Home » » ဒါလားကွ ဒီမိုကရေစီ

ဒါလားကွ ဒီမိုကရေစီ

ဒီမိုကရေစီ နိုင်ငံတော်ကြီးအဖြစ် အသက်သွင်းပေးခဲ့တဲ့ ကျေးဇူးရှင်ကြီးများကို ရှေးဦးပဏာမ ကျေးဇူးဦးပကာ တင်ရှိပါကြောင်း ပြောလိုပါ တယ်။ တစ်မျိုးသားလုံး လိုလားတောင့်တနေတဲ့ ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်တဲ့ နိုင်ငံတော်မှာ လွတ်လပ်မှုတွေ အတော်အတန် ရလာကြပြီတဲ့။ ဂျာနယ်တွေထဲမှာ ယခင်ကထက်တော့ ပွင်လင်းလာပြီတဲ့။ အရပ်ထဲက လူတွေပြောတဲ့ စကားအရပါ။ ယခင်က ဒါမျိုးတွေ တစ်ခါမှ မတွေ့ရ မမြင်ရတော့ သူတို့ပြောတာမှန်တာပေါ့။ လွတ်လပ်မှုတွေက ရသင့်တဲ့နေရာမှာ မရဘဲ မရသင့် မပေးသင့်တဲ့ နေရာတွေမှာ လွတ်လပ်မှုတွေပေးလာတာကိုလည်း မြင်ရတွေ့ရတယ်ဗျာ။ တိုက်တိုက်ဆိုင်ဆိုင် နိုင်ငံတော် သမ္မတကြီးကြွေးကြော်ထားတဲ့ တစ်မျိုးသားလုံး ကျမ်းမာ ကြံ့ခိုင်ရေး ဆိုတဲ့ ကြွေးကြော်ချက်နဲ့ လာညိနေပြီလို့ထင်တယ်။

ဂျာနယ် စာမျက်နှာတွေမှာ အရက်ကြော်ငြာ ဆေးလိပ်ကြော်ငြာတွေ ကြော်ငြာခွင့်မရှိဘူးလို့ သိရတယ်။ တစ်ချိန်တည်းမှာပဲ စည်းကမ်းစနစ် ကျနလှတဲ့ အယ်ဒီတာကြီးတွေက အရက်ကြော်ငြာလို ဟာမျိုးကို ဒိုင်ရှိုးလေး ကြော်ငြာတာကိုလည်း အရိပ်ပြ အကောင်မြင်တွေ့မြင်နေရပါ တယ်ဗျာ။ အရက်ပုလင်းတွေ အရက်ခွက်တွေ မပါတော့ပဲနဲ့ . . . အဲ အဲ .. ကမ်းစမ်းမဲ လိုစာရင်းဇယားတွေကို စာမျက်နှာပြည့် ဖော်ပြတာမျိုး ကြတော့ စာပေစိစစ်ရေးကလည်း ခွင့်လွှတ်ပါတယ်။

လုပ်ငန်းရှင်တွေ အနေနဲ့ ကြတော့ အဲဒီလောက်နဲ့ သူတို့ထိုးဖောက်ချင်တဲ့ ဈေးကွက်က တိုးလို့ပေါက်မှာ မဟုတ်ဘူး။ အဲဒီတော့ စီးပွားရေး သမားက အမြင်ရှိတာပေါ့။ ချောပေ့ လှပေ့ အမျိုးကောင်းသမီးလေးတွေကို စားသုံးသူထံ တိုက်ရိုက်ကြော်ငြာပြီး ရောင်းချပေးတဲ့ နည်းစနစ် ကိုအသုံးပြုလာတယ်။ အဲဒါမျိုးကြတော့ ခွင့်ပြုတယ်ဗျာ။ ကြည့်ရမြင်ရတာ ကိုယ်နဲ့လည်း မဆိုင် ကိုယ့်နှမလည်း မဟုတ်ပေမယ့် ဘီယာဘိုးဘိုးကြီတွေ ယမကာ ကိုကိုတွေရဲ့ အရက်ဝိုင်းဘေးမှာ ယစ်ကာသီကာလုပ်ပြီး အတိုအပြတ်ကလေးတွေနဲ့ ကြော်ငြာပေးနေရတဲ့ မိန်းခလေးတွေကို ကြည့်ပြီး နှမျှောတသ ဖြစ်ရတယ်။

သွားပါပြီဗျာ ။ နိုင်ငံတော်ရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်းကိုပဲ တိုင်တည်ပြီးတော့ အဖရေ အဖပြောတဲ့ ဖာနိုင်ငံဆိုတာတောင် ဖာနိုင်ငံသေးသေးလေး မဟုတ်ဘူး။ ဖာနိုင်ငံအကြီးစားကြီးဖြစ်မှာလို့ ဟစ်အော်လိုက်ချင်မိတယ်။

အဲဒီထက်ဆိုးတာကတော့ လမ်းဘေးမှာ Grand Master ၀ီစကီကို ကမ်းစမ်းမဲတွေဖွင့်ပြီး ရောင်းချနေတဲ့ဘေးမှာလည်း ရပ်ကွက်လူကြီးတွေက ထိုင်ခုံပေါ်က မိန့်မိန့်ကြီးတွေ။ အရက်ကို ညွှန်းနေတာကလည်း လွန်းရောဗျာ ။ ကျွန်တော်ဆီမှာ သူတို့ Grand Master အရက်ကို စနစ်တကျ လမ်းဘေးမှာ နိုင်ငံခြားသံစဉ်တွေ အော်ကြီးဟစ်ကျယ်ဖွင့်ပြိး ရောင်းချနေတဲ့ အသံဖိုင် ရှိပါတယ်။ ပြန်ပြီးတော့ ဖေါက်သယ်မချတော့ဘူးဗျာ။

ပြောချင်တာ ဒီမိုကရေစီကို အခွင့်ကောင်းယူပြီး အဲဒါမျိုးတွေကိုလွတ်လပ်ခွင့်ပေးမှာလား။ နောက်တစ်ခုကဗျာ ပြည်သူ့ဆန္ဒကိုထုတ်ဖော် ချင်ရင် ကြိုတင် အစီရင်ခံစာတင်ရမယ်တဲ့။ သဘောကျတဲ့ သူလည်းရှိတယ်။ သဘောမကျသူလည်း ရှိတယ်။ အရက်အပြင်းစားလို တစ်မျိုးသားလုံးအမျိုးတုန်းမယ့် အရာမျိုးကိုတောင် လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးတယ် ဆိုရင် ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခကို ပြည်သူ့ဆန္ဒအလျှောက်ဖော်ထုတ်တာမျိုးကို စည်းကမ်းတွေ မူဘောင်တွေ ချမှတ်ဖို့ လိုနေသေးလို့လား ဆိုတဲ့ အချက်ပါပဲဗျာ။

အရက် Promotion ကိုတော့ ရပ်ကွက်လူကြီးတွေ မီသတ်ရဲဘော်တွေနဲ့ စနစ်တကျလုပ်သွားတာကို မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရပါတယ်ဗျာ။ ကျွန်တော်ကိုယ်တိုင် အဲဒီ Promotion အနားမှာ ယစ်သီယစ်သီလုပ်ပြီး အော်ကြီးဟစ်ကျယ် ပြောဆိုနေတဲ့ အသံတွေကို အသံသွင်းယူခဲ့ပါတယ်။

ကျွန်တော် စဉ်းစားမိပါတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာ အရက်ကြော်ငြာက တကုတက လုပ်စရာမလိုတော့ပါဘူး။ အားလုံးဟာ အရက်သမားတွေချည်း ဖြစ်ကုန်ပါပြီ။ အဲဒါကိုမှ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ လုပ်ငန်းရှင်ကြီးတွေ မကျေနပ်နိုင်ကြသေးဘူး ဖြစ်နေပုံရတယ်။ လုပ်ကြပါအုံးဗျာ ... ... ကြံ့မာကြံ့ခိုင်ရေးဆိုတဲ့ မူကိုလာထိတယ်ဗျို့။ အောက်ခြေက ကောင်တွေ အသုံးမကျတာလား စစ်ဆေးပေးပါဦး။ ။

1 comments:

  1. ဒါက အရက်တစ်ခုထဲပဲရှိသေးတယ် မပြောချင်တဲ့အရာတွေကလည်းရှိနေပါသေးတယ်

    ReplyDelete

never ... never ... never ...never ... never Give Up !