Home » » အရှင်သခင် မျက်နှာမျိုး

အရှင်သခင် မျက်နှာမျိုး


မကြာမှီက လွန်မြောက်ခဲ့တဲ့ မွေးနေ့အမှတ်တရ အဖြစ် နိုင်ငံခြားရောက်နေသူ ကျောင်းသားဟောင်း တစ်ဦး က စာရှည်ကြီး တစ်ဆောင် ရေးလိုက်တကို ဖတ်ရတယ။ ဒီခေတ်လူငယ်တွေ သူ့အကြောင်းသိကြရင် ကောင်းမှာ ပဲလို့ စိတ်ကူးရသွားတာကြောင့် ဒီစာကို ရေးဖြစ်သွားတယ်။

လက်မှိုင်ချတဲ့ စကား-
ဒီခေတ်လူငယ်တွေနဲ့ စကားပြောမိတဲ့ အခါတိုင်း “ ဘာလုပ်ရမှန်းကို မသိတော့ပါဘူး”ဆိုတဲ့ စိတ် ပျက်လက် ပျက် ညည်းညူသံကို အများဆုံးကြားရတတ်တယ်။ “ဘာလုပ်ရမှန်း မသိဘူး” တောင်မဟုတ်ဘူး။ တော်တော် ကိုလက် မှိုင်ချထားပုံရတဲ့ “ ဘာလုပ်ရမှန်းကို မသိတော့ပါဘူး ” လို့ပြောကြတာဖြစ်တယ်။ ဘာလုပ်ရမှန်း မသိတော့ဘူး ဆိုတာဟာ ကိုယ်ဘာလုပ်ချင်မှန်း၊ ဘာလိုချင်မှန်း ကိုယ့်ဟာကိုယ် မသိတဲ့သဘောဖြစ်တယ်။ သိသူဟာ ညည်း ညူနေစရာ မလိုဘူး။ သူလုပ်ရမယ့်အလုပ် သူသိတယ်။

ကယ်တင်ရှင် မျှော်-
ဘာလုပ်ရမှန်းမသိဘူးဆိုပြီး ညည်းရုံညည်းနေရင်ကိစ္စမရှိပါဘူး။ အဲဒီစကားရဲ့နောက်က တစ်ဆက်တည်း ကပ်ပါလာတဲ့ အတွေးအခေါ်က စိတ်ပျက်စရာကောင်းတယ်။ ဘာလုပ်ရမှန်းမသိဘူးဆိုပြီး လက်မှိုင်ချနေသူ များရဲ့ ခေါင်းထဲမှာ ပထမဆုံးရောက်လာလေ့ ရှိတဲ့ အတွေးက ဘယ်သူ့ဆီက အကြံဥာဏ် တောင်းရမလဲ၊ အကူအညီတောင်းရမလဲ ဆိုတဲ့ ကယ်တင်ရှင် မျှော်တဲ့အတွေးဖြစ်တယ်။ ကိုယ့်ကိစ္စကို ကိုယ့်အားကိုယ်ကိုးပြီး ဖြေရှင်းမယ်ဆိုတဲ့ စိတ်ကူးမျိုးကျတော့ ခေါင်းထဲမှာ ပေါ်မလာဘူး။ ထစ်ခနဲဆို သူများနှာခေါင်းပေါက်နဲ့ အသက်ရှူဖို့လောက်ပဲ စဉ်းစားကြလေ့ ရှိတယ်။ သခင်စိတ်မျိုးဆိုတာနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တဲ့စိတ် ထားဖြစ်တယ်။
ရောဂါတစ်မျိုးပဲ- 
သူတစ်ပါးကို အားကိုးလွန်ပြီး ကယ်တင်ရှင်ပဲ မျှော်တတ်တဲ့စိတ်ဟာ ရောဂါတစ်မျိုးလိုပဲ။ ပျံ့နှံ့လွယ်တယ်။ ဒီ စိတ်မျိုးနဲ့ အမှီလွန်စိတ် (Dependency Syndrome) လို့ခေါ်လေ့ရှိတယ်။ ဒီစိတ်မျိုးဟာ လူတစ်ဦးချင်းစီမှာ သာမဟုတ်ဘူး လူတစ်မျိုးလုံး နိုင်ငံတစ်ခုလုံးနဲ့ ချီပြီးတော့တောင်ရှိနေတတ်တယ်လို့ ဆိုကြတယ်။ တောင်အာ ဖရိက တိုက်ကြီးကို အခုချိန်ထိ “ အမှောင်တိုက်ကြီး ” (black Continent) လို့ခေါ်နေရတဲ့ အကြောင်းအရင်းဟာ အဲဒီမှာ မှီခိုလွန်စိတ်ကြောင့် ဖြစ်တယ်။ ဒီလိုဖြစ်အောင် ကယ်ဆယ်ရေး အဖွဲ့အစည်းပေါင်း သောင်းခြောက် ထောင်က လုပ်ပေးနေကြတယ်လို့ တချို့လူမှုပညာရှင်များက ထောက်ပြဝေဖန်ကြတာများဖတ်ဖူးကြားဖူး တယ်။

ကယ်ဆယ်ရေးအကြီးအကျယ်လုပ် -
အာဖရိက နိုင်ငံတော်တော်များများဟာ ဒုတိယ ကမ္ဘာစစ်ကြီး အပြီးမှာ အကြီးအကျယ် ငတ်မွတ်ခေါင်းပါးတဲ့ ဒုဗ္ဘိက္ခန္တရကပ်ကြီးဆိုက်ပြီး လူပေါင်းသိန်းချီသေဆုံးခဲ့ကြတယ်။ ဖွဲ့စည်းပြီးခါစ ကုလသမဂ္ဂအဖွဲ့ကြီးနဲ့တကွ တခြား နိုင်ငံတကာ အဖွဲ့အစည်းပေါင်းစုံက ကယ်ဆယ်ရေးပစ္စည်းတွေက အလုံးအရင်းပေးပို့ ကူညီခဲ့ကြတယ်။ ကယ်ဆယ်ရေး စီမံချက်အမျိုးမျိုးရေးဆွဲပြီး အငတ်ဘေးကလွတ်အောင် ကြိုးစားခဲ့ကြတယ်။ ချမ်းသားတဲ့ နိုင်ငံ ကြီးတွေကလည်း ငွေတွေအလုံးအရင်း ချေးပေးကြတယ်။ ဒီလိုနဲ့ပဲ နိုင်ငံအတော်များများဟာ ကယ်ဆယ်ရေး ရဲ့ အရသာ ကောင်းမှန်းသိပြီး ထစ်ကနဲဆို ကယ်ဆယ်ရေးကိုသာ မျှော်ကိုးနေကြတော့တယ်။ ကိုယ့်အား ကိုယ်ကိုး မကြိုးစားကြတော့ဘူး။

တစ်ကမ္ဘာလုံးကြားအောင်အော် -
ကယ်ဆယ်ရေးကောင်းမှန်းသိတော့ လူတွေ အကျင့်ပျက်လာကြတယ်။ ရေကြီးတာဖြစ်ဖြစ် မုန်တိုင်းဒဏ်ခံရ တာဖြစ်ဖြစ်၊ အငတ်ဘေးရောက်တာဖြစ်ဖြစ် တစ်ခုခုဖြစ်တယ်ဆိုတာနဲ့ လူတစ်ရာလောက်သေတာကို တစ် သိန်းလောက်သေကုန်ပါပြီလို့ တစ်ကမ္ဘာလုံးကြားအောင်ကုန်းအော်ပြီး ကယ်ဆယ်ရေး ပစ္စည်းတွေကို မျှော်ကြ တော့တယ်။ အဲဒီလုပ်ရပ်မျိုးတွေ များသထက်များလာတဲ့ အတွက် “ အမှောင်တိုက်ကြီး ” ဘ၀ကမလွတ် မြောက်နိုင်သေးတာလို့  ပညာရှင်များက ထောက်ပြကြတယ်။

အမှတ်မထင် အားပေးနေ-
ဂျာနယ်တွေ ဖတ်တဲ့ အခါမှာ အမှတ်မထင်နဲ့ ဂျာနယ်တွေက လူငယ်တွေကို (Dependency Syndrome) စိတ် ဓာတ်မျိုးတွေ ကိန်းအောင်းနေအောင် လုပ်ပေးနေတဲ့ သတင်းနဲ့ ဆောင်းပါးတွေ မကြာခဏဖတ်နေရတယ်။ ကယ်တင်ရှင် မျှော်တဲ့စိတ် လူငယ်တွေမှာ အမြစ်တွယ်သွားတာမျိုး မဖြစ်စေချင်ဘူး။ ကိုယ့်အားကိုယ်ကိုး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ဘ၀ကိုရဲရဲ ရင်ဆိုင်ဖို့သာ အားပေးသင့်တယ်။ လှုံ့ဆော်သင့်တယ်။ သူများ နှာခေါင်းပေါက်နဲ့ အသက်ရှူတယ်ဆိုတာ မကောင်းပါဘူး။ သူများကို မျက်နှာချိုသွေးအောက်ကျို့ပြီး တစ် သက်လုံး ကျေးဇူးတင်နေမယ့် ဘ၀မျိုးဖြစ်တယ်။ 

ကုန်ထမ်းရင်းကျောင်းတက်-
ဆောင်းပါးအစမှာ ရေးခဲ့တဲ့ ကျောင်းသားဟောင်းက အခုနိုင်ငံခြားမှာ အလုပ်အကိုင်ကောင်းကောင်းရပြီး တင့်တောင်းတင့်တယ် ဖြစ်နေပါတယ်။ နိုင်ငံခြားမှာပဲ အိမ်ထောင်ကျပါတယ်။ သူက သင်္ဃန်းကျွန်းက ဆင်းရဲ တဲ့ မိဘများရဲ့ သားသမီးငါးယောက်ထဲမှာ အကြီးဆုံးဖြစ်တယ်။ တပည့်တစ်ယောက်နဲ့ ဆက်စပ်ပြီး အင်္ဂလိပ် စာသင်တန်းကို ရောက်လာတော့ တက္ကသိုလ်မှာ သတ္တဗေဒ ဂုဏ်ထူးတန်းတက်ရင်း မဂ္ဂဇင်းတွေမှာ စာလေး ကဗျာလေး ရေးပါတယ်။ ကျောင်းစရိတ်ရဖို့ အတွက် ရန်ကုန် ဘူတာကြီးမှာ ကုန်ထမ်းတဲ့ အလုပ်လုပ်ပါတယ်။ ကျောင်းပြီးသွာတော့ ကျူရှင်ကျောင်းလေးဖွင့် စာသင်တယ်။ ဆင်းရဲတဲ့ ကလေးတွေကို ကူညီတယ်။ သုံးနှစ် လောက်နေတော့ ကျူရှင်ကျောင်းလေး တော်တော် အောင်မြင်လာပါတယ်။

အာရှက ဥရောပသို့-
အဲဒီအချိန်မှာ မိတ်ဆွေသူငယ်ချင်းများရဲ့ အကူအညီနဲ့ နိုင်ငံခြားထွက်သွားတယ်။ ထွက်စကတော့ အာရှနိုင် ငံတစ်ခုပါ။ နောက်နှစ်နှစ်လောက်ကြာတော့ ဥရောပ နိုင်ငံတစ်ခုမှာ အလုပ်ရပြီး ပြောင်းရွှေ့သွားတယ်။ ပြင်သစ်က ဟော်လန် က စတော့ဟုမ်းက၊ ဂျီနီဗာက သူပို့တဲ့ အီးမေးလ်စာတွေဖတ်ပြီး သူ့အတွက် ၀မ်းသာရ တယ်။ နောက်ပိုင်းသူအိမ်ထောင်ကျသွားပြီ ကြားရတယ်။ တော်တော်လည်း ရင့်ကျပ်လာပုံရပါတယ်။ နှစ်တွေ တောင်တော်တော် ကြာသွားပြီ။ ဒါပေမယ့် သူက ဆရာ့မွေးနေ့ကို အမှတ်ရနေဆဲ ဖြစ်သလို ဆရာကလဲ သူ့ကို အမှတ်ရနေဆဲပါပဲ။

အရှင်သခင်စိတ်-
ဒီလူငယ်လေးဟာ ဘူတာရုံမှာ ကုန်ထမ်းတဲ့ အလုပ်လုပ်ပြီး သူ့ကျောင်းစရိတ်သူရှာရင်း  ဂုဏ်ထူးတန်းတက် ခဲ့တယ်။ ဘယ်သူ့အကူအညီမှ မတောင်းဘူး။ ဘယ်သူ့ဆီမှ အောက်မကြို့ဘူး။ အခုသူ့ဓာတ်ပုံတွေ မြင်ရတဲ့ အခါမှာ သူ့မျက်နှာဟာ သူ့ကိုယ်သူ ပိုင်စိုးတဲ့ သူ့ဘ၀မှာ သူသာလျှင်အရှင်သခင်ဆိုတဲ့ မျက်နှာမျိုါ်၊ ရှက်ရွံ့ အားငယ်စိတ် အရိပ်အရောင်တောင် မမြင်ရသလို သိမ်ငယ်စိတ်ဆိုတာလည်း လုံးဝမတွေ့ရဘူး ။ လူငယ်မှန် သမျှ သူ့မျက်နှာမျိုး ပိုင်ဆိုင်စေချင်လိုက်တာ ။

ဆရာ လူထု စိန်ဝင်း ၏ ဆောင်းပါး

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !