---------------------------------------------------------
အပြတ်အပြတ်နဲ့ နာခေါင်းသွေးထွက် ဆိုတဲ့အဖြစ်မျိုးဆိုက်တော့မယ်။ ဟိုတစ်ပေါက်သည်တစ်ပေါက်လုပ်နေ ကြလို့ တော့ဖြင့်ဘာမှလည်း ဖြစ်မလာ၊ ဘယ်လိုမှလည်း အကျိုးထူးရှိမှာမဟုတ်ပါဘူး။ တိုင်းပြည်နဲ့ နိုင်ငံအတွက် လို့ ပြောနေကြတော့ ကိုယ်တွေလို အဆင့်အဆင့်အတန်းမရှိတဲ့ ကောင်တွေက ဘယ်နားမှာ ဘာသွားပြောရမှန်း မသိတော့ဘူး။ကိုယ်တွေမှာစဉ်းစားခန်းဝင်လို့ ကောင်းတုံးပဲ ရှိသေးတယ်။ ဖြစ်ပုံက “ စားရမှာလည်း သဲတရှပ်ရှပ် ပစ်ရမှာလည်း ဆီတ၀င်းဝင်း ” ဆိုတဲ့ ပုံစံမျိုးများဖြစ်နေလို့လား။ ဒီလိုလဲ မဟုတ်ပြန်ပါဘူး။ ပစ်ကိုပစ်ရမှာပါ။ အဝေးဆုံး ရောက်အောင်ကို လွှင့်ပစ်ရမယ့် အရာပါ။ ဖြစ်ချင်တဲ့ ဆန္ဒ တွေနဲ့ ဖြစ်သင့်တာကို လုပ်ဖို့ကတော့ ချိန်ဆနေကြ ရတယ်လေ။ ညီတစ်ယောက်က ဘယ်လိုပြောလဲဆိုတော့ “ အကို ကျွန်တော်ကို ဆရာပြောတယ်။ သေမှာမှန်း သိသိနဲ့ တော့ အမိုက်ခံပြီး ဘယ်လုပ်နိုင်မလဲတဲ့။ ဒီညီကလည်း စိတ်က ခတ်ဆတ်ဆတ်ဆိုတော့ ဆရာကို ပြန် ပြောလိုက်တယ်။ အင်း သေသွားကြတဲ့ သူတွေကြတော့ ဘယ်လိုလုပ်မလဲ။ စကားတွေအခြေအတင်ပြောရတယ် ပေါ့ဗျာ။ ”ကျွန်တော်က ညီကို စိတ်ဖြေနိုင်အောင် စကားလေး တစ်ခွန်းပြန်ပြောလိုက်တယ်။ “ ညီရေ ပညာရှိလေ ချင့် ချိန်တတ်လေပဲကွ၊ သေမှာကိုလည်း ပညာရှိတွေက ပိုကြောက်ကြတယ်။” လို့ပြောတော့ ညီက သဘောကျ တယ်။ စာရေးရတာလည်း ခပ်ကြောက်ကြောက်ပါပဲ။ အနှောင့်အသွားလွတ်အောင် မပြောတတ်တော့ ၀ါးလုံး ရှည်မှာ ချီးသုတ်ပြီး ယန်းသလိုမျိုးဖြစ်ဖြစ်နေတယ်။ မှားတယ်ဆိုတာလေးတွေကို မင်နီလေးတားပြီး နားလည် ပေးကြပါလို့ တောင်းပန်ပါတယ်။
အချိန်တွေက မရှိတော့ဘူးနော်။ ကိုယ်တိုင်လည်း စဉ်းစာခန်းဝင်နေတုံးပါပဲ။ စဉ်းစားရင်းနဲ့ မူလတန်းက သင်ရတဲ့ စာလေး တစ်ပုဒ် အမှတ်ရလို့ တင်ပြချင်တာပါ။ စာတွေပေတွေ ပြန်စဉ်းစားလိုက်တိုင်း မူလတန်း လောက်က စာတွေကို ပဲအမှတ်ရနေတယ်။ အခြေခံက ဆရာ၊ ဆရာမတွေတော်လို့ ဖြစ်မှာပါ။မူလတန်း နောက်ပိုင်း အလယ်တန်း ကစပြီး မမေးကြနဲ့ မမှတ်မိတော့ဘူး။ တစ်နှစ်တစ်တန်းအောင် စနစ်နဲ့ ကျွန်တော် ကျောင်းပြီးလုနီးနီး ရှိနေပါပြီ ။
“ဒေါင်းယောင်ဆောင်သောကျီး” ဆိုတာလေးကို အားလုံးလည်း မှတ်မိနေကြမှာပါ။ ဒီအထဲမှာ ကျီးကန်း တစ် ကောင်ဟာ လှပတဲ့အရောင်အသွေး၊ အဆင်းအင်္ဂါ ရှိတဲ့ “ ဒေါင်း ” တွေကို မြင်ပြီး “ ဒေါင်း ” တွေလိုလှချင် တယ်လေ။ ဒီတော့ “ ဒေါင်းတောင် ” တွေကိုရှာပြီး သူ့ကိုယ်မှာ အလှဆင်တယ်။ “ ဒေါင်းအုပ် ” ကြားကိုသွား ပြီး သူလည်း “ ဒေါင်း ” ပါလို့ပြောတယ်လေ။ “ ဒေါင်း ” မျိုး နဲ့ “ ကျီးကန်း ” မျိုး အသိသာကြီးပဲဗျာ။ ဒေါင်း တွေက သူတို့ အမျိုးမဟုတ်တဲ့ ကျီးကန်းစုတ်ကို ၀ိုင်းပြီး ထိုးကြ၊ ဆိတ်ကြ လို့ “ ကျီးကန်း ” အမျိုးယုတ် အမြှီး ကုတ်ပြီး ထွက်ပြေးရတယ်။ ကျီးအုပ်ထဲကို ပြန်တော့လည်း ကျီးတွေက သူတစ်ပါးအမျိုးကိုမှ အထင်ကြီး တယ်ဆိုပြီး ၀ိုင်း နှင်ထုတ်ကြတယ်လေ။
သင်ကြားရခြင်းရဲ့ ရည်ရွယ်ချက်က “ အမျိုးကို ချစ်တတ်ဖို့ပါ၊ သူတစ်ပါးကို အထင်ကြီးပြီး သူများလုပ်သလို လိုက်မလုပ်ကြဖို့ ” ပြောထားပါ။ ဒီဥပမာလေးက ဒီခေတ်နဲ့ တော်တော်ကိုက်ညီတဲ့ ဥမာလေးပါ။ ဒါတွေပြော ရရင်တော့ ခုနှစ်စင် အမြှင်တန်း လျှာရှည်လိမ့်မယ်။
ကျွန်တော်ပေးချင်တဲ့ ဥပမာက ဒါနဲ့ နည်းနည်းတော့ကွဲချင်လည်းကွဲလိမ့်မယ်ဗျာ။ တူတာလေးတွေလည်း ပါပါ တယ်။ “ ဒေါင်း ” တွေလုပ်နေတဲ့ အလုပ်ကို “ကျီးစုတ်” ကလိုက်လုပ်နေတဲ့ ပုံစံမျိုးဖြစ်နေပြီ ဆိုတာကို တင်ပြချင်တာပါ။ လက်ခံနိုင်ကြမ လားတော့မသိဘူးဗျာ။ ဒီလိုစဉ်းစားမိလို့ ဒီလိုတင်ပြတာပါ။ မဖြစ်သင့်တာတွေ ဖြစ်လာနေလို့ ပြောတာပါ။ “ဒေါင်း” မျိုး ရဲ့ အသိုင်းအ၀ိုင်းကြီးကနည်းတဲ့ အင်ပါယာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် “ ဒေါင်းမျိုးတွေ ” သွေး ကွဲသွားရတယ်။ ကျီးကန်းစုတ်ကို ခွပ်ဖို့ ဆိတ်ဖို့ မလုပ်ကြ သေးဘုး။ စာထဲက နဲ့တော့ ဆန့်ကျင်ဘက်ဖြစ်နေပြီ။ ကျီးကန်းစုတ်က “ အာ- အာ ” ပြီးတော့ ဒေါင်းအမျိုးကို တဖြည်းဖြည်း ဖြုတ်နေတဲ့ကိန်းကိုရောက်နေပြီ။ ကျီးက ဒေါင်းသားကို ပြန်စားနေတယ်။ဒေါင်းအုပ် ဟိုတစ်စု သည်တစ်စု ကွဲလာတာကိုပဲ ကြည့်ကြတော့ လေ။ ဒေါင်း လုပ်တဲ့ အလုပ်ကို ဒေါင်း လုပ်မှ လက်ခံလို့ ရမယ် ဆိုတဲ့ အတွေးမျိုး မထားနိုင်ကြလို့ ဒေါင်းအုပ်ကိုခွဲပြီး ကျီးအုပ် ထဲဝင်သွားကြတာပါ။
ရှိပါစေ။ ဒေါင်း အင်အားက အများကြီး ရှိပါသေးတယ်။ ကျန်နေတဲ့ “ ဒေါင်း ” အမျိုးတွေအတွက်ပဲပြောရ တော့မယ်။ “ ဒေါင်း ” လုပ်တဲ့ အလုပ်ကို “ ဒေါင်း ” မပါပဲ လုပ်လို့ မရဘူး။ မတန်မရာတွေကို အတုအယောင် တွေတပ်ပြီး လုပ်ချင်တဲ့ “ ကျီး ” ကန်းလုပ်ရပ်တွေကို စောင့် ကြည့်စရာမလိုပါဘူး။ “ဒေါင်း ယောင် ဆောင် သော ကျီး ” က ထလုပ်နေမှာတော့ ဘယ်လိုလုပ်ပြီး အစစ်အမှန်ဖြစ်လာမှာလဲ။
“ ဒေါင်း ” အမျိုးတို့ ဒီအတိုင်း နေလို့တော့ မဖြစ်ချေဘူး။ ခွပ်ကြရမယ်။ ဒေါင်းယောင်ဆောင်သောကျီး အမြှီး ကုတ်သွားအောင် လုပ်ကြရမယ်။ အဲဒါ တာဝန်ပဲ ။ လုပ်ကိုလုပ်ရမှာက ဒေါင်း ကျက်သေတိုးဖို့ သက်သက် မဟုတ်ဘူး။ တစ်တိုင်းပြည်လုံးအတွက် “ကျီးကန်းစုတ်” ကို အမျိုးဖြုတ်မှ ဖြစ်တော့မယ်။
စုရုံးကြလေ
ဒေါင်းအိုးဝေတို့
ကျီးမျိုးယုတ်ကို
ခွပ်ကြပါစို့
နောင်တော်လေး
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !