Home » » Double-think Double-talk Double-standard

Double-think Double-talk Double-standard


ကျွန်တော်တို့ငယ်ငယ်က လောကကြီးကို အဖြူ၊ အမည်း နှစ်မျိုးတည်းပဲမြင်သည်။ ဖြူသည်၊ မည်းသည်။ မှန် သည်၊ မှားသည်။ တရားသည်၊ မတရားသည်။
အတွေ့အကြုံနည်းတော့ ကျွန်တော်တို့သိတာတွေလည်း နည်းသည်။ သို့သော် သိသမျှ ရိုးရိုးစင်းစင်း ရှင်း ရှင်း က လေး။
နောက်တော့ တဖြည်းဖြည်း ပိုသိလာသည်။ ရှုပ်ထွေးတာတွေ မြင်လာသည်။ ဖြူတူတူ-ညိုတိုတို-မည်းတည်း တည်း စသဖြင့်။ မသိချင်၍လည်း မရ။ သြ၀ါဒတွေ မကြာခဏကြားနေရသည် ။
ဟေ့ကောင်အားလုံး တသမတ်တည်းချည်း မတွေးနဲ့။ ခြွင်းချက်ဆိုတာရှိတယ်။ တစ်ဦးချင်း တစ်ခုချင်းရဲ့ ထူးခြား တဲ့အနေအထားတွေနဲ့ လိုက်ရောညီထွေစဉ်းစားပေးရတာ ရှိတယ်။ လောကကြီးမှာ နေရာတကာ ရှင်းရှင်းလင်း လင်း တိတိကျကျ ဖြတ်လို့မရဘူး။ လောကသဘာဝဟာ အပိုင်းပိုင်းအပြတ်ပြတ်မဟုတ်ဘူး။ အကန့်လိုက် အကန့် လိုက် မနေဘူး။ တိကျတဲ့ နယ်နိမိတ်စည်းမရှိဘူး။ တစ်ဆက်တည်းစီးဆင်းရင်းက ပြောင်းလဲသွားရတာမျိုး။ ရောင်ပြေးအထည်လို ဒီဘက်ကပြာပေမယ့် ဟိုဘက်ကစိမ်းတယ်။ ပြာလိုက်၊ စိမ်း လိုက်၊ စိမ်းလိုက် ပြာလိုက်။ အဲဒီတော့တစ်ခုတည်း မူသေမှတ်တဲ့ အကျင့်ကို ဖျောက်။ မအနဲ့ ၊ မတုံးနဲ့၊ မကြောင်နဲ့။
နားလည်မှုရှိပါစေ။ ဟိုဘက်သည်ဘက် မြင်တတ်ပါစေ။ မယုတ်မလွန်ပြောတတ်ပါစေ။ လူရည်လည်ပါစေ။
သည်လိုနှင့် ကျွန်တော်တို့ နုရာမှ “ရင့်”လာကြသည်။
စကားကို ဟိုမရောက်သည်မရောက် ပြောတတ်လာသည်။ ယုံတာ မယုံတာ အပထား ရောယောင်ပြီး ဖြီးဖြန်း လုပ်တတ်လာသည်။
အမှတ်တမဲ့ အဖို့ကတော့ ဟုတ်သလိုလို။  အခုမှပဲတတ်လာသလိုလို၊ လိမ္မာလာသလိုလို။
သို့သော်“လိုလို”တွေနှင့်  အနေကြာလာသည့်အခါ ကျွန်တော်တို့ ခေါင်းထဲမှာ ကိစ္စတစ်ခုကို ဖြူသလား မည်း သလား မကွဲပြားတော့။ မှားသည်မှန်သည် မခွဲခြားနိုင်တော့။ တရားသလား မတရားသလား စဉ်းစားရ ကောင်းမှန်း မသိတော့။
နှစ်ခွတွေး၊ နှစ်မျိုးပြော၊ နှစ်ပုံစံရပ်ကာ ကျင်လည်လာရင်း တဖြည်းထက်တစ်ဖြည်း ငယ်စဉ်က ရှိခဲ့သည့် ရိုးစင်း ဖြောင့်မှန်သော အသိဥဏ်တွေ ကွယ်ပျောက်ကာ အရာရာမှာ ၀ိုးတိုးဝါးတား နှင့် “သုညသမား” ဖြစ် တော့မည် ။
[ သည်အတွက် ဖြေဆေးက အသိဥာဏ်( Intelligence) နဲ့ စိတ်ဓာတ် သတ္တိ(moral courage) ။ အဲသည် နှစ်ခု ဖွံ့ ဖြိုးအောင်ဖြည့်ဆည်းပေးနိုင်တာ ပညာရှာဖွေမှု (education)]

double-think = ဆန့်ကျင်ဘက်အယူအဆ နှစ်မျိုးကို တစ်ပြိုင်နက်တည်း လက်ခံခြင်း ။
double-talk = ဝေ့လည်ကြောင်ပတ် မရေမရာ ပြောဆိုခြင်း၊
double-standard = စံနှစ်မျိုးထားခြင်း၊ လိုသူကို တစ်မျိုး မလိုသူကို တစ်မျိုး ခွဲခြားသတ်မှတ်ခြင်း ။

ဖေမြင့် ( စာဖတ်သမား၏ မှတ်စုများ)

အစဉ်လေးစားလျှက်ပါ
ငါ့ကြောင့် သူတစ်ဦးအား စိတ်အနှောက်အယှက် မဖြစ်ရပါစေနဲ့။

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !