အတွေ့အကြုံဆိုတာ
အရက်စက် အကြမ်းကြုတ်ဆုံး
ဆရာပဲ၊
ဒါပေမယ့် အဲ့ဒီက သင်ခန်းစာယူစမ်းပါ၊
ယူဖြစ်အောင်ယူပါ၊
(စီ၊ အက်စ်၊ လူးဝစ်)
စပိန်ပြည် တောင်ပိုင်းရှိ အက်စတီပိုနာဆိုသည့် နေရာလေးမှာ ကျွန်တော်ကြီးပြင်းခဲ့သည်။ကျွန်တော်အသက် ၁၆ နှစ်အရွယ် တစ်နေ့နံနက်မှာ အဖေက သူ့အား ကျွန်တော်တို့နှင့်၁၈ မိုင်အကွာလောက်မှာရှိသည့် မီဂျား(စ်) ရွာသို့ ကားမောင်းပို့ခွင့်ပေးသည်။ အဲသည်လိုခွင့်ပေးခြင်းအတွက် ကျွန်တော်ကားကို အနီးရှိ ၀ပ်ရှော့တစ်ခုမှာ ရေဆေးဆီထိုး လုပ်ပေးရန်ပါ တာဝန်ယူရသည်။
အဲသည်တုန်းက ကျွန်တော်ကားမောင်းတတ်စ၊ ကားကိုကိုင်တွယ်သုံးစွဲခွင့်လည်း သေသေချာချာ မရဘူး သေးသည့် ကာလဖြစ်ရာ အဖေပြောလာသည့် အခါ ကျွန်တော်အလျှင်အမြန်ပင်ခေါင်းညိတ်ဖြစ်ခဲ့သည်။ ကျွန်တော်အဖေကို မီဂျား(စ်) သို့ကားမောင်းပို့သည်။ သည့်နောက် ညနေ (၄) နာရီတိတိမှာ ပြန်လာကြို မည်ဟုကတိပေးခဲ့ပြီး ၀ပ်ရှော့ရှိရာ တန်းသွားကာ ကားကိုအပ်သည်။ အဲသည်နောက်မှာ အချိန်အတော်ကလေး ပိုနေသဖြင့် ၀ပ်ရှော့ အနီးရှိ ရုပ်ရှင်ရုံမှာ ရုပ်ရှင်တစ်ကားနှစ်ကားဝင်ကြည့်မည်ဟု ကျွန်တော်ဆုံးဖြတ်လိုက်သည်။
ရုံထဲရောက်ပြီးသည့်နောက် ရုပ်ရှင်ဇာတ်လမ်းများထဲ ကျွန်တော်မျောပါကာ အချိန်ဘယ်လောက်ကြာမှန်းမသိ ဖြစ်သွားသည်။ နောက်ဆုံးကားပြီး၍ နာရီကြည့်မိသည့် အခါ ၆ နာရီ ထိုးနေပြီ။နှစ်နာရီတိတိ ကျွန်တော် နောက်ကျသွားပြီ။ရုပ်ရှင်ကြည့်နေ၍ နောက်ကျမှန်းသိလျှင် အဖေအကြီးအကျယ် ဒေါသထွက်တော့ မည်။ကျွန်တော်ကို ဘယ်တော့မှ ကားမောင်းခွင့်ပေးတော့မည် မဟုတ်တော့။ ထို့ကြောင့်အဖေအား ကားမှာပြင်စရာတွေ ရှိနေ၍ ၀ပ်ရှော့က လူတွေ ထင်ထားတာထက် အကြာကြီးအချိန်ယူ လုပ်ကိုင် နေရကြောင်းပြောရန် စဉ်းစားပြီး လာခဲ့သည်။
အဖေနှင့် တွေ့၇န် ချိန်းထားသည့်နေရာသို့ ရောက်သည့်အခါ စိတ်ရှည်လက်ရှည်ပင် အဖေစောင့်မျှော်နေ တာ ကျွန်တော်တွေ့ ရသည်။နောက်ကျသည့် အတွက်တောင်းပန်ကြောင်း စကားပလ္လင်ခံကာ ကျွန်တော် တတ် နိုင်သမျှ အမြန်ဆုံးလာခဲ့ခြင်းဖြစ်ကြောင်း၊ ၀ပ်ရှော့မှာ ကြီးကြီးမားမား ပြင်ရတာတွေ ရှိနေသဖြင့် သည်လောက်ကြာနေခြင်းဖြစ်ကြောင်း ကျွန်တော်ပြောလိုက်သည့် အချိန်တွင် ကျွန်တော်ကို လှမ်းကြည့် လိုက်သည့် အဖေ၏ အကြည့်ကို ကျွန်တော်တစ်သက်မေ့နိုင်မည် မဟုတ်ပါ။
“ ဂျေဆင် ၊ ဒီကိစ္စ အဖေ့ကိုလိမ်ပြောမှ ဖြစ်မယ်လို့ မင်းသဘောထားတာ အဖေစိတ်မကောင်းဘူးသား”
“ ဘာဖြစ်လို့လဲ အဖေ၊ ကျွန်တော်အမှန်အတိုင်းပြောတာပဲဟာ၊”
အဖေ ကျွန်တော်ကိုထပ်ကြည့်ပြန်သည်။“မင်းပေါ်မလာတော့ ငါဝပ်ရှော့ကို ဘာတွေဖြစ်နေလဲ လှမ်းမေး တယ်၊မင်းလာမယူသေးတာတဲ့၊ အဲ့သည်ကားမှာ ဘာမှမဖြစ်ဘူး ဆိုတာ ငါသိပြီးသားပေါ့ကွ၊”
ရုတ်တရက် ရှက်ကြောက်သည့် စိတ်ဖြင့် ကျွန်တော်ထူပူ၍သွားသည်။ ရုပ်ရှင်ရုံသို့ သွားမိသဖြင့် နောက် ကျခြင်းရခြင်းဖြစ်ကြောင်း မပွင့်တပွင့် ကျွန်တော်ဖွင့်ဟ ၀န်ခံရသည်။ ကျွန်တော်စကားများကိုစူးစိုက်နား ထောင်ရင်း အဖေမျက်နှာမှာ ၀မ်းနည်းကြေကွဲသည့် အရိပ်လက္ခဏာများ ယှက်သန်းလာသည်။
“အဖေ တော်တော် ဒေါသထွက်တယ်သား၊ သားကိုမဟုတ်ဘူး၊ ကိုယ့်ကိုကိုယ်ဒေါသထွက်တာ၊ သားစဉ်း စားကြည့်၊ ဒီအရွယ်လောက်ထိ ရောက်လာတဲ့အချိန် သားမှာ အဖေ့ကိုလိမ်ပြောရမယ် ဆိုတဲ့စိတ်မျိုး ရှိနေတာ အဖေညံ့လို့ပဲ၊ အဖေမွေးထားတဲ့ သားဟာ ကိုယ့်အဖေကိုတောင်မှ အမှန်အတိုင်း မပြောနိုင်တဲ့လူ တစ် ယောက်ဖြစ်နေတာ အဖေ အသုံးမကျလို့ပဲ၊ ဖခင်တစ်ယောက်အနေနဲ့ အဖေ မအောင်မြင်ခဲ့ဘူး၊ အခုအဖေ အိမ်ကို လမ်းလျှောက်ပြီးပြန်မယ်၊ သားကိုပြုစုပျိုးထောင်ခဲ့တဲ့ ဒီနှစ်ကာလတွေအတွင်း အဖေဘာအမှားတွေ ကျူးလွန်မိခဲ့သလဲ အဖြေပေါ်တဲ့အထိ အဖေစဉ်းစားသွားမယ်၊”
“အဖေ ၊ အိမ်အထိက ၁၈ မိုင်တောင်ဝေးတယ် အဖေရယ်၊ ပြီးတော့မှောင်လဲမှောင်နေပြီ၊ ဒီလောက်အဝေး
ကြီးအဖေလျှောက်လို့ ဘယ်ဖြစ်မလဲ၊”
ကျွန်တော်တောင်းပန်တာ ကန့်ကွက်တာ ဖျောင်းဖျပြောဆိုတာတွေအားလုံးပင်အချည်းနှီးသာ ဖြစ်ခဲ့သည်။ အဖေ အကြီးအကျယ် စိတ်မချမ်းမသာဖြစ်အောင် ကျွန်တော်လုပ်ခဲ့မိပြီ။ ယခုတော့ ကျွန်တော့်တစ်သက်တာ
မှာ အထိခိုက်အနာကျင်ရဆုံး သင်ခန်းစာ တစ်ခုကျွန်တော်ခံယူရတော့မည်။
ဖုန်ထူသောထိုလမ်းအတိုင်း အဖေလျှောက်သွားသည့်အခါ ကျွန်တော်ကားပေါ် ပြေးတက်ပြီး အဖေ့နောက်က
လိုက်ရသည်။ သည်မျှဆိုလျှင် အဖေရပ်လေမည်လား၊ အဖေလျှောက်တော့မည်လားမျှော်လင့်ခြင်းကြီး စွာဖြင့်တစ်လမ်းလုံး ကျွန်တော်တောင်းပန်တိုးလျှိုးလာသည်။ အဖေကျွန်တော်ကို တစ်ခွန်းမျှ ပြန်မပြော။ ၀မ်းနည်းကြေကွဲစွာ တွေဝေငေးမောကာသာ လျှောက်၍သွားနေသည်။ ၁၈ မိုင်လုံးလုံး အဖေ လမ်းလျှောက် သည့်နောက်က ပျှမ်းမျှ တစ်နာရီ ၅ မိုင်နှုန်းလောက်ဖြင့် ကျွန်တော်ကားမောင်းလိုက်ပါလာရသည်။
ကျွန်တော်ဘ၀တစ်သက်တာတွင် အဖေ့ကို အဲသည်လို ကိုယ်ပင်ပန်းခြင်း စိတ်ပင်ပန်းခြင်း ကြီးစွာခံ စားနေ ရသည့်အနေအထားဖြင့် မြင်တွေ့နေခံ့ရသည့် ထိုစဉ်က အဖြစ်လောက် ခါးသီးဖွယ် ရင်နင့်ဖွယ် ကောင်း လှသော အတွေ့အကြုံမျိုး မရှိတော့ပါ။
သို့သော် အဲသည်အဖြစ်အဲသည်အတွေ့အကြံသည် ကျွန်တော့်နှလုံးသည်းပွတ်ထဲတွင် ထာဝရ စွဲမြဲ သွားစေမည့်သင်ခန်းစာ တစ်ခုပေးခဲ့သည်။ နောင်တစ်သက်ပတ်လုံး အဖေ့ရှေ့မှောက်၌ မမှန်သောစကားကို တစိုးတစိမျှပင် ကျွန်တော် မဆိုဖြစ်တော့။

(မူရင်း ။ ။ Jason Bocarro ၏ A Long Walk Home)
ဆရာ ဖေမြင့် ၏ နှလုံးသားအဟာရ
ဆရာ ဖေမြင့် ၏ နှလုံးသားအဟာရ
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !