Home » » ရှင်ဘုရင် နှင့် ပင့်ကူ

ရှင်ဘုရင် နှင့် ပင့်ကူ


ကျောင်းသားလေး။
ဂဏန်း တစ်ပုဒ်တွက်ပြီးဆရာကို ပြသည်။ အဖြေမှားနေတာကြည့်ပြီး ဆရာကပြောသည်။ နောက် တစ်ကြိမ်ပြန် တွက်ဦး။
ခက်သော ပုစ္ဆာအခါခါတွက်ရင်း သင်္ချာတော်သောကောင်လေး သူဖြစ်လာမည်။
သိပ္ပံပညာရှင်။
စက်ယန္တရား သစ်တစ်ခု သူတည်ဆောက်နေသည်။ စမ်းသပ်ကြည့်တာ အကြိမ်တစ်ရာမက ရှိပြီ။ မအောင်မြင် သေး။ သို့သော်သူလက်မလျှော့။ စမ်းမကြည့်ရသေးသည့် နည်းလမ်းများစွာသူ့ခေါင်းထဲမှာ ရှိနေသည်။ သူက သူ့လက်ထောက်ကိုပြောသည်။ ထို့နောက်တစ်မျိုးကြိုးစားကြည့်မယ်တဲ့။ နည်းမျိုးစုံအောင်ကြိုးစားရင်း တီထွင် သူကြီးဖြစ်လာမည်။
မှန်သည်။
လောက၌ တန်ဖိုးရှိသော အရာမှန်သမျှ အလွယ်တကူမရ။ တစ်ကြိမ်နှင့် မအောင်မြင်၊ အကြိမ်ကြိမ် ကြိုးစား မှအောင်မြင်သည်။
ထို့ကြောင့် တစ်စုံတစ်ယောက်သောသူက လုပ်သင့်လုပ်ထိုက်သော အလုပ်တစ်ခုကို ကြိုးစားလုပ်ကိုင်ပြီး မ အောင်မြင်၍ စိတ်ဓာတ်ကျနေသည့် အခါမျိုးတွင် နီးစပ်ခင်မင်သူ၊ စေတနာထားသူ၊ အမြှော်အမြင်ရှိသူတို့က တစ်ကြိမ်ထပ်ကြိုးစားကြည့်ဖို့ တိုက်တွန်းလေ့ ရှိသည်။ အဲသည်တိုက်တွန်း အားပေးစကားများထဲမှာ ဇွဲကောင်းသော ပုဂ္ဂိုလ်တွေအကြောင်း၊ နောက်တစ်ကြိမ်ထပ်ကြိုးစားသဖြင့် အောင်မြင်သွားခဲ့သူတွေ အကြောင်း နမူနာသာဓကတွေလည်း ပါဝင်တတ်ကြသည်။ သည်အထဲမှာ အထင်ရှားဆုံး တစ်ခုက “ ရှင်ဘု ရင်နှင့် ပင့်ကူငယ်အကြောင်း ” ဖြစ်သည်။
ဘယ်ရှင်ဘုရင်နှင့် ဘယ်ပင့်ကူပါနည်း။ 
စကော့ဘုရင်  ရောဘတ်ဘရုစ် (Robert Burce) (1274-1329) နှင့် သူ့အားဇွဲမလျှော့၇န် သင်ခန်းစာပေးခဲ့ သော ပင့်ကူငယ်ဖြစ်ပါသည်။
ရောဘတ်ဘရုစ်သည် တစ်သက်တာပတ်လုံး သူ့နိုင်ငံ စကော့တလန်အား အင်္ဂလိပ် အုပ်စိုးမှုအောက်မှ လွတ် မြောက်အောင်တော်လှန်တိုက်ခိုက်ခဲ့သူဖြစ်သည် ။ 
၁၃၀၆ ခုနှစ်တွင် စကော့တလန်ပြည့်ရှင် ဘုရင်အဖြစ် စကွန်းမြို့၌ သရဖူဆောင်းခဲ့သည်။ သို့သော်မကြာမှီ အင်္ဂလိပ်တို့ အင်အားနှင့် တိုက်ခိုက်လာသဖြင့် အိုင်ယာလန်ပြည်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ သူ့ အားအများက သေပြီးဟုထင်မှတ်နေကြသည့်အချိန် ဘရုစ်သည် ရက်သလင်း အမည်ရှိ ကျွန်းငယ်တစ်ကျွန်း ပေါ်တွင်ပုန်းအောင်းလျှက်ရှိ၏။ တစ်နေ့တွင် သူခိုအောင်းနေသည့် တဲငယ်ခေါင်မိုးထုပ်တန်း တစ်ခုတွင် ပင့်ကူ တစ်ကောင် အိမ်ဆောက်ရန် အားထုတ်လျက်ရှိတာ သူမြင်ရသည်။
မိမိကိုယ်မှထွက်သော ပိုးချည်ချဉ်မျှင်၌ တွဲလွဲခိုလျက် ပင့်ကူသည် သည်ဘက်ထုတ်တန်းမှ ဟိုဘက်ထုပ်တန်း သို့ အရှိန်နှင့် လွှဲ၍ ချိတ်လှမ်းနိုင်ရန် ကြိုးစားလျှက် ရှိသည်။ တစ်ကြိမ်... မရ ၊ နှစ်ကြိမ်... မရ၊ ခြောက်ကြိမ်တိ တိသူ ကြိုးစားသည်။ မအောင်မြင် ။
ဇွဲကြီးသော ပင့်ကူကိုကြည့်ရင်း ဘရုစ်ခေါင်းထဲအတွေးတစ်ခုဝင်လာသည်။
“ဒီပင့်ကူဟာ ငါ့ကိုလမ်းညွှန်ပြဖို့ ကြိုးစားနေတာလား၊ ငါးလည်း ခြောက်ကြိမ်တိတိ အရေးနိမ့်ခဲ့တဲ့လူ၊ အခုသူ လည်း မအောင်မြင်တာ ခြောက်ကြိမ်တိတိရှိသွားပြီ၊ ကဲ . .. အခုဘာဆက်လုပ်ကြမလဲ ကြည့်ရအောင်”
ပင့်ကူသည် ခုနှစ်ကြိမ်မြောက် ကြိုးစားသည့် အခါ တစ်ဖက်ထုပ်တန်းကို ချိတ်မိသွားသည်။
ဘရုစ် သဘောပေါက်သွားသည် ။ သူကျွန်းမှထွက်ခဲ့သည်။ နောက်လိုက်နောက်ပါများကို ပြန်လည်စုရုံးကာ တန်းဘာရီ ရဲတိုက်ရှိ အင်္ဂလိပ်တပ်ကို ညဉ့်သန်းခေါင်အချိန် အလစ်ဝင်တိုက်သည်။
အဲဒါ 1307 ခုနှစ်။
နောက် ၂ နှစ်အကြာ၌ ဘရုစ်သည် စကော့တလန် ပြည်တစ်ခုလုံးကို သိမ်းပိုက်နိုင်ရုံမက အင်္ဂလိပ်နယ်ပယ်ထဲ မှာပါ ကသောင်းကနင်းတွေဖြစ်အောင် ၀င်ရောက်တိုက်ခိုက်ခြင်း၊ ဖျက်ဆီးခြေမှုန်းခြင်းများ ပြုလုပ်နိုင်ခဲ့သည်။
စကော့ တလန်ကို ပြန်လည်သိမ်းပိုက်ရန် အင်္ဂလိပ်တို့ နှစ်ပေါင်းများစွာ ကြိုးပမ်းကြသေးသည်။ မအောင်မြင် ခဲ့။ သို့နှင့် ၁၃၂၈ ခုနှစ်တွင် စကော့တလန်အား  လွတ်လပ်သော နိုင်ငံတစ်ခုအဖြစ်လည်းကောင်း၊ ဘရုစ်အား စကော့တလန်ပြည့်ရှင် ပထမမြောက် ရောဘတ်ဘုရင် (King Robert I) အဖြစ်လည်းကောင်း အသိအမှတ် ပြု လိုက်ရသည်။
ပင့်ကူငယ်တစ်ကောင်၏ လှုပ်ရှားမှုတွင် အာရုံဝင်စားခဲ့သည့် အတွက် မိမိတိုင်းပြည်အား ပြန်လည်သိမ်းပိုက် ရန် နည်းလမ်းကို စဉ်းစားသိမြင်ခဲ့သော စကော့ဘုရင် ရောဘတ်ဘရုစ်အကြောင်းကို အမေရိကန် ကဗျာဆ ရာ ချားလ်(စ)စပရိတ် (Charles Spraque) (၁၇၉၁-၁၈၇၅) က Curiosity အမည်ရှိ ကဗျာတွင် ယခုကဲ့သို့ ထည့် သွင်းစပ်ဆိုခဲ့သည်။။

Bruce, banned and  hunted on his native soil, with curious eyes surveyed a spider's toil; Six times the little Climber strove and failed, Six times the chief before his foe had quailed. " Once more " he cried, " in thine my doom I read, Once more I dare the fight if thou succeed " ' T was done; the insect's fate he made his own; Once more the battle waged, and gained a throne.
အဓိပ္ပာယ် ၊
ဇာတိမြေမှ မောင်းထုတ်ခံရသောဘရုစ်၊ ပင့်ကူတစ်ကောင်၏ အားထုတ်မှုကို စူးစမ်းသော မျက်လုံး များဖြင့် ရှုကြည့် ဆင်ခြင်မိ။ ချိတ်တတ်သူ (ပင့်ကူ) ကလေး၊ ခြောက်ကြိမ်တိတိကြိုးစားခဲ့။ အရေးနိမ့်ခဲ့။ အကြီးအမှူး ပုဂ္ဂိုလ် (ဘရုစ်) လည်း ခြောက်ကြိမ်ပင် ရန်သူ့ ရှေ့မှောက် ချောက်ချားတုန်လှုပ်ခဲ့။ “ တစ်ကြိမ်ကြိုးစာလိုက် စမ်း ” သူအားပေးကြွေးကြော်၊ “ အရေးမလှတဲ့ ငါ့အဖြစ်ကို မင်းရဲ့ထံမှာ ငါမြင်နေတယ်၊ မအောင်မြင်ရင် ငါတစ်ကြိမ် ရဲရဲတိုက်ပွဲ င်မယ်”
 ပင့်ကူအောင်မြင်သွား၊ ပင့်ကူရဲ့ ကံကြမ္မာကို သူ့ကံကြမ္မာဖြစ်ဖို့ သူအားထုတ်၊ နောက်စစ်တစ်ပွဲ ဆင်နွဲကာ ထီးနန်းကို သူရခဲ့ ။  ။

ဖေမြင့် ( စာဖတ်သမား၏ မှတ်စုများ)

ထပ်ကြိုးစားကြသေးတာပေါ့
မရေးရမနေနိုင် .... အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ..... မောင်မြလေးနိုင်

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !