တစ်နွေလုံး သေတ္တာထဲ ဘီဒိုထဲ ထည့်သိမ်းရသည့်အခါ ကြီးလိုက်တဲ့ စောင်ကြီးတွေ၊ ဆောင်းတွင်းရောက်၍ တ ကယ်ခြုံပြီဆိုလျှင်၊ ဘယ်တော့မှလုံသည်မရှိ၊ ချမ်းချမ်းစီးစီး ညအိပ်ရာထဲမှာ လက်နှစ်ဖက်နှင့်ဆွဲ ခြေနှစ်ဖက်နှင့်စုံ ကန်ပြီး ဆန့်ကြည့် ခြုံကြည့်လျှင် စောင်က ကန့်လန့်ဖြစ်နေသလိုလို၊ တစ်ပတ်နှစ်ပတ် ဟိုလည်သည်လည်နှင့် နောက်တော့မှ ငါ့စောင်က အတော်သေးပေတာကိုးလို့ ရိပ်မိရသော သဘောရှိသည်။
အမှန်စင်စစ် အဲဒါစောင်တိုင်းလိုလို၏ သဘောဖြစ်သည်။
သို့သော် စောင်တွေချည်းပဲ အပြန့်မကျယ်ဘူး ထင်ပါသလား။
ဥတုသုံးပါးလုံး ကျွန်တော်တို့ အတွက် အားကိုးပြုကြ သုံးစွဲကြသည့် ကျွန်တော်တို့ အရည်အချင်း အစွမ်းအစတွေ သည်လည်း ကျွန်တော်တို့ စောင်များနည်းတူ၊ ရှိသမျှ သူ့အတိုင်းအတာ အောက်မှာ ပုဆစ်ဒူးတုပ်ကာ ကျိုးကျိုးနွံ နွံလေး ကွေးနေလျှင်သာ တစ်ကိုယ်လုံးလုံမည်။ လွတ်လွတ်လပ်လပ်ခြေလက် ဆန့်မည် ဆိုလျှင်ကား၊ ခေါင်းလုံ လျှင်ခြေထွက်၊ ခြေလုံလျှင် နားရွက်ဖျားအေး၊ ရှေ့ဘက်သိပ်စွဲလျှင် နောက် ပိုင်းပေါ်သွား... တတ်သော သဘောရှိနေသည်။
လူဆိုသည်က တစ်ခုကောင်း နှစ်ခုကောင်းသာ တတ်နိုင်ကြသောကြောင့် ဖြစ်သည်။
ကဏ္ဍ နယ်ပယ် တစ်ခုနှစ်ခုမှာ နှံစပ်ကျွမ်းကျင်နိုင်သည်။ လုပ်ငန်းတစ်မျိုးနှစ်မျိုးမှာ စွမ်းဆောင်အောင်မြင်နိုင် သည်။
ကျန်သည့်လုပ်ငန်း၊ ကျန်သည့် ကဏ္ဍများနှင့် ပတ်သတ်လာလျှင်မူ တစ်စွန်းတစ်စတော့ သိကောင်းသိမည်၊ သို့သော်အဲသည်နယ်ပယ်များထဲမှာ မြှုပ်နှံ ကျင်လည်နေကြသူများနှင့် ယှဉ်ပြိုင်နိုင်လောက်အောင်တော့ ကား မကျွမ်းကျင် မတတ်သိနိုင်။
ဘယ်သူ၏ စောင်မှ နယ်ပယ်စုံခြုံလောက်အောင် အပြန့်မကျယ်။
သို့သော် ဒါကို ကျွန်တော်တို့ မေ့လျှော့တတ်ကြသည်။
ဘီဒိုထဲမှာရှိသည့် ကျွန်တော်တို့၏ စောင်သည် ဧရာမဟု ကျွန်တော်တို့ ထင်မှတ်မှားတတ်ကြသည်။ ကျွန် တော်တို့ အစွမ်းအစတွေနှင့် ပတ်သတ်လျှင်လည်း ထိုနည်း၎င်း ။
အထူးသဖြင့်၊
ကိုယ် လေ့ကျင့်ထားသည့် နယ်ပယ် တစ်ခုမှာ၊ အခွင့်အခါလည်း ပေးသည့်အခိုက်၊ အောင်ပွဲတွေဆက်တိုက်ရ ကာ အထွတ်အထိပ်ရောက်လာသည့်အခါ၊ မိမိကိုယ်ကိုယ်လေးစား ကြည်ညိုစိတ်တွေ ခေါင်းထဲပြည့်လျှံကာ၊ သည်တစ်ခုသာမဟုတ် ငါလုပ်လျှင် ဘာမဆိုဖြစ်နိုင်သည် ဟူသော အတွေးမျိုးဝင်လာတတ်ကြသည်။
အဲဒါဆိုလျှင်၊
စောစောက ကိုယ့်အားကိုယ်ကိုယ်းကြိုးစားရောက် ရှိခဲ့သည့်နေရာသည် အောင်မြင်မှု တောင်ထိပ်မဟုတ်ဘဲ၊ အန္တရာယ်များသည့် ချေက်ကမ်းပါထိပ် ဖြစ်လာတော့သည်။
အဲသည်အချိန် တစ်စုံတစ်ယောက်ကသာ မသိမသာလေး (သို့မဟုတ်) သိသိသာသာလေး တွန်းပေးလိုက် မည်ဆိုလျှင်............။
တစ်ခါတုန်းက ....... တဲ့ ။
ရုရှားပုံပြင်ဆရာ ခရီလော့ဗ်က ပြောပြသည်။
တောသုံးတောင်ကို အစိုးရသည့် ကျား အစာရှာထွက်လာရင်း ရှားရှားပါးပါး “ရှမွား” တစ်ကောင် သွားတွေ့ သည်။
ရှမွား (chamois) (ရှမွိုင်း ဟုလည်း အသံထွက်ကြသည်၊) ဆိုသည်က တောင်ဆိတ်လိုလို ဒရယ်လိုလို သတ္တ၀ါ တစ်မျိုး။
ရုပ်ဆင်းအင်္ဂါမှာ သမင်ဒရယ်ဘက်ပိုနီးစပ်သဖြင့် တောင်ဆိထက် ပြေပျစ်ချောမွေ့သည်။ သွက်လက်လျှင်မြန် မှုနှင့် ခြေလက်မြဲမြံမှုမှာ ဒရယ်နှင့် တောင်ဆိတ်ပေါင်းစပ်ထားသလိုရှိသဖြင့် တော်ရုံတန်ရုံကိုလွတ်အောင် ရှောင်နိုင်သည်။ သူ့မှာ သူတစ်ပါးမက်စရာက အရေနှင့် အသား။
အသားက အလွန်အရသာရှိသည်။ သို့သော် အသားထက် လူတွေပိုမက်သည်က သားရေဖြစ်သည်။ ရှမွား သားရေက အလွန်နူးညံ့သည်။ ရှမွားသားရေထည်ပစ္စည်းကို လူတွေ ဈေးကြီးပေးပြီး ၀ယ်ယူကြသည်။
ကျားအဖို့တော့ အရေရော အသားပါ စားစရာပေါ့။ ရှမွားဆိုတာ ဘယ်လောက်ဖျတ်လတ်လျှင်မြန်သည်ဆိုဆို တောမုဆိုး ကျားကိုတော့ လွတ်နိုင်မည်လား။ သူတစ်လွှားခုန်လျှင်ပင် ရှမွား ခြေဆယ်လှမ်း ခုန်သလောက် ရောက်နိုင်သည်။
တောင်ကြားတစ်ခုအတိုင်း ထွက်ပြေးသွားသည့် ရှမွားကို အငမ်းမရ သူလိုက်သည်။ ရှမွားကလည်း လှစ်ခနဲ လှစ်ခနဲ။ ခြုံတွေကြား ကျောက်တုံးကျောက်ခဲတွေကြား ကွေ့လိုက် ပတ်လိုက်၊ ခုန်ကျော်သွားလိုက်။
တစ်နေရာ အရောက်မှာ မြေပြင်က ရုတ်တရက် အောက်သို့ ပြတ်ကျသွားသည်။ ရှေ့မှာ အလွန်နက်ရှိုင်းသည့် ချောက်ကမ်းပါးကြီးတစ်ခု။
ရှမွားက နည်းနည်းလေးမျှပင် မတုန့်ဆိုင်း။ လေးညှို့မှ လွှတ်လိုက်သည့် မြားတစ်စင်းလို သည်ဘက်ချောက် ကမ်းထိပ်မှ အရှိန်နှင့် ခုန်ထွက်သွားပြီးတစ်ဖက်ကမ်းထိပ်မှာ လှလှပပ လေးကျသည်။
ပြီး အခုမှပဲ အသက်ဘေးက စိတ်အေးရတော့တယ်ဟူသော အမူအရာဖြင့် ကျန်ခဲ့သည့် တစ်ဖက်ကမ်းသို့ လှမ်းကြည့်သည်။
သည်ဘက်ထိပ်မှာ ကျား။
ချောက်ကမ်းပါး အစပ်မှာ ကျားအတင်း ဘရိတ်အုပ်၍ ရပ်သည်။ ဟိုဘက်က လှမ်းကြည့်နေသည့် ရှမွား၏ အမူအရာက မခံချင်စရာ။
အဲသည်အခိုက်မှာ သူ့မိတ်ဆွေလိုလို သတ္တ၀ါ တစ်ကောင်နောက်ဘက်နား ခြုံစပ်က ထွက်လာသည်။
မြေခွေး။
“ ဟာ၊ ဘယ်လိုလဲဗျ၊ မလိုက်တော့ဘူးလား၊ ဒါလောက်ခွန်အား ဗလကြီးမားပြီး ကိုယ်ကာယနဲ့ မလိုက်အောင် လျင်မြန်ဖျတ်လတ်တဲ့ ခင်ဗျား၊ ရှမွားလို အကောင်သေးသေးမွှားမွှားကို အလျှော့ပေးတော့မှာလား။ ဒီမှာဒါမျိုး ကစိတ်ဓာတ် အဓိကပါဗျ။ ချောက်က နက်တာမှန်ပါတယ်၊ ဒါပေမယ့် တကယ်တန်း ရဲရဲဝံ့ဝံ့ ယုံယုံကြည်ကြည် လုပ်ကြည့် ရင်ချင်ဗျားလို လူမျိုး အဖို့တော့ အသာလေးပါ ၊ အန္တရာယ်ရှိရင် ကျုပ်က ဘယ်ပြောမလဲ၊ ခင်ဗျား လုပ်ရင် အလွယ်လေးမှန်း သိလို့ အကြံပေးတာ။ ကျားပဲဗျ ရဲရဲလုပ်စမ်းပါ”
မြေခွေးစကားကြားတော့ ကျားခေါင်းထဲမှာ ဆူဝေလာသည်။
ဘာဘာညာညာ မစဉ်းစား၊ နောက်တစ်လမ်း နှစ်လမ်း ဆုတ်ကာ အရှိန်ယူပြီး တအားလှမ်းခုန်သည်။ အထက် သို့ မြောက်သွားသည်။ ဝေးဝေးကား မရောက်။ တစ်ဖက်ကမ်းပါးစွန်းကို မေးစေ့နှင့်ပင် မချိတ်မိ။ အောက်သို့ ဂျွမ်းထိုးမှောက်ခုံကျကာ ပွဲချင်းပြီးသေလေသည်။
ရှမွား လိမ့်ကျသွားသော ကျားကို ငုံ့ကြည့်ပြီး သူ့ခရီးသူ ဆက်ထွက်သွားသည်။
မြေခွေးသာ ၊
ချေက်ကမ်းပါးတစ်လျှေက် ဟိုနားသည်နား လျှောက်ကြည့်ကာ ချေက်အောက်ထဲ ဆင်းနိုင်မည့် လမ်းကို ရှာ သည်။ ထို့နောက် မက်စောက်သော နံရံတစ်လျှောက် ကုတ်ကုတ် ကတ်ကတ်ဆင်းကာ ကျားဆီသို့သွား သည်။
ပြီးလျှင် အရင်ကလို အရိုအသေပြုစရာမလို၊ မြှောက်ပင့်ပြောဆိုစရာမလိုတော့သည့် ကျားသေကောင်နား တစ်လကိုးသီတင်းနေကာ နံကြိုနံကြားက အသားကပ် အသားညှပ်ပါမကျန် ပြောင်သလင်းခါအောင် စား သောက်နေလေသည် . . . . . . တဲ့ ။

ဖေမြင့် (စာဖတ်သမား၏ မှတ်စုများ)
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !