လူတွေမှာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးသည့်စိတ်၊ ကြွားဝါတတ်သည့်စိတ်၊ ကိုယ့်လူဘက်က မသိမ သာဖြစ် စေ သိသိသာ သာဖြစ်စေ လိုက်ချင်တတ်သည့် စိတ်တွေ ရှိတတ်ကြကြောင်း အားလုံးအသိဖြစ်သည်။
တဖန်
လူမှာ မိမိကိုယ်ကို တော်တည့်မှန်ကန်သူ၊ သမာသမတ်ရှိသူ၊ အဂတိလိုက်စားခြင်း ကင်းသူအဖြစ် အသိအ မှတ် ပြုခံယူလိုစိတ်လည်း ရှိတတ်ကြသေးသည်ဟု ကျွန်တော်တို့ သိကြသည်။
သို့သော် ----
တကယ်လက်တွေ့မှာ လူတွေဘယ်လောက် တော်တည့်မှန်ကန်ကြသလဲ။
လူတွေလုပ်ထားသည့် သမာသမတ်အကျဆုံးဆိုသော အလုပ်တွေသည် တကယ်တမ်း ဘယ်လောက် အဂတိ ကင်းစင်ကြသလဲ။
Louis C.D. Joos ဆိုသည့် ပြင်သစ်လူမျိုး စာရေးသူတစ်ဦးကတော့ အဲသည်ကိစ္စကို တကယ်ထသုသေသန လုပ်ကာ သူတွေ့ရှိသည့် အဖြေတစ်ခုကို တင်ပြခဲ့သည်။
သူက ကမ္ဘာ့နိုင်ငံကြီး အချို့မှ ဂုဏ်ယူစွာ ပြုစုထုတ်ဝေသည့် အမျိုးသားစွယ်စုံကျမ်းကြီး ခုနှစ်ကျမ်းကိုချကာ နှိုင်းယှဉ်လေ့လာခြင်းဖြစ်သည်။
စွယ်စုံကျမ်းဆိုသည်က ရသ မြောက်ဖို့ ဖတ်ကောင်းဖို့ကို အဓိကမထား၊ အကြောင်းအရာ ကြွယ်ဝပြည့်စုံဖို့ အချက်အလက် တိကျမှန်ကန်ဖို့သာ အလေးထားသော ပင်မရည်ညွှန်းကျမ်းကြီးများဖြစ်သည်။
Louis Joos ကြည့်သည့် ကျမ်း ခုနှစ်စောင်က .........................
(၁) ဗြိတိန်မှ Encyclopaedia Britannica
(၂) ဂျာမဏီမှ Lexikon der Deutschen Buchgemeinschatt
(၃) ပြင်သစ်ပြည်မှ Larousse Universel
(၄) အီတလီမှ Nuova Enciclopedia Sonzogno
(၅) နယ်သာလန်မှ Winkler Prins
(၆) အမေရိကန်ပြည်မှ The World Almanac
(၇) ရုရှားမှ Malaya Sovietskaya Entziklopedya
တို့ ဖြစ်သည်။
အားလုံးပင် အသိပညာရှာမှီးသူတို့အတွက် အလွန်တရာကျေးဇူးကြီးလှသည့် တကယ့်ကျမ်းကြီးကျမ်းခိုင်များ ဖြစ်ပါသည်။
သို့သော် လုံးဝ စိတ်ဒုံးဒုံးချ အားကိုးယုံကြည်ရန် ဖြစ်နိုင်ပါမည်လား။
ပထမဆုံးတစ်ချက် သူထုတ်ပြသည်။ “ရေဒီယို” အကြောင်း။ ရေဒီယိုအကြောင်းကို ရုရှားစွယ်စုံကျမ်းတွင် အရင်ဆုံး ဖတ်ကြည့်တော့ ရေဒီယိုကို ရုရှားပြည်က စတင်တည်ထွင်ကြောင်းရေးထားတာ တွေ့ရသည်တဲ့။ တီထွင်သူက ရုရှားလူမျိုး ပိုပေါ့(A.S Popov) ။
ဒါဖြင့်ရေဒီယိုကိစ္စနှင့် ပတ်သတ်ပြီး ကမ္ဘာမှာ လူသိများတဲ့ အီတလီလူမျိုး မာကိုနီ(Marconi) အကြောင်းကော သူတို့ မပြောဘူးလား လိုက်ကြည့်တော့ ပြောသည် ။ မာကိုနီကို ရေဒီယိုပညာရှင်နှင့် လုပ်ငန်းရှင် (radio technician & businessman) လို့ရေးထားသည်တဲ့ ။ တီထွင်သူ မဟုတ်။ ရေဒီယိုပြင်ဆရာလိုလို၊ ရေဒီယိုများလုပ် ကိုင်ရောင်းချစားသူလိုလို။
သို့နှင့် မာကိုနီတို့ အီတလီ စွယ်စုံကျမ်းမှာ လိုက်ကြည့်တော့ ရေဒီယိုတီထွင်သူအဖြစ် မာကိုနီကိုသာ ဖော်ပြ ထားသည်။ ပိုပေါ့ အကြောင်းလုံးဝ မပါ။
ဘာပဲဖြစ်ဖြစ် ဒီကိစ္စမှာ ရုရှားကတစ်မျိုး အီတလီက တစ်ဖုံ ဖြစ်နေပြီ၊ အဆုံးအဖြတ်ခံယူဖို့ အခြားတိုင်းပြည် တစ်ပြည်က စွယ်စုံကျမ်းကို ကြည့်မှ ဖြစ်မည်ဆိုပြီး ဂျာမဏီ စွယ်စုံကျမ်းကို ကြည့်တော့ မာကိုနီအကြောင်း လည်း ပါတော့ပါသည်။ သို့သော် ရုရှားစွယ်စုံကျမ်းမှာ ပါသလို ရေဒီယိုပညာရှင်ပဲ။ ရေဒီယိုတီထွင်သူကတော့ ဂျာမာန်လူမျိုး ဘရောင်း (Karl F. Braun) တဲ့။
ကိုင်း ... . . ဒါဖြင့် တခြားစွယ်စုံကျမ်းတွေမှာကော ဘယ်လိုတွေရှိလိမ့်မလဲ လိုက်ကြည့်တော့ သူတို့တစ်တွေ လည်း အခြားတိုင်းတစ်ပါးပြည်များမှ ပညာရှင်တွေအကြောင်း အနည်းနှင့်အများစီ ထည့်သွင်းရေးသားကြပါ သည်။ သို့သော် ရေဒီယိုတီထွင်မှုတွင် အဓိကအကျဆုံးပုဂ္ဂိုလ်အဖြစ် ဖော်ပြခြင်းခံရသူများကတော့ ပြင်သစ် စွယ်စုံကျမ်းတွင် ပြင်သစ်လူမျိုး ဘရင်လီ (Branly)၊ ဗြိတိသျှစွယ်စုံကျမ်းတွင် ဗြိတိသျှနိုင်ငံသား ဆာအော်လစ် ဗာလော့ခ်ျ (Sir Oliver Lodge) ၊ဒတ်(ခ်ျ) စွယ်စုံကျမ်းတွင် ဒတ်(ခ်ျ)လူမျိုး ဖလင်းမင်း (Fleming) စသူတို့ ဖြစ်နေ သည်။
ရေဒီယိုကိစ္စမှာတော့ ကိုယ့်လူကိုယ် ရှေ့တန်းတင်ပြီး တစ်ယောက်တစ်မျိုး ပြောနေကြပြီ၊ တစ်ခြားအကြောင်း အရာများမှာကော ဟူ၍ လေယဉ်ပျံအကြောင်းလိုက်ကြည့်သည့် အခါ လေယဉ်ပျံတီထွင်သူများအဖြစ် စွယ်စုံ ကျမ်း အသီးသီးမှာ အသားပေးဖော်ပြထားသူများက ၊
- ရုရှားစွယ်စုံကျမ်းတွင် ရုရှားလူမျိုး မိုဇိုင်းစကီး (A.F. Mozhaiskii)
- ပြင်သစ်စွယ်စုံကျမ်းတွင် ပြင်သစ်လူမျိုး အေဒါ (Clement Ader)
- ဂျာမန်စွယ်စုံကျမ်းတွင် ဂျာမဏီလူမျိုး အော်တိုလီလီ ယင်သယ် (Otto Lilienthal)
- ဗြိတိသျှ စွယ်စုံကျမ်းတွင် ဗြိတိန်နိုင်ငံသား ဆာဂျော့ခ်ျကေလေး (Sir George Caylay)
- အမေရိကန်စွယ်စုံကျမ်းတွင် အမေရိကန်နိုင်ငံသား ရိုက်ညီနောင် (Orville & Wilbur Wright)
စသည်ဖြင့် ဖြစ်နေသည် ။
လေယဉ်ပျံကိစ္စနှင့် တစ်ဆက်တည်းဖြစ်နေသည့် ဟယ်လီကော့ပတာကိစ္စ ဆက်စူးစမ်းကြည့်ပြန်တော့ ၊
- အီတလီစွယ်စုံကျမ်းမှာ အီတလီလူမျိုး ဖော်လင်နီနီ (Folanini)
- ဂျာမဏီစွယ်စုံကျမ်းမှာ ဂျာမန်လူမျိုး ဖော့က် (Focker)
- ရုရှားစွယ်စုံကျမ်းမှာ ရုရှားလူမျိုး ဆီကော့စကီး (Sikorsky) တဲ့ ။
ဟာ.... ရုရှားရော အမေရိကန်ပါ ဆီကော့စကီး တွေချည်း ဖြစ်နေပါလားဆိုပြီး ကွဲပြားအောင် ကြည့်လိုက် တော့ အဲသည် ဆီကော့စကီးတစ်ယောက်တည်းပဲ၊ မူလက ရုရှားမှာမွေးပြီး နောက်တော့ အမေရိက ရောက် သွားသည်တဲ့။
စွယ်စုံကျမ်းကြီးတွေကို အားမကိုးနှင့်၊ မယုံကြည်နှင့် ဟုမဆိုလိုပါ။ သူတို့မှာလည်း အတိုင်းအတာတစ်ခုအထိ တော့ တိမ်းစောင်းတတ်သော ၊ နီးစပ်ရာပါတတ်သော သဘောရှိတာ သတိပြုဖို့ တင်ပြခြင်းဖြစ်သည်။
စွယ်စုံကျမ်းပင် တိမ်းစောင်းတတ်သေးသည် ဆိုလျှင်.........

ဖေမြင့် (စာဖတ်သမား၏ မှတ်စုများ)
ဒါလေးကို ဖတ်လိုက်ရတော့ ဘုရားဟောထားတဲ့ ငါဘုရား၏စကားကို ပင် မတိုင်းအဆမရှိ
မယုံကြည်နဲ့ ။ ကိုယ်တိုင် သေသေချာချာ စမ်းသပ်လေ့လာပြီးမှ
ယုံကြည်ကြပါဆိုတာလေးက ကျွန်တော်တို့အတွက် ဒီသာဓကတွေ
မပေါ်မှီကတည်းက ဘုရားပြောခဲ့ပြီးသားပဲဆိုတာလေးကို အမှတ်ရမိပါတယ်။
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !