လူအချင်းချင်းဆက်ဆံရာမှာ အနေအထားကိုကြည့်ပြီး အဆင်ပြေအောင်ပြောဆိုကြရတယ်။ အဆင်ပြေဖို့အရေး ကိုပဲတွေးပြီး ဆက်ဆံကြတဲ့အခါမှာ “မုသားမပါ လင်္ကာမချော” ဆိုတဲ့စကားပုံဟာ လက်သုံးစကားဖြစ်လာတယ်။ လင်္ကာချောအောင်ပြောဆိုကြတဲ့ အခါမှာ မုသားစကားတွေကို လိုအပ်သလိုထည့်သုံးလာကြတယ်။ လူတွေက လည်း အပြောကောင်းမှ သဘောကျတာကို တွေ့နေရပါတယ်။ အပြောကောင်းတိုင်း လူကောင်းတော့ မဟုတ် ပါဘူး။ အပြောကောင်းကောင်းနဲ့ လိမ်သွားတာတွေရှိတယ်။ အညာခံလိုက်ရတာတွေရှိတယ်။ အချို့ကိစ္စတွေမှာ ဆိုရင် “အလိမ် အညာ” ခံလိုက်ရလိမ့်မယ်လို့တောင် မထင်ရပါဘူး။ အပြောကောင်းကောင်းနဲ့ လိမ်သွားတာကို ခံလိုက်ကြရပါတယ်။
လူတစ်ယောက်ရဲ့ နှုတ်ကထွက်လာတဲ့ စကားလုံးတွေကို နားထောင်နေသူတစ်ယောက် အနေနဲ့ “လိမ်မှာလား ညာမှာလား” ဆိုတာကို သာမာန်အားဖြင့် ဆုံးဖြတ်ဖို့ခက်ပါတယ်။ ပြောသူကိုယ်တိုင်ပဲ သိနေပါလိမ့်မယ်။ လိမ် ညာချင်သူကလည်း ဗြုန်းဒိုင်းကြီးတော့ ထမလုပ်ပါဘူး။ သူ့အစီအစဉ်အတိုင်း စနစ်တကျလုပ်သွားမှာပါ။ ပွဲပြီးမှ အလိမ်ခံလိုက်ရပြီ ဆိုတာကို သိရမှာပါ။
အစီအစဉ်တကျ လိမ်သွားတဲ့ သာဓကတွေကို ကြားသိဖူးကြမှာပါ။ ကိုယ်တိုင်တွေ့ကြုံခဲ့တာလေးကိုလည်း ဖော် ပြပေးချင်ပါတယ်။ ဘိုးတော်လိုလို ဗေဒင်ဆရာလိုလို မျက်နှာစိမ်းတစ်ယောက် ရွာကိုရောက်လာတယ်။ ဥပဓိရုပ် ကလည်း ဖြောင့်တယ်။ ရွာမှာတော့ သူနဲ့သိကျွမ်းခင်မင်သူ တစ်ယောက်မှ မရှိပါဘူး။ နယ်လှည့်ဟောတဲ့ ဗေဒင် ဆရာတစ်ယောက်လို့ သိရပါတယ်။ အကြောင်းအကျိုးတွေ ရှင်းပြပြီး တည်းခိုဖို့ အိမ်တစ်အိမ်ကို အကူအညီ တောင်းတယ်။ သူအကူအညီတောင်းတဲ့အိမ်က ရွာမှာတော့ လယ်သမားကြီး စာရင်းဝင်ပေါ့။ သူနေတဲ့ အိမ်မှာ လိုအပ်တာလေးတွေကူညီပေးတယ်။ ဘုရားသွား ကျောင်းတက်လည်း ပုံမှန်လုပ်တယ်။ ဗေဒင်ဟောတယ်။ ပညာစွမ်းပြနေတာပေါ့။ တဖြည်းဖြည်းနဲ့ သူတည်းတဲ့ အိမ်ကလူတွေက သူ့ကိုယုံကြည်လာကြပြီ။
တစ်လကျော်လောက်ကြာတဲ့အချိန်မှာ ဆရာက တခြားနေရာတွေသွားစရာ ရှိသေးတယ်ဆိုပြီး ပြန်သွားလေ တယ်။ ရွာကလူတွေက “ဆရာပြန်လာခဲ့ပါအုံး”လို့ ထပ်မံလာရောက်ဖို့ ဖိတ်ခေါ်ကြတယ်။ ဆရာလိုလိုပုဂ္ဂိုလ်က လည်း “ဒီဘက်ကို လာစရာကိစ္စတွေရှိပါသေးတယ်။ ရောက်ဖြစ်မှာပါ”လို့ သံယောစဉ်စကားလေး ချန်ထားခဲ့ တယ်။
နှစ်ပတ်ကျော်လောက်အကြာမှာ ဆရာပြန်ရောက်လာပါတယ်။ သူပြန်သွားတဲ့ ရက်အတွင်းမှာ “ဘုရားကိုးဆူပွဲ လုပ်ပေးခဲ့ရတာတွေ၊ သေလုမျောပါးဖြစ်နေသူကို “အပ” ထုတ်ပေးခဲ့ရတာတွေ ” ပြန်ပြောပြတယ်။ ညဘက်တွေ ဆိုရင် ရွာကလူတွေ ဆရာဘေးမှာ ၀ိုင်းအုံးနေကြတယ်။ ဆရာပြောပြနေတာတွေက အထူးအဆန်းတွေဆိုတော့ “အင်း”လိုက်သူကလိုက်၊ ကျန်တဲ့သူတွေကလည်း ခေါင်းတညှိတ်ညှိတ်နဲ့ပေါ့။
ဒီလိုနဲ့ ရွာမှာ ဆရာလက်စွမ်းပြမယ့် အချိန်ကိုရောက်လာပြီ။ ဆရာက သူတည်းခိုးနေတဲ့ အိမ်ကို ကူညီမစတဲ့ အနေနဲ့ လက်စွမ်းပြမှာပါ။ လုပ်ပြမှာကတော့ အတော်ထူးဆန်းတယ်။ ရွှေတစ်ကျပ်သားကို အလိုလို (auto) နှစ် ကျပ်သားဖြစ်အောင် လုပ်ပေးမှာပါ။ အိမ်ရှင်တွေရဲ့ မျက်စိရှေ့မှာပဲလုပ်ပြမှာပါ။ အလိမ်အညာမဟုတ်ဘူးဆိုတာ ကို ထင်ရှားစေတာပေါ့။ အောက်လမ်းပညာနဲ့ လုပ်ပေးမှာ မဟုတ်ပါဘူး။ အထက်လမ်းပညာနဲ့ လုပ်ပေးမှာပါ။ တစ်ကျပ်သားကနေ နှစ်ကျပ်သားဖြစ်မယ့် ကိစ္စဆိုတော့လည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။
ရှိသမျှရွှေထည့်လိုက် နှစ်ဆဖြစ်လာစေရမယ်လို့ ဆရာကအာမခံတယ်။မျက်မြင်ကိုယ်တွေ့ဆိုတော့ မယုံရဲ ယုံရဲနဲ့ ရွှေနှစ်ကျပ်သားကို ဆရာ့လက်ထဲအပ်ပါတယ်။ ဆရာကရွှေကို လက်ဖျားနဲ့တောင် မထိပါဘူး။ လုပ်ပုံလုပ်နည်း လေး မှတ်သားထားကြပါအုံး။ ကျွန်တော်တို့ အရပ်မှာရွံ့ကောင်းတယ်။ ဆရာက ရွံ့စေးစေးကိုခူးခိုင်းတယ်။ ကျကျနန လုံးတယ်။ ရွှေကို ရွံ့ထဲမှာ ထည့်မြှုပ်တယ်။ ဘုရားသွားတဲ့ အခါ အဓိဋ္ဌာန်ကျောက်တုံးလေးတွေကို မြင်ဖူးကြမှာပါ။ ရှည်မျှောမျှောလေးပေါ့။ အဲဒီပုံစံအတိုင်း ရွံ့ကို သေသေချာချာပြန်လုံးတယ်။ ကြွေပန်းကန်ပြား ပေါ်မှာတင်တယ်။ ပြီးတော့မှ ဘုရားစင်ပေါ်ကိုတင်တယ် ဆီမီးတွေထိန်ထိန်ညီးအောင် ပူဇော်ပြီး ဆရာက ဂါဌာ တွေရွတ်တယ်။ ခုနှစ်ရက်တိတိ အဓိဋ္ဌာန်ဝင်ပြီး တရားထိုင်တယ်။ ပုတီးစိပ်တယ်။ ညစာလည်း မစားတော့ပါဘူး။
အဓိဋ္ဌာန်ပြည့် တဲ့ ရက်မှာ ဆရာက စပြောပြီ။ ရွံ့တုံးကို ဘုရားစင်ပေါ်မှာ တစ်လတိတိပူဇော်ထားရမယ်။ သူလည်း တခြားနေရာတွေကို သွားစရာရှိသေးတယ်။ တစ်လပြည့်တဲ့ နေ့သူပြန်ရောက်လာတဲ့ အခါကျမှ ရွံ့တုံး ကိုပြန်စွန့်မယ်။ အဲဒီအခါကျရင် နှစ်ဆတိုးနေတဲ့ ရွှေကို ရလိမ့်မယ်။ သတိရှိရှိနဲ့ စောင့်ကြည့်နေကြဖို့ မှာထားခဲ့ တယ်။ အိမ်က အလုပ်လက်မဲ့တွေလည်း အလုပ်ရသွားပါတယ်။
ဒီလိုနဲ့ တစ်လပြည့်တဲ့နေ့ကို ရောက်ပြီ။ ဆရာပြန်ရောက်မလာဘူး။ အိမ်သူအိမ်သားတွေလည်း ဘယ်လိုမှ မလုပ်ရဲကြဘူး။ ကိုယ့်သဘောနဲ့ကိုယ် လုပ်လိုက်လိုက်လို့ တလွဲတွေဖြစ်ကုန်မှာ စိုးရိမ်ကြတယ်။ တစ်လနဲ့ တစ် ပတ် ဆရာဆိုတဲ့ ပုဂ္ဂိုလ်ပေါ်မလာသေးဘူး။ နှစ်လနီးပါးဖြစ်တဲ့ အချိန်မှာတော့ သိမခံနိုင်ကြတော့ဘူး။ ရွံ့တုံးကြီး ကိုဘုရားစင်ပေါ်က စွန့်ပြီး ခွဲလိုက်ကြပါတော့တယ်။ ၀မ်းသာစရာပါပဲ။ ထည့်ထားတဲ့ ရွှေကနှစ်ကျပ်သားတည်း ပါ။ ခွဲလိုက်တဲ့ အခါမှာတော့ ရွှေဆိုတာ အစအနတောင် မတွေ့ရတော့ပါဘူး။ တစ်ပိဿာလောက်ရှိတဲ့ ရွံ့တုံး ကြီးပဲ ဖြစ်နေပါတော့တယ်။ ဆရာဆိုတဲ့ ပုဂ္ဂိုလ်ကိုလည်း သတင်းအစအနတောင်မကြားရတော့ပါဘူး။ အပြော ကောင်းကောင်းနဲ့ အစီစဉ်တကျ လုပ်သွားလိုက်တာ အစအနတောင် မကျန်ခဲ့ပါဘူး။ မသက်သာတဲ့ အဆုံးတော့ လဲဖြေတွေးလေးတွေနဲ့ ကျေနပ်ခဲ့ကြရပါတယ်။
ဒီပုဂ္ဂိုလ်က တစ်ရွာတည်းမှာ လိမ်တာမဟုတ်ပါဘူး။ တခြားရွာတွေမှာ ဆင်တူရိုးမှား အလိမ်ခံရတဲ့ သတင်းတွေ ကြားရတယ်။ ခံစားဖူးထားတဲ့ ရွာသူရွားသားတွေကတော့ ဒီပုဂ္ဂိုလ်ပဲလို့ သိနေကြတယ်။ အဖြစ်ပျက်တိုင်းမှာက ဆရာမရှိတော့မှ အလိမ်ခံလိုက်ရပြီဆိုတာကို သိကြရတယ်။ ဘယ်လိုတိုင်ချက်ဖွင့် ပြီး လိုက်ဖမ်းကြမလဲ။ “ကြုံဖူးမှ ယုံစဖွယ်” နောက်တစ်ခါ ဒီလိုမဖြစ်အောင်တော့ ကြိုတင်ကာကွယ်လို့ ရကြတာပေါ့။ “မက်လုံး” ပေးတဲ့ စကားကို ကြားရတော့ လောဘလူသားတွေ မနေနိုင်ကြဘူးလေ။ ဒါကြောင့်ပဲ လူလိမ်လူညာတွေက အပြော ကောင်းကောင်းနဲ့ လုပ်စားလို့ ရနေကြတာပါ။
အလိမ်အညာဆိုတာတော့ နေရာတိုင်းမှာ ရှိနေပါတယ်။ အမှန်ကိုအမှန်အတိုင်းပြောလိုက်ရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာမှဆိုးတဲ့ အတွက် လိမ်ကြညာကြ ရတာတွေလည်း ရှိပါတယ်။ အချို့ကိစ္စတွေမှာ မုသား သုံးပြီး နှစ်သိမ့်ကြရတယ်။ ကားမှတ်တိုင်မှာ ကားစောင့်နေစဉ် ပွဲစားနှစ်ဦး အနားကိုရောက်လာပါတယ်။ သူတို့ အပြောအရ ကားပွဲစားတွေ ဖြစ်နိုင်ပါတယ်။ အသက်လေးဆယ်ကျော်အရွယ်တွေ ဖြစ်ပါတယ်။ ခဏကြာတော့ ဖုန်းဝင်လာတယ်။ ဖုန်းကိုင်ထားတဲ့ သူက ဖုန်းနံပါတ်ကို အသေအချာကြည့် ပြီး ဘေးက တစ်ယောက်ကို ပြန် ပြောပြနေတယ်။ ဘေးက တစ်ယောက်က ဖုန်းကိုင်ထားသူကို လက်ဟန်ခြေဟန်နဲ့ ပြန်ပြောနေတာကို တွေ့ရပါ တယ်။ “ မရှိဘူး၊ သွားပြီ၊ သူနဲ့ အတူတူမရှိတော့ဘူး”လို့ ပြောခိုင်းနေတာပါ။ ဖုန်းကိုင်ထားသူကလည်း ဘယ်သူ ဆက်တယ် ဆိုတာကို သိနေပါတယ်။ ဖုန်းကိုင်လိုက်ပြီး ဘေးကလူပြောခိုင်းတဲ့ အတိုင်းပြောလိုက်ပါတော့တယ်။ စီးပွားရေးသမားတွေ မဖြစ်မနေလုပ်နေကြရတဲ့ လှည့်ကွက်တွေပဲ ဖြစ်ပါတယ်။
ဘာပြဿနာရှိထားတယ်တော့ မသိပါဘူး။ ဖုန်းမကိုင်ရဲဘူး ဆိုကတည်းက တစ်ခုခုတော့ တစ်ခုခုပေါ့။ စကား ပြန်ပြောရင် ပြဿနာတက်နိုင်တဲ့ အတွက် မပြောပဲ နေလိုက်တဲ့ သဘောပါ။ ချက်ချင်းလက်ငင်းတော့ ဘာ ပြဿနာမှ မတက်တော့ပါဘူး။ နောက်ပိုင်းရှောင်နေမှန်းသိရင်တော့ ပြဿနာနှစ်ခုရှင်းရမှာပါ။ လိုအပ်လို့သာ လှည့်ပတ်ပြောဆိုလိုက်ရတဲ့ သဘောပါပဲ။
“မုသားမပါ လင်္ကာမချော” ဆိုတဲ့ လမ်းစဉ်ကို လိုက်ပြီး ပြောဆိုနေကြရာမှာ “ သားသမီးက မိဘကိုလိမ်တယ်။ တပည့်က ဆရာကိုညာတယ်” စသည်အားဖြင့် လူမှုဝန်းကျင်ထဲမှာ သမရိုးကျဖြစ်နေပါပြီ။ အသေးအဖွဲကိစ္စ လေးတွေကနေစပြီး နိုင်ငံတော် လိမ်ညာမှုတွေအထိ ဖြစ်လာတယ်။ အမေရိကန်နိုင်ငံရဲ့ ဒီမိုကရေစီသမိုင်းမှာ နာမည်ဆိုးထွက်ခဲ့တဲ့ သမ္မတနစ်ဆင်ဆိုတာ ရှိခဲ့ဖူးပါတယ်။ သူ့ရဲ့ ဒုတိယသမ္မတသက်တမ်းအတွက် လိုအပ်တဲ့ ရန်ပုံငွေရဖို့ အာဏာအလွဲသုံးစားလုပ်ပြီး လိမ်လည်မှုတွေကျူးလွန်ခဲ့တယ်။ သူ့ရဲ့လက်အောက်က အရာရှိတွေ ရဲ့ ခြယ်လှယ်မှုကြောင့်လည်း မဖြစ်သင့်တာတွေ ဖြစ်ခဲ့ကြရတယ်။ ငြိမ်ခံမနေတဲ့ ပြည်သူတွေနဲ့ တွေ့တဲ့အခါကြ တော့ အလိမ်အညာတွေဟာ ဗူးပေါ်သလိုပေါ်ကုန်တယ်။ သမ္မတသက်တမ်း မကုန်ဆုံးမှီမှာပဲ ရာထူးကနေ နှုတ် ထွက်လိုက်ရတယ်။ ရည်ရွယ်ချက်ကတေ့ တိုင်းပြည် ကောင်းစေချင်တဲ့ ဆန္ဒနဲ့ လုပ်ခဲ့တာတွေချည်းပါပဲတဲ့။ လုပ်ချင်တာတွေလုပ်ခဲ့ပြီး မှားမှန်းသိတဲ့ အချိန်မှာ ၀န်ခံရဲတဲ့ သတ္တရှိတာကိုပဲ လေးစားကြရမှာပါ။
လိမ်သညာလှည့် ပတ်မှုတွေနဲ့ ပြည့်နက်နေတဲ့ လောကကြီးပါ။ အသေးအဖွဲလိမ်ညာမှုကစပြီး အကြီးမားဆုံး လိမ် ညာမှုတွေ အထိ အားလုံးဟာ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ခဲ့ကြတာတွေပဲ ညဖစ်ပါတယ်။ လိမ်ချင်ညာချင်တဲ့ သူတွေကတော့ “ လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ” ဆိုတဲ့ မေတ္တာစကားကိုတောင် လက်မခံ နိုင်ကြတော့ပါဘူး။ သမရိုးကျဖြစ်နေတဲ့ အတွက် လိမ်မှန်းသိနေတာတောင် မသိချင်ယောက်ဆောင်နေကြရ ပါတယ်။ ပွဲပြီးမှ အဖြေပေါ်မှာဖြစ်တဲ့အတွက် အပြောကောင်းတိုင်း သဘောတွေ့မနေကြပါနဲ့။ စဉ်းစားသုံးသပ်ပြီး အလိမ်အညာ မခံကြရအောင် ကြိုတင်ကာကွယ်ကြရမှာပါ။ လိမ်ညာမှုတွေဟာ လောကီအတွက်တော့ အကျိုးခံ စားခွင့်တွေ ရနေကြပါတယ်။ သံသရာအတွက်ကြတော့ ဆရာတော်ဦးသုမင်္ဂလတရားတော်ထဲကလို “ဒယ်အိုး ထဲမှာ ဆုန်ချည် ဆန်ချည်” ဖြစ်နေပါတော့မယ်။ နောက်ဆုံးအနေနဲ့ “ လိမ်ကြစေ၊ ညာကြစေ၊ အားရရင်၊ နားကြ ပါတော့” ဟုသာ တိုက်တွန်းလိုပါသည် ။
နောင်တော်လေး
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !