ်သား ပြည်သူလူထု အများစုကြီးရဲ့ တက်တက်ကြွကြွ ပူပေါင်းပါဝင် ဆောင်ရွက်ခြင်း မရှိဘဲနဲ့ ဘယ်လိုကိစ္စမျိုးမှ အောင်မြင်ခြင်း မရှိနိုင်ပါဘူး။ မအောင်မြင်ရုံသာ မဟုတ်ပါဘူး ။ ပြည်သူလူထုရဲ့ စက်ဆုပ်ရွံရှာမှုကိုသာ ခံရမှာသေချာတယ် လို့ ယတိပြတ် ပြောလိုက်ချင်ပါတယ် ။
အနိဋ္ဌာရုံသတင်းမျိုးတွေ အကြောင်းပဲပြောရတာ စာဖတ်သူများကို အားနာပါတယ် ။ စိတ်ချမ်းမြေ့စရာ အကြောင်းလေးများကို တစ်ခုပြောင်းပြီးပြောပါဦးမယ် ။ အကြောင်းအရာကတော့ ပင်လယ်ရေအောက် မီတာ ၉၀၀ အကွာမှာ ငါးဖမ်းပိုက်ကွန်ကြီးတွေနဲ့ အင်တာနာတိုင် ငြိပြီး ထွေးလုံးရစ်ပတ် ဖြစ်နေတဲ့ ရုရှရေငုတ် သင်္ဘော အသေးစားလေးပေါ်ရှိ ရုရှရေတပ်သား ၇ ဦးကို ကယ်တင်လိုက်ပြီဆိုတဲ့ သတင်းဖြစ်ပါတယ် ။
ရေငုတ်သင်္ဘောလေးကို ကယ်ဆယ်ဖို့ ရုရှ ရေတပ်သင်္ဘောကြီးတွေ ပိုက်ကွန်တွေကို ဖြတ်နိုင်အောင် ၂ ရက် လုံးလုံး ကြိုးစားခဲ့ပေမယ့် ထွေးလုံးရစ်ပတ်ဖြစ်နေတာကို ဘယ်လိုမှ ဖြည်လို့မရခဲ့ပါဘူး ။ ရေငုတ်သင်္ဘောက အငယ်စားသေးသေးလေး ဖြစ်လေတော့ အောက်စီဂျင်ကို အများကြီး သယ်လို့မဖြစ်ပါဘူး ။ ဒါကြောင့် အောက်စီဂျင်ပြတ်ပြီး သင်္ဘောသားအားလုံး သေဆုံးကုန်မှာ စိုးရိမ်နေရပါတယ် ။
အဲ့ဒီအချိန်မှာ ဗြိတိသျှရေတပ်မှာရှိတဲ့ ရေငုတ်သင်္ဘော အသေးစားလေးတစ်စင်းက ဆင်းသွားပြီး ပိုက် တွေကို ဖြတ်တောက်ပေးနိုင်ခဲ့ပါတယ် ။ ဗြိတိသျှ သင်္ဘောသားလေးက လူမပါဘဲ အဝေးထိန်းစနစ်နဲ့ ထိန်း ကျောင်း မောင်နှင်နိုင်တဲ့ သင်္ဘောလေး ဖြစ်ပါတယ် ။ ရုရှားရေတပ်မှာ ဒါမျိုးမရှိပါဘူး ။ ရုရှားနိုင်ငံက အကူ အညီပေးခဲ့တဲ့ ဗြိတိသျှရေတပ်ကို ကျေးဇူးတင်ကြောင်း ချက်ချင်းအကြောင်းကြားပါတယ် ။
စစ်အေး တိုက်ပွဲတစ်လျှောက်မှာ ရန်ဘက်စစ်အုပ်စုကြီး ၂ ခုဖြစ်တဲ့ နေတိုးအဖွဲ့ဝင် ဗြိတိန်က ၀ါဆောခေါင်း ဆောင် ရုရှားရေတပ်သားများကို အခုလိုလူသားစိတ်နဲ့ ကူညီခဲ့တာဟာ အင်မတန် မင်္ဂလာရှိတဲ့ သတင်းမျိုး ဖြစ်ပါတယ် ။ “ ငါနဲ့မတူ ငါ့ရန်သူ ” ဆိုတဲ့ စိတ်မျိုးတွေ မွေးမြူထားရှိသူများ အင်မတန် အတုယူကျင့်သုံးကြဖို့ ကောင်းပါတယ် ။ ရေကြောင်းသွားလာလှုပ်ရှားနေကြတဲ့ လှေသင်္ဘောလောကမှာ ဘယ်ခေတ်က စတင်ကျင့် သုံးခဲ့သလဲဆိုတာ မသိရတဲ့ အစဉ်အလာ ကျင့်ဝတ်တစ်ခုရှိပါတယ် ။ အဲဒါကတော့ လှေသင်္ဘောပျက်ပြီး ပင်လယ်ထဲ မျောပါနေသူများကိုတွေ့ရင် တွေ့တဲ့လှေ သင်္ဘောက ဆယ်ယူကယ်တင်ရမယ်ဆိုတဲ့ ကျင့် ၀တ်ဖြစ်ပါတယ် ။ မျောပါနေသူ ဘယ်သူဘယ်ဝါပဲဖြစ်ဖြစ် ယုတ်ဆွအဆုံး ကိုယ့်ရန်သူပဲဖြစ်စေ ဆယ်ယူကယ် တင်ကြရပါတယ် ။
လှေသမားအဆက်ဆက် ဒီကျင့်ဝတ်ကို လိုက်နာကျင့်သုံးကြပါတယ် ။ ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း ရေပြင် တိုက်ပွဲများမှာ ကိုယ်က နစ်မြုတ်ပစ်လိုက်လို့ နစ်သွားတဲ့ သင်္ဘောများက ခုန်ချခဲ့ကြတဲ့ ရန်သူသင်္ဘောသား များကိုပင် နီးရာသင်္ဘောက ဆယ်ယူကယ်တင်ပြီး သုံ့ပန်စခန်းများကို ပို့ပေးကြပါတယ် ။ ဒီကျင့်စဉ်ဟာ အင် မတန် ချစ်စရာကောင်းတဲ့ “ လူသားစိတ် ” ကျင့်စဉ် ဖြစ်လို့ အားလုံး အတုယူကျင့်ကြံနိုင်အောင် ကြိုးစား သင့်ကြပါတယ် ။
ရေကြောင်းရေတပ်လောကမှာသာမက နေရာဌာနတိုင်းမှာ ဒီစိတ်ဓာတ်မျိုးတွေ ပြုစုပျိုးထောင်ပေးကြဖို့ လိုပါ တယ် ။ အရေးတကြီးလိုပါတယ် ။ ဘာကြောင့်လဲဆိုတော့ ဒီနေ့ ကမ္ဘာကြီးတစ်ခုလုံးမှာ “ လူသား စိတ် ” လုံး လုံးပျောက်ကွယ်လုနီးပါး အခြေအနေကို ရောက်ရှိနေတဲ့အတွက် ဖြစ်ပါတယ် ။ နေရာတိုင်း နိုင်ငံလူမျိုးတိုင်း မှာ လက်နက်ရှိသူက လက်နက်မဲ့သူကို အနိုင်ကျင့် ၊ နိုင်ငံကြီးက နိုင်ငံငယ်ကို အနိုင်ကျင့် ၊ လူမျိုးကြီးက လူမျိုးငယ်ကို အနိုင်ကျင့် ဆိုတဲ့ “ နိုင်ရာစား ” စိတ်ဓာတ်တွေသာလျှင် ကြီး ကြီးစိုးနေတဲ့အတွက် နေ့စဉ်နေ့ တိုင်း အမင်္ဂလာသတင်းတွေ အနိဋ္ဌာရုံတွေသာ တွေ့မြင်နေရပါတယ် ။ ဒါတွေ ပျောက်ကွယ်စေချင်လှပါသည်။
လူထု စိန်ဝင်း ၏ ဒီခေတ်မျိုးဆက်ရဲ့ ပန်းတိုင် စာအုပ်မှ ပြန်လည် ဖော်ပြသည် ။
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !