လက်ပွန်းတတီးနဲ့ သိပ်ပြီးရင်းနှီးတဲ့ တပည့်မ တစ်ယောက် တစ်ရက်မှာရောက်လာပြီး ရန်ထောင်ပါတယ် ။ ဘတ်(စ်)ကားသမားတွေ သိပ်ပြီး ရိုင်းစိုင်းတဲ့ အကြောင်း စာတွေရေးကြ ကာတွန်းတွေဆွဲကြ လုပ်နေတာများနဲ့ ပတ်သတ်ပြီး ကိုယ့်ဘက်က ခံရတာတွေချည်းမကြည့်ဘဲ ဘ(စ်)ကားသမားများဘက်က ပြောစရာရှိတာတွေကို လည်း ပြောခိုင်းပြီး နားထောင်ကြည့်ဖို့ လိုတဲ့အကြောင်း “ သူများဖိနပ်ကို စွပ်ပြီးစဉ်းစားပါ ” ဆိုတဲ့ ခေါင်းစဉ်နဲ့ စာရေးခဲ့တာကို မကျေနပ်လို့ပါတဲ့ ။
ဘတ်(စ်)ကားစီးများရဲ့ဒုက္ခ
သူရန်ထောင်တဲ့ စကားတွေထဲမှာ ဘတ်(စ်)ကား မစီးဘူးဘဲနဲ့ ဘတ်(စ်)ကားစီးနေသူတွေရဲ့ ဒုက္ခကို မသိနိုင်ဘူး ဆိုတဲ့ စကားတစ်ခွန်းပါပါတယ် ။ ပြီးတော့မှ နေ့စဉ်နဲ့အမျှကြုံတွေ့နေရတဲ့ ဘတ်(စ်)ကား စီးသူများရဲ့ အစော် ကားခံရမှုမျိုးစုံကို အကျယ်တ၀င့် ရှင်းပြပါတယ် ။ စပယ်ယာတွေက ရိုင်းရိုင်းပျပျ စော်ကားတယ်ဆိုတာတွေ ကတော့ ကြားဖူးပေါင်းများလို့ မဆန်းတော့ပါဘူး ။ဆန်းတာတစ်ခုပဲ ပြောပြပါမယ်။ သတင်းစာဆရာကြီး ဂျာနယ်ကျော် ဦးချစ်မောင်က ခါးပိုက်နှိုက်နေတာကို သိသိကြီးနဲ့ ခါးပိုက်နှိုက်ရှက်သွား မှာစိုးလို့ ဘာမှမပြောပဲ ငြိမ်ငြိမ်ကလေး အနှိုက်ခံလိုက်တဲ့အကြောင်းကို စာရေးဆရာတွေက စာဖွဲ့ကြတယ်။ ဦးချစ်မောင်လိုလူ ရှားတဲ့အကြောင်း အမွှန်းတင်ကြတယ် ။
ဂျာနယ်ကျော်တွေ အများကြီး
ဂျာနယ်ကျော် ဦးချစ်မောင် ခေတ်က သူလိုလူမျိုးရှားပေမယ့် ဒီခေတ်မှာတော့ သူလိုလူမျိုးတွေ ပေါများလှ ပါတယ်။ ဒီအကြောင်းတွေတော့ ဘယ်သူကမှ ရေးဖော်မရကြဘူးလို့လည်း ပြောပါတယ်။ ကားထဲမှာ လူတွေပြွတ်သတ်ညပ်နေတဲ့ကြားက ခါးပိုက်နှိုက်ကကိုယ့်အိပ်ခွဲနေတာကို သိလည်းသိသိနဲ့ ငြိမ်နေလိုက်ရတယ်။ ဘလိတ်ဓားနဲ့ ပါးကို ခြစ်သွားမှာစိုးလို့  မပြောရဲဘူး။ အဲဒါထက် ပိုဆိုးတာရှိသေးတယ်။ ငါးသေတ္တာထဲက ငါးတွေလို တစ်ယောက်နဲ့ တစ်ယောက် ထပ်ညှပ်နေရချိန်မှာ ကိုယ့်ဘေးမှာကပ်နေတဲ့ ကောင်လေးနဲ့ ကောင်းမလေးစုံတွဲက ဘေးလူတွေရှိတယ်တောင် သဘောမထားဘဲ တစ်ယောက်ခါး တစ်ယောက်ဖက်ရင်းက ပါးချင်းအပ်နေကြတာတွေကို အောင့်အည်းသည်းခံနေရတာပါပဲတဲ့။
နသယ်ကို တူနဲ့နှက်သလို
အဲဒီလို အချိန်မှာ မျက်စိရှက်လို့  ရှောင်ထွက်ချင်လို့ လည်း ထွက်လို့ မရတဲ့ မိန်းမတစ်ယောက်ရဲ့  ဒုက္ခကို ဆရာ စဉ်းစားတောင်ကြည့်ဖူးမှာ မဟုတ်ပါဘူးလို့ သူက စကားကိုနိဂုံးချုပ်လိုက်ပါတယ်။ သူပြောတာတွေကတော့ အများကြီးပါပဲ။ ဒါပေမယ့် ဘတ်(စ်) ကားမစီးဖူးဘဲနဲ့  ဘတ်(စ်) ကားစီးသူတွေရဲ့  ဒုက္ခကို မသိနိုင်ပါဘူးဆိုတဲ့ စကားတစ်ခွန်းက ခေါင်းထဲမှာ ပဲ့တင်ထပ်ပြီး စွဲကျန်ရစ်တယ်။ တကယ့်အမှန်တရားကို သူက တည့်တည့်ကြီး ပြောထည့်လိုက်တာကိုး။ သူ့ စကားကနားသယ်ကို တူနဲ့ နှက်သလို ဒိုင်းခနဲ့  ဒိုင်းခနဲ့  ဆောင့်ဝင်သွားတယ်။ အခံရခက်ပေမယ့် ဘာမှပြန်မချေပနိုင်ဘူး။ အမှန်တရားဆိုတာ ခါးသီးလှပါတယ်။
ကိုယ့်မခံရတော့ ခွှင့်လွှတ်နိုင်တယ်
ဒုက္ခိတဘ၀နဲ့  အိမ်ထဲက အိမ်ပြင်မထွက်နိုင်တဲ့ အချိန်ကတည်းက ဘတ်(စ်)ကားမသီးခဲ့ဖူးတာ ဆိုတော့ကာ ဘာလိုလိုနဲ့  နှစ်ပေါင်းသုံးဆယ်တိတိရှိခဲ့ပြီ။ ဘယ်ကမှာလဲ၊ ထောင်ထဲ ကျွန်ထဲနေခဲ့တဲ့ ကာလတွေနဲ့ ပါဆိုရင် လေးဆယ့်သုံးနှစ်တောင် ရှိပြီးပေါ့။ အဲဒီမတိုင်ခင်ကတည်းက အိမ်နဲ့ အလုပ်က တစ်နေရာတည်းဖြစ်နေတော့ ဘတ်(စ်) ကားစီးဖို့ မလိုပါဘူး။ ဒါ့ကြောင့် ဘတ်(စ်)ကားအကြောင်း ဘာမှမသိဘူးဆိုတဲ့ တပည့်မရဲ့ စကားက မှန်ပါတယ်။ ဒုက္ခမခံဖူးသူကတော့ လွယ်လွယ်ကူကူ ခွင့်လွှတ်နိုင်မှာပေါ့။ ကိုယ်ခံရတာမှ မဟုတ်ဘဲကိုး။ ခံရသူကတော့ ဘယ်မေ့နိုင်မှာလဲ။
နာဇီမုဆိုးများ
ဒုတိယ ကမ္ဘာစစ်ကြီး ပြီးသွားတော့ နာဇီအသေခံစခန်းတွေကနေ အသက်ရှင်လျက်ပြန်လွတ်လာသူတွေ
ရှိတယ်။ အဲဒီထဲက အချို့ က အဖမ်းမခံရဘဲ လွတ်မြောက်သွားတဲ့ နာဇီစစ်တရားခံတွေကို မရမက လိုက်လံရှာဖွေပြီး စစ်ခုံရုံးတင်နိုင်အောင် ကြိုးပမ်းခဲ့ကြတယ်။ သူတို့ ရဲ့ ကျေးဇူးကြောင့် ' အိုက်ခမ်း' လို ထိပ်သီး
လူသတ်သမား စစ်ရာဇ၀တ်ကောင်တွေကို ဖမ်းဆီးအပြစ်ပေးနိုင်ခဲ့ကြတယ်။ စစ်ကြီးပြီးတော့ နှစ်ပေါင်း ၆၀ ကျော်တဲ့အထိ နာဇီမုဆိုးတွေဟာ သွေးအေးမသွားခဲ့ဘူး။ နာဇီ အိုကြီးတွေကို လိုက်လံရှာဖွေဖော်ထုတ်နေကြဆဲ ဖြစ်တယ်။ မိသားစုတစ်ခုလုံး ဘိုးဘွားမိဘတွေက အစ သားငယ်၊ သမီးငယ်တွေပါ မကျန်ရစ်အောင် အသတ်ခံခဲ့ကြရသူတွေဟာ ဘယ်လိုလုပ်ပြီး သွေးအေးသွားနိုင်မှာလဲ။
မခံရသူ သဘောထားကြီးနိုင်
ဒီလူတွေကိုသွားပြီး နာဇီတွေကို မမုန်းပါနဲ့ ၊ ရန်သူလိုသဘောမထားပါနဲ့ လို့ ပြောရင် ရက်သက်ရာ မကျဘူးလား။ သူ့ သွေးသားရင်းချာတွေ တစ်ယောက်ပြီးတစ်ယောက် ဇွတ်အတင်းဆွဲခေါ်သွားတာကို မျက်ဝါးထင်ထင် မြင်တွေ့ ခဲ့ရပြီး သူကိုယ်တိုင်တောင်မှ သေလုသေခင် အဖြစ်က သီသီကလေးလွတ်ခဲ့ရတာ။ သူလိုမခံစားခဲ့ရသူအဖို့ ကတော့ သဘောထားကြီး ခွှင့်လွှတ်ရတာ လွယ်မှာဖြစ်ပေမယ့် ခံရသူအဖို့ တော့ လွယ်မှာမဟုတ်ဘူး။ အဲဒီတော့ သူအမုန်းကြီးပြီး အငြိုးမပြေနိုင်တာကို အပြစ်မတင်သင့်ပေဘူး။
အသိကို ဘာကပြဌာန်းသလဲ
ကျောင်းသူဟောင်း ပြန်သွားပေမယ့် ဒီအကြောင်း အတွေးမပြတ်ဘဲ ကျန်ရစ်တယ်။ လူ့ အသိဥာဏ်တို့  ခံစားမှုတို့ ၊ ယုံကြည်မှုတို့ ဆိုတာတွေကို ဘယ်အရာက ပြဌာန်းသလဲ ဆိုတဲ့ အကြောင်းကိုစဉ်းစားနေမိတယ်။
မွေးရာပါဗီဇတို့ ၊ ပါရမီတို့ ကပြဌာန်း လိုက်တာလား၊ မိုးပေါ်ကကျလာတာလား။ ဘတ်(စ်)ကားမစီးဖူးဘဲ ဘတ်(စ်)ကားစီးသူတွေရဲ့  ဒုက္ခကို မသိနိုင်ဘူးဆိုတဲ့ တပည့်မရဲ့ စကားဟာ မှန်သော စကားပဲ။ ဒီဒုက္ခကို မခံဖူးတဲ့သူက သဘောထားကြီးနိုင်၊ အလွယ်တကူ ခွင့်လွှတ်နိုင်မှာ ဖြစ်ပေမယ့်၊ နေ့ စဉ်နှင့်အမျှ တစ်နေ့ ကို နှစ်ကြိမ်နဲ့  နှစ်ပေါင်းများစွာ ဒီဒုက္ခတွေကို ခံလာခဲ့ရသူ အဖို့ တော့ အလွယ်တကူ ခွင့်လွှတ်နိုင်ဖို့ ဆိုတာ မလွယ်လှပါဘူး။ ဒါကို အမြင်ကျဉ်းတယ်၊ တစ်ဖက်သတ်ကြည့်တယ်၊ မေတ္တာစိတ်ခေါင်းပါးတယ်လို့ အပြစ်ပြောရင် ပြောတဲ့သူလွန်တာပဲဖြစ်လိမ့်မယ်။
မြို့ သားကမြွေကိုချစ်ပေမယ့်
တကယ်တော့ လူ့ အသိဥာဏ်တို့ ၊ ခံစားမှုတို့ ၊ ယုံကြည်မှုတို့ ဆိုတဲ့ အရာအားလုံးကို အဲဒီလို ကျင်လည်နေတဲ့ဘ၀နဲ့  ပတ်ဝန်းကျင်က ပြဌာန်းပေးလိုက်တာပဲ။ ဘယ်တန်းခိုးရှင်ကမှ ဖန်ဆင်းပေးလိုက်တာ မဟုတ်ကြပါဘူး။ နီယွန် မီးရောင်အောင်က ကွန်ကရစ်လမ်းမကြီးတွေပေါ်မှာ လမ်းလျှောက်နေတဲ့ မြို့ ကြီးသားက မြွေကို မကြောက်ဘူး။ ရန်သူလို သဘောမထားဘူး၊ အလှမွေး မြွေလေးတွေကိုတောင် ၀ယ်ပြီး အိမ်မှာ မွေးချင်မွေး ထားဦးမယ်။ ဒါပေမယ့် တောက လယ်ကွင်းတွေထဲ အချိန်မတော် အချိန်တော် အလုပ်လုပ်နေရတဲ့ လယ်သမားတွေကတော့ မြွေဟာ ကြောက်စရာ အကောင်းဆုံးရန်သူပဲ။ တွေ့ တာနဲ့ ရိုက်သတ်မှာပဲ။ သူက ဦးအောင်ရိုက်မထားရင် မြွေကသူ့ ကို တစ်ချိန်ချိန်မှာ အသေကိုက်မှာ မဟုတ်လား။
တောသားက မြွေ ကြောက်တယ်။
မြို့ သားမြွေချစ်တာ အပြစ်မပြောပါဘူး။ သူက မြွေကိုက်မခံရဘူးသလို သူ့ ဆွေမျိုးထဲမှာလည်း မြွေကိုက်လို့ သေတာတစ်ယောက်မှ မရှိတာပဲ။ တောက လယ်သမား မြွေကို ရွံကြောက်ကြိးဖြစ်ပြီး အကြီးဆုံးရန်သူလို့  သဘောထားတာ၊ တွေ့ တာနဲ့ ဦးအောင် သတ်တာကိုလည်း မြို့ သားက အပြစ်မတင်ဘဲ နေတတ်ဖို့ လိုပါတယ်။ အသိနဲ့ ခံစားမှုဆိုတာ လက်တွေ့ ဘ၀က ပြဌာန်းပေးလိုက်တာပါ။ ဂေဟစံနစ် ထိန်းသိမ်းရေးသမားတွေက မြွေတွေဟာ ကြွက်တွေ နှိမ်နင်းပေးနေတာဖြစ်လို့  လယ်သမားရဲ့ မိတ်ဆွေပါလို့ ပြောနေပေမယ့် လက်တွေ့ အားဖြင့်တော့ လယ်သမားက သူ့ ဘ၀ပေး အသိနဲ့ မြွေကိုရန်သူအဖြစ်ပဲ သဘောထားနေမှာ ဖြစ်ပါတယ်။
အိမ်ပြန်ရောက်တိုင်းမှန်ပြေးကြည့်ရ
ဘတ်(စ်)ကား ဒုက္ခ မခံရဖူးတဲ့ဆရာ အဖြစ်က ဘတ်(စ်)ကား ဆရာတွေကို နားလည်ပေးဖို့ ၊ စာနာစိတ်နဲ့ သည်းခံဖို့  စာတွေရေးပြီး လူကြီးလူကောင်း ပီသပြနေပေမယ့်၊ နေ့စဉ်နဲ့ အမျှ ကိုယ့်ကိုယ်ကို လူမှဟုတ်သေးရဲ့ လားလို့  အိမ်ပြန်ရောက်တိုင်း မှန်ပြေးကြည့်ရတဲ့ အထိ အစော်ကားခံနေရတဲ့ တပည့်မကတော့ လူကြီးလူကောင်းမဆန်နိုင်ဘူး ဆရာရေလို့  ဘွင်းဘွင်းရှင်းရှင်းပဲ ပြောလိုက်တယ်။ အဲဒါသူ့ ကို အပြစ်တင်လို့ ရမလား။ မြွေကို ကြောက်စရာ အကောင်းဆုံးရန်သူအဖြစ် သဘောထားတဲ့ တောက လယ်သမား ကိုရော အပြစ်တင်လို့ ရမလား။ အသိကို ဘ၀က ဖန်တီးပေးထားတာပဲလေ။
ဆရာလူထု စိန်ဝင်း ၏ ပြည်သူ့ခေတ် ဂျာနယ်ပါ ဆောင်းပါး
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !