“ မေတ္တာ၊ စေတနာ၊ ဂရုဏာ ”ဒီစကားသုံးလုံးကို မြန်မာလူမျိုးများရဲ့ ထူးခြားတဲ့ ၀ိသေသ လက္ခဏာ အဖြစ်၊ မြန်မာနိုင်ငံကိုရောက်ဖူးတဲ့ နိုင်ငံခြားသားတိုင်းက အားရကျေနပ်စွာ ပြောလေ့ရှိပါတယ်။ အာရှနိုင်ငံတချို့နဲ့ အရှေ့ အလယ်ပိုင်း ဒေသ နိုင်ငံတချို့ဆိုရင် မရောက်ဖူးတဲ့ နိုင်ငံခြားသား ခရီးသွားများကို နည်းပေါင်းစုံနဲ့ လိမ်ညာ လှည့်စားပြီး “ အေးဓားပြ ” တိုက်လေ့ရှိတာကြောင့် နိုင်ငံခြားသားများ နှာခေါင်းရှုံ့လေ့ရှိပါတယ်။ မြန်မာနိုင်ငံမှာ တော့ ဘယ်လို ကျေးလတ်ဇနပုဒ်ကို ရောက်သွားရောက်သွား ခရီးသွားဧည့်သည်ဆီက “ခွာဖို့ချွတ်ဖို့” အနုကြမ်း စီးဖို့ဝေးလို့၊ ကိုယ်ကပဲ မရှိရှိတာကျွေးဖို့မွေးဖို့ လက်ဆောင်ပေးဖို့ ကိုသာ ဂရုစိုက်တတ်ကြပါတယ်။
ရိုးရိုးသားသား သာမာန်နိုင်ငံခြားသား ခရီးသွားမဆိုထားနဲ့ ၊ ဟိုးရှေးက ကိုယ့်လူမျိုးတွေ ကိုယ့်သားချင်းတွေကို ပါးရိုက်နားရိုက်၊ လက်သည်းခွာ လှံစွပ်နဲ့ထိုး လုပ်ခဲ့တဲ့ ဂျပန်ဖက်ဆစ်တွေ ဂျပန်စစ်သားတွေကိုတောင်မှ အစာ ငတ်ရေငတ်နဲ့ အသက်ဘေးအတွက် ထွက်ပြေးကြ ပုန်းကြရတဲ့ အခါများမှာ ရွာမှာဝှက်ပေးကြ၊ ထမင်းကျွေး ကြလုပ်ခဲ့ ကြတာပါ။
အင်္ဂလိပ်တွေ ထွက်ပြေးရတုန်းကလည်း အလားတူပါပဲ။ အိန္ဒိယကို ကုန်းကြောင်းခရီးက ထွက်ပြေးကြတဲ့ စစ် ပြေးတွေကို မိမိတို့ကိုယ်တိုင် ဗုံးဒဏ်၊ စက်သေနတ်သံတွေကြား ပုန်းအောင်းပြေးလွှားနေရတဲ့ ကြားက မရှိရှိ တာထုတ်ကျွေးခဲ့ကြတာပါ။ စစ်ပြီးခေတ်မှာ ဂျပန်စစ်သားဟောင်း၊ အင်္ဂလိပ်စစ်သားဟောင်းတွေရေးခဲ့ကြ တဲ့ စာအုပ်တွေ အများကြီး ရှိပါတယ်။
နိုင်ငံခြားသူရဲ့ အဖေလုပ်ခဲ့ရ
အင်မတန်မှကို ရင်းနှီးတဲ့ နိုင်ငံခြားသူ တစ်ယောက်ရှိပါတယ်။ နိုင်ငံတကာ အဖွဲ့ အစည်းကြီး တစ်ခုမှာ တော် တော်ကြီးတဲ့ ရာထူးတစ်ခု ထမ်းဆောင်နေတာပါ။ မြန်မာစကား မြန်မာစာ ကောင်းကောင်းတတ်ကျွမ်းပါ တယ်။ မြန်မာလူမျိုးနဲ့ မြန်မာယဉ်ကျေးမှု ဓလေ့ထုံးစံများကို အင်မတန် ချစ်ပါတယ်။ အထူးသဖြင့် မန္ဒလေးကို သိပ်ချစ်ပါတယ်။ ခဏခဏလည်း သွားပါတယ်။ မန္တလေးရောက်ရင် စက်ဘီးတစ်စီးနဲ့ လျှောက်သွားလေ့ ရှိပါ တယ်။ သူအရင်ဘ၀က မန္တလေးသူ ဖြစ်ခဲ့တယ်လို့တောင် ရင်းနှီးသူတွေကို ပြောလေ့ ရှိတယ်။ အနေကြာ တော့ သမီးတစ်ယောက်လိုလို ဖြစ်သွားတယ်။ စာရေးသူကို “ဆရာ”လို့ခေါ်ပေမယ့် ဇနီးဖြစ်သူကိုတော့ “မေ မေ” လို့ ခေါ်လေ့ရှိတယ်။ မြန်မာထမင်းဟင်းနဲ့ မြန်မာ မုန့်ပဲသွားရေစာတွေကို ကြိုက်ပါတယ်။ မြန်မာကို ဘယ် လောက်ချစ်သလဲဆိုရင်၊ မြန်မာယေက်ျားတစ်ယောက်ကိုတောင် ယူပါတယ်။ သတို့သမီးရဲ့ အဖေနေရာက နေပေးပါလို့ ပြောတဲ့အတွက် မင်္ဂလာဆွမ်းကျွေးမှာ အဖေလုပ်ခဲ့ရပါသေးတယ်။
ဗြဟ္မဆိုတရား မကင်းကွာသေးဘူး
နိုင်ငံခြားသားတွေ စွဲလန်းမယ်ဆိုလည်း စွဲလန်းထိုက်ပါတယ်။ မြန်မာလူမျိုးများရဲ့ စိတ်ဓာတ်ဟာ တစ်ကမ္ဘာ လုံးဆုတ်ကပ်ကြီးထဲရောက်ပြီး ရိုင်းစိုင်းကြမ်းကြုတ်ကုန်ကြတာတောင်မှ ဗြဟ္မဆိုတရား မကင်းကွာကြသေး ပါဘူး။ မေတ္တာ ၊ စေတနာ၊ ကရုနာ တရားများ မဆိတ်သုဉ်းသေးပါဘူး။ မြန်မာသမိုင်းမှာ တစ်ကြိမ်တစ်ခါမှ မကြုံဘူး၊ မကြားဘူးတဲ့ နာဂစ်မုန်တိုင်းကြီးရဲ့ဒဏ်ကို ခံလိုက်ရတဲ့ အခါမှာ သဘာဝဘေးတို့နောက်မှာ ရှောင် လွှဲလို့ မရအောင် ကပ်ပါလာမြဲဖြစ်တဲ့ ရောဂန္တရကပ်၊ ဒုဗ္ဗိကန္တရကပ်ဆိုတဲ့ ကပ်ကြီးတွေဆိုက်ကပ်လာခဲ့လိမ့် မယ်လို့ တစ်ကမ္ဘာလုံးက ဟောကိန်းထုတ်ခဲ့ကြတယ်။ ဘယ်နိုင်ငံ ဘယ်ဒေသမဆို ဒါဟာဖြစ်ပြီးရင် နောက် ဆက်ပြဿနာဖြစ်တယ်။ ဒါပေမယ့်လို့ မြန်မာနိုင်ငံမှာ အငတ်ဘေးလည်း မကျခဲ့ဘူး၊ ကူးစက်ရောဂါဆိုးကြီး တွေလည်း မပြန့်ပွားခဲ့ဘူး၊ ကုလသမဂ္ဂတို့ ကမ္ဘာစားနပ်ရိက္ခာအဖွဲ့တို့ဆိုတဲ့ အဖွဲ့အစည်းတွေကတောင် တအံ့ တသြဖြစ်ကြ၇တယ်။ ဘာကြောင့်ဒီလို ဘေးဆိုးကြီးတွေ ကျရောက်မလာခဲ့တာလည်းဆိုတော့ တစ်နိုင်ငံလုံး မှာ ရှိရှိသမျှ ရဟန်းရှင်လူ ပြည်သူအပေါင်းက ၀ိုင်းဝန်းစောင့်ရှောက်ကြလို့ပဲ ဖြစ်တယ်။ ဆန်လေးပြည်ရှိသူက နှစ်ပြည် ခွဲလှူတယ်။ ဖိနပ်နှစ်ရံရှိသူ တစ်ရံခွဲပေးတယ်။ ကျောင်းသူကျောင်းသား ကလေးသူငယ်တွေက တောင် သူတို့မုန့်ဖိုးလေးတွေကို စုပြီးလှူတယ်လေ၊ ဒါကြောင့်လေဘေးရဲ့နောက်ဆက်တွဲ ဘေးဆိုးကပ်ဆိုး ကြီးတွေ ကျရောက်မလာခဲ့တာဖြစ်တယ်။ မြစ်ဝကျွန်းပေါ်ဒေသ ဒါလောက်မြန်မြန်ပြန်ထလာလိမ့် မယ်လို့နိုင် ငံခြားသားတွေ မဆိုနဲ့ မြန်မာလူမျိုးတွေတောင် မထင်ခဲ့ကြပါဘူး။ ဟောအခုတော့ မြန်မာလူမျိုးတို့ရဲ့ မေတ္တာ၊ စေတနာ၊ ဂရုနာတန်ခိုးနဲ့ ဧရာဝတီတစ်တိုင်းလုံး ကိုယ်ထူကိုယ်ထ ပြန်ထလာပြီလေ။
ဧည့်သည်ကို ဧည့်ဝတ်ကျေတယ်
မြန်မာလူမျိုးများဟာ ဘိုးစဉ်ဘောင်ဆက်က မေတ္တာတရား လက်ကိုင်ထားဖို့ ဆုံးမသွန်သင်လာခဲ့ကြတာ ကြောင့်၊ မေတ္တာတရားကို စွဲမြဲယုံကြည်ပြီး လက်ကိုင်ထားကြတယ်။ ကရုနာတရားလည်း ပွားများကြတယ်။ နာဠာဂီရိလို ဆင်မိုက်ကြီးနဲ့ အာဠာဝကလို အစွယ်ပြူးပြူးဘီးလူးကြီးကိုတောင် မေတ္တာနဲ့ အောင်နိုင်တယ်လို့ ယုံခဲ့ကြတယ်။ ဒီလိုယုံကြည်မှု၊ ဒီလိုစိတ်ဓာတ်ကြောင့် ကိုယ့်ဆီလာတဲ့ ဘယ်ဧည့်သည်ကိုမှ အမြတ်ထုတ်ဖို့၊ ချွတ်ဖို့ခွာဖို့၊ လှီးဖို့ဖြတ်ဖို့ စိတ်ကူးထဲတောင်ထည့်ကြတာမဟုတ်ဘူး။ ဘယ်ဧည့်သည်မိန်းကလေးပဲ တစ် ယောက်တည်းလျှောက်သွားနေပါစေ ၊ မတော်မတရားပြုပြီး သတ်ပစ်လိုက်တယ်ဆိုတာမျိုး မရှိပါဘူး။ ဧည့် သည်ကို ဧည့်ဝတ်ကျေရတယ်ဆိုတာ မြန်မာ့ယဉ်ကျေးမှုပါ။
အိမ်သည်ကို ဧည့်သည်စော်ကား
ဧည့်ဝတ်ကျေလွန်း၊ မေတ္တာ၊ စေတနာ၊ ဂရုနာထားလွန်းတာကို တချို့မြန်မာတို့ရဲ့ ပျော့ညံ့ချက်လို့တောင် ထင်မှတ်မှားကြပြီး အိမ်သည်ကို ဧည့်သည်က စော်ကားတာမျိုးတွေလုပ်ကြတာကို စက်ဆုပ်ဖွယ်ရာတွေ့ ရလေ့ ရှိတယ်။ မျက်နှာဖြူနယ်ချဲ့တွေက ဘုရားထူးခိုင်းတာမျိုး၊ မျက်နှာဝါဖက်ဆစ်တွေက လက်သည်းခွံခွာ ပါးရိုက် နားရိုက် တာမျိုးတွေပေါ့။ ဒီခေတ်က ဆုပ်ကပ်ကြီးဆိုတော့ ပိုတောင်ဆိုးပါသေးတယ်။ ခရီးသည်တွေ စီးတဲ့ လေယဉ်ကြီးတွေကို အပိုင်စီးပြီး လူတွေသောင်းနဲ့ချီရှိနေတဲ့ မိုးမျှော်တိုက်ကြီးကို တည့်တည့်ကြီး ၀င် ဆောင့်ပစ်တဲ့ ကြမ်းကြုတ်ရက်စက်မှုရော ဘယ်ခေတ်က ကြားဖူးလို့လဲ။
လူယဉ်ကျေးစကား နားမလည်
ဒီခေတ်မှာက ဒီလိုလူမိုက် လူရမ်းကားတွေ သိပ်များတယ်။ ဒီလူမျိုးတွေက ဘယ်ကိစ္စမဆို သေနတ်နဲ့ ဖြေရှင်း တဲ့ “ ကောင်းဘွိုင် ” လို “ ရမ်ဘို ”လိုလူစားတွေ၊ ဒီလိုလူတွေက လူကြီးလူကောင်းစကားမျိုး နားမလည်ဘူး။ လူယဉ်ကျေးမှ မဟုတ်တာ၊ ၊“ ကောင်းဘွိုင် ” တွေနားလည်တဲ့ တစ်ခုတည်းသော ဘာသာစကားက Language of the gun ပဲ ဖြစ်တယ်။ အာဖဂန်နစ္စတန်က ကလေးသူငယ်တွေက ဂျော့ဘုရ်ကို ရှိခိုးတောင်းပန်လို့ မရဘူး။ အီရတ်က မိခင်အိုတွေက အသနားခံလို့လည်း မရဘူး။ ပါလက်စတိုင်းက ဘာသာရေးဆရာတွေက တရားပြ လို့လည်း မရဘူး။ ဒီလူမျိုးတွေကို ဘယ့်နှယ့်လုပ်မလဲ။ မေတ္တာ၊ ကရုနာတို့ဆိုတာ ကောင်းဘွိုင်တွေရဲ့ ဘာသာ စကားမှာ မရှိဘူး၊ စေတနာဆိုတာလည်း ဘာမှန်းသိတာ မဟုတ်ဘူး။ သူတို့က သေနတ်ကပြောတဲ့ ဘာသာ စကားတစ်ခုတည်းကိုပဲ နားလည်တယ်။ မေတ္တာ၊ ကရုနာ၊ စေတနာ ဆိုတာတွေဟာ အင်မတန်မှကို အဆင့် မြင့်တဲ့ ယဉ်ကျေးမှုရှိသူများသာ နားလည်နိုင်၊ ကျင့်သုံးနိုင်တာ ဖြစ်ပါတယ်။ ရမ်ဘိုလို လူရမ်းကားတွေနဲ့ မထိုက်တန်ပါဘူး။ ဒီလူမျိုးတွေကိုတော့ သူတို့နားလည်တဲ့ တစ်ခုတည်းသော ဘာသာစကားဖြစ်တဲ့ Language of the gun နဲ့ပဲ ပြောမှ ရပါလိမ့်မယ်။ ဧည့်သည်က အိမ်ရှင်ကို စော်ကားတာကိုတော့ ခွင့်ပြုထားဖို့ မသင့်တော် ဘူးလို့ပဲ ပြောလိုက်ချင်ပါတယ် ။ ။

0 comments:
Post a Comment
never ... never ... never ...never ... never Give Up !