Home » » လူငယ်နှင့် အရက်

လူငယ်နှင့် အရက်


 လူငယ်တွေအတွက် ပျက်စီးရာပျက်စီးကြောင်း တွေဟာ ဒီခေတ်မှာ အလွန်ပေါပါတယ်။ ဖျက်စီးမယ့် အရာ တွေက လွယ်လွယ်ရတယ်။ အလွန်ပေါတယ်။ ဒီလိုဆိုတော့ ပျက်စီးဖို့လည်း လွယ်တယ်။ တစ်ခါက ဘကြီးတစ် ယောက်ပြောတာကိုလည်း မှတ်မိနေသေးတယ်။ အခုများ ဘီယာဆိုင် တွေ အရက်ဆိုင်တွေ ပေါများလာ လိုက်တာ။ လက်ဖက်ရည်ဆိုင်တွေ ရောင်းအားကျပြီး ဘီယာ ဆိုင်တွေ အရက်ဆိုင်တွေကို လူငယ်တွေ ရောက်နေကြတယ်။ ဒီအချက်ကလေးကို သတိပြုမိ ခဲ့တာတော့ အတော်ကြာပါပြီ။လူငယ်တွေတော်တော် များများလဲ အမှန်တကယ် ဘီယာဆိုင်တို့ အရက်ဆိုင်တို့ကို ရောက်နေကြပါတယ်။
လူငယ်လေးတွေမှာ ကိုယ့်ဘ၀ကိုယ်ရုန်း စိတ်တွေညစ် စိတ်တွေပျက်နဲ့ မလုပ်သင့်တဲ့ အမှား တွေကို လုပ် မိကြတယ်။ တစ်နယ်တစ်ကြေးကနေ လာပြီး မိဝေးဖဝေး လုပ်ကိုင်နေကြတဲ့ လူ ငယ်လေးတွေမှာ သွန်သင် ဆုံးမမယ့် လူကလည်းရှားတယ်။ ပျက်စီးရာ ပျက်စီးကြောင်း လမ်း ကြောင်းပေးနေတဲ့ သူတွေက ပိုများနေ တယ်။ ဒီလိုဆိုတော့ အနာဂတ်အတွက်ပြန်စဉ်းစား ကြည့်ရင် အတော်ကိုရင်လေးစရာပါ။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က သူငယ်ချင်းတစ်ယောက်ရဖူးတယ်။ အဒေါ်တွေရဲ့ ကွမ်းယာဆိုင် လေးမှာ သွားထိုင်ပေးရင်းက ခင်မင်သွားတာပါ။ စကားတွေပြောဖြစ်ကြတော့ ကိုယ့်အကြောင်း သူ့အကြောင်းလေးတွေ ပြောဖြစ်ကြတယ်။ ဘ၀တူတွေပါပဲ။ မပြည့်စုံတဲ့ ဘ၀တွေနဲ့ ကိုယ့်ရည် မှန်းချက်နဲ့ ကိုယ်လုပ်ကိုင်နေကြတာပဲ။ သူက မက်မန်း သီးရုံမှာ အလုပ်လုပ်တယ်။ အဲ့ဒီအလုပ် ရုံမှာ အလုပ်လုပ်နေကြတာလည်း နယ်က ကလေးတွေများပါတယ်။ သူတို့အတွက်လုပ်အားခ ကို မိဘတွေက ခြောက်လစာ တစ်နှစ်စာ ကြိုထုတ်ပြီးသွားပြီ။ ဒီမှာ သူတို့က အလုပ်လုပ်ကြ ပေါ့။ မိသားစုက အဆင်မပြေကြတော့လည်း သားသမီးတွေကို သနားတယ်ဆိုပေမယ့် လည်း အခြေအနေအရ မလုပ်မဖြစ်လုပ်နေကြရတာပါပဲ။ 
အဲဒီသူငယ်ချင်းက ဘယ်လိုဖြစ်လဲဆိုတော့ သူအလုပ်မှာ တစ်ခါတစ်လေ အရမ်းစိတ်ညစ်ရ တာတွေရှိတယ်။ အလုပ်ရှင်နဲ့ အဆင်မပြေတာတွေရှိတယ်။ ဒါပေမယ့် ပိုက်ဆံက ကြိုယူပြီး ထားပြီဆိုတော့ အလုပ်ကနေ ထွက်သွားလို့လဲမဖြစ်ဘူး။ သည်းခံပြီးတော့ပဲ လုပ်နေရတယ်။ အ ရမ်းစိတ်ညစ်တဲ့ အခါမျိုးမှာဆို အရက်သွား သွားသောက်တယ်။ စိတ်ညစ်လို့ သောက်ရာကနေ နောက်ပိုင်းကြတော့ ပုံမှန်သောက်တယ် ။ အသက်က ၂၀ ၀န်းကျင်လောက်ပဲ ရှိသေးတယ်။ နောက်ပိုင်း သူနဲ့ ကျွန်တော် ခင်မင်ရင်းနှီးလာတော့ သူ့မှာ မရှိရင် ကျွန်တော်ကိုတိုက်ခိုင်း တယ်။ သူသောက်ရုံတင်မဟုတ်ဘူး။ သူနဲ့ အတူသောက်ဖို့ပါပြောတယ်။ ကျွန်တော်က လည်း မငြင်းဘူး သောက်လိုက်မိတယ်။ 
လူငယ်ဆိုတာ အတော်တော့် မာနရှိတယ်။ မင်းယောက်ျားမဟုတ်ဘူးလားလို့ ပြောလာရင် ဘာဖြစ်ဖြစ် လုပ်ရဲတယ်။ မင်းလုပ်ရဲရင် ငါလုပ်ရဲတယ်ဆိုတဲ့ စိတ်ရှိတယ်။ ပထမဆုံး အရက်ကို သောက်လိုက်မိတာက အဲဒီမက်မန်းသီးရုံက အစ်ကို တစ်ယောက်က “ ဟေ့ကောင် မင်းအ ရက်သောက်မလား ” တဲ့ “ မသောက် ပါဘူးဗျာ” လို့ ပြန်ပြောတော့ “မင်းကလည်းကွာ ယောက်ျားမဟုတ်ဘူးလား ” ဆိုပြီး မခံချင်အောင် စကားတွေ မျိုးစုံ ပြောတယ်။ မသောက် တတ်တာ မဟုတ်ဘူး မသောက်တာလို့ ပြန်ပြောလဲ မရဘူး။ မရတဲ့ အဆုံး လာဗျာလိုက် သောက်မယ်ဆိုပြီး လိုက်သွားတယ်။ အရက်ဆိုင်ရောက်တော့ သူက ၀ီစကီလေးပတ်မှာတယ် တစ်ယောက်ကို နှစ်ပါတ် ထည့်တယ်။ ကျွန်တော့်အတွက် ခွက်ထဲကို အရင်ထည့်ပေးတယ်။ သူ့ခွက်ထဲကို ထည့်ပြီးတဲ့ အချိန်မှာ သူကရေရောနေတယ်။ သူရေရောနေတဲ့ အချိန်မှာပဲ ကျွန်တော်က ဘာရေမှ မရောပဲ ၀ီစကီ နှစ်ပတ်ကို တစ်ခါတည်း မော့သောက်လိုက်တယ်။ သူ တော်တော် အံ့သြသွားတယ်။ သူ အရက်သောက်လာတဲ့ သက်တမ်းက မနည်းတော့ဘူး။ တစ်ခါ မှ ၀ီစကီကို ရေမရောပဲ မသောက်ဖူးတဲ့ ။ မင်းက သဘာကြီးပဲလို့ ပြောတယ်။ မခံချင်လို့ တမင်လုပ်လိုက်တာ။ ဒီမှာ ဘယ်လောက်ခံစားလိုက်ရတယ် သူထည့်မစဉ်းစားဘူး။ နောက်အဲ့ လိုမလုပ်ပါနဲ့ ကွာတဲ့။ ရေလေးတော့ ရောက်သောက်ပါတဲ့။ 
ပျက်စီးချင်တယ်ဆိုရင်တော့ လွယ်လိုက်တာမှ မပြောနဲ့ တော့။ အစောကပြောခဲ့တဲ့ သူငယ် ချင်းနဲ့ တွဲပြီး အရက်ကို သုံးလေးခါသောက်ခဲ့ဘူးတယ်။ အဲ့ဒီနောက်ပိုင်း သူတို့နဲ့လည်း အဆက်ပြတ်သွားတယ်။ ကိုယ် လည်း ကိုယ့်အလုပ်နဲ့ ကိုယ်ဆိုတော့ သူတို့ဘက်မရောက်ဖြစ် တော့ဘူး။ တစ်နေ့ သင်တန်းတက်ပြီး အပြန်မှာ ကားဂိတ်မှာ မောင်မင်းကြီးသားနဲ့ သွားဆုံ တယ်။ နေ့ခင်းကြောင်တောင် အရက်တွေမူးလို့ ။ ကျွန်တော်ကို တွေ့ တော့ အတင်းပဲလိုက်ခေါ် ပြီး စကားတွေပြောတယ်။ ကျွန်တော်က သူ့ကိုမေးတယ် နေ့ခင်းကြောင် တောင်ကြီ ဘာလို့ သောက်လာတာလဲ ဆိုတော့ “ မဟုတ်ဘူးတဲ့ ကောင်မလေးဆိုင်က    သောက်လာတာ  တဲ့ ”  အ လကားရလို့သောက်လာတယ်ဆိုတဲ့ သဘောပါ။ 
ထားပါ တော့ ဆိုပြီး အလုပ်အကိုင်အကြောင်းတွေ မေး တယ်။ သူမိဘတွေလည်း အခုရန်ကုန်ရောက်နေပြီ ဆိုတဲ့အကြောင်းပြောတယ်။ သူ့ညီလေးက ပင် လယ်ငါးဖမ်းသဘောင်္လိုက်နေတယ်လို့လည်းပြောတယ်။ အဲ့ဒီညီလေးက အဆင်ပြေတယ်။ ကျွန်တော်နဲ့ အတူသွားလိုက်တာ ကျွန်တော်က ဒဏ်မခံနိုင်လို့ ပြန်လာတာတဲ့။ အခုစက္ကူစက် ရုံမှာ အလုပ်လုပ်နေတယ်တဲ့။ ရွှေပြည်သာဘက်မှာ အိမ်ငှားနေတယ် ။ လာလည်ပါဆိုပြီး အိမ် နံပါတ်တွေဘာတွေ အသေအချာပေးတယ်။ ကျွန်တော်ကိုလည်း အရက်သောက်ဖို့ထက်ပြော သေးတယ်။ ကျွန်တော်နဲ့ သူနဲ့ကြားမှာ စကားပြောရင် ဘာခံနေလဲဆိုတော့ ကျွန်တော်က ပညာတတ်တယ် ဆိုတဲ့ စကားကို သူအမြဲပြောတယ်။ ကျွန်တော်က သူ့နေ့ခင်းကြောင်တောင် အရက်သောက်ထားတာကို ပြောတော့လည်း သူမှား တယ်ဆိုတာ သိပါတယ်လို့ ပြောတယ်။ ဘာဖြစ်လို့ လုပ်တာလဲ ဆိုတော့လည်း ဘာမှ သေချာ ရေရာတဲ့ အဖြေမပေးနိုင်ဘူး။ သေချာတာကတော့ သောက်ချင် လို့ကိုသောက်လိုက်တာ။ သူနဲ့ ကားမှတ်တိုင်မှာ စကားပြောပြီး သူ့ကိုလိုင်းကားပေါ်တင်ပေးလိုက်တယ်။ သူ့အိမ်ကို လည်း တစ်ခေါက်မှ မရောက်ဖြစ်သေးဘူး။ 
မှားမှန်းလဲ သိတယ်။ ဘာဖြစ်လို့လုပ်လိုက်မိတယ်ဆိုတော့လဲ ဟိုလိုလိုသည်လိုနဲ့။ သူအရက်စွဲနေပြီဆို တာသေချာတယ်သက်အရွယ်နဲ့ မမျှတဲ့ လောကဓံတွေကို ရင်ဆိုင်ခဲ့ရပြီး စိတ် ထွက်ပေါက်ရှာရာကနေ အခုလိုဖြစ်ကြရတာ။ အမှန်တကယ်တော့ ဒီအသက်အရွယ်မှာ ကိုယ့် ကိုယ်ကိုယ် ထိန်းနိုင်နေတဲ့ သူတွေဖြစ်သင့်ပါတယ်။ ဒီအရက်ဟာ ဘာကောင်းကျိုးမှ မရှိဘဲနဲ့ စွဲစွဲလန်းလန်း ဖြစ်သွားတဲ့ အထိဖြစ်သွား ရတယ်။ ကိုယ်တွေအရှေ့မှာလည်း အရက်ကြောင့် ကောင်းကျိုးရတဲ့သူရယ်လို့ တစ်ယောက်မှ မရှိဘူး။ လမ်းထဲက လူတစ်ယောက်ဆိုရင်သူ့အိမ် မှာ သားဆိုလို့ သူတစ်ယောက်တည်း။ အစ်မတစ်ယောက် ညီမတစ်ယောက်ရှိတယ်။ ဒီလူက ဘာမှ လည်းမလုပ်တော့ဘူး။ အိမ်ထောင်ပျက်နေတယ်။ အဓိကအ ချက်ကတော့ အရက်ကြောင့်ပါပဲ။ သူ့ရုပ်က ပုံမှန်လူလို မဟုတ်တော့ဘူး။ အရက်စွဲစွဲလန်းလန်းသောက်တဲ့ မျက်နှာတွေကို ပြောတာနဲ့တင်သိကြပါတယ်။ သူအရက်ဆိုင်သွားတယ်။ ပြန်လာရင် စိုက်ကား ဂိတ်က လူတစ်ယောက်က စိုက်ကားနဲ့ အိမ်ကို လိုက်ပို့တယ်။ ညီမတွေ အစ်မတွေစီက စိုက် ကားခတောင်း သွားတယ်။ သူ့အလုပ်က အဲ့ဒါပဲရှိတယ်။ အိမ်ရဲ့ စီးပွားရေးကို မိန်းမသားတွေက ဦးဆောင်နေတယ်။ သူအိမ်ထောင်ကျပြီး အိမ်ကနေခွထွက်သွားတယ်။ အဆင်မပြေဖြစ်ပြီး အိမ်ပြန်ရောက်လာတာ။ မိန်းမက လည်း လုံးဝအရှင်းကို ပျက်တယ်။ ပြန်မပေါင်းတော့ဘူး။ ညီမတွေ အစ်မတွေကို ပြန်ဒုက္ခပေးတယ်။ ဒီလိုလူမျိုး တွေ အများကြီးရှိတယ်။ အရက်ရဲ့ကျေး ကျွန်တွေဖြစ်နေကြတာ။ 
ဒါတွေကို လူငယ်တွေ သိလည်းသိတယ်။ နှာခေါင်းလည်းရှုံကြတယ်။ အဲဒီလိုဆိုရင် ဘာလို့များ ဒီမကောင်းတဲ့ အရက်ကို စွဲလန်းချင်ကြတာလဲ။ စွဲလန်းသွားမှာကို ကြောက်တယ်ဆိုရင်တော့ မစမိတာ အကောင်းဆုံးပဲ။ ကွမ်းစား၊ ဆေးလိပ်သောက်တာတောင် အတော်ဖျက်ဖို့ခက်တယ်။ ဘာလို့လဲဆိုတော့ စွဲလန်းစေတတ်တဲ့ အရာတွေဖြစ်လို့ပါ။ ကွမ်းဆေးလိပ်ဆိုတာတွေကလည်း လူကို ကောင်းကျိုးပြုတာတော့ မပါဘူး။ ဒီအရက် ကတော့ လူကို ဘ၀ပါတုံးသွားစေမှာ။ အဲဒီတော့ ကျွန်တော်တို့ လူငယ်တွေအနေနဲ့ က အရှေ့ ကမှား သွားကြတဲ့ လူကြီးတွေကို ကြည့် ပြီး ဆင်ခြင်သင့်တာပါ ။ ဒီလူကြီးတွေလည်း တစ်ချိန်တုန်း ကတော့ လူငယ်ပဲ။ သူတို့လည်း ငယ်ငယ်တုန်းက မိုက်ခဲ့ဆိုးခဲ့လို့ အခုလို အရွယ်ရောက်လာပြီး လူလေးစားမှုကိုခံယူရမယ့် အချိန်မှာ ငယ်ငယ်တုန်းက စွဲလန်းခဲ့တဲ့ ဒီသေရည်အရက်ကြောင့် လူတကာရဲ့ နှာခေါင်းရှုံ့ ခြင်းကို ခံကြရတယ် ။ 
လူငယ်တွေရဲ့ အနာဂတ်အတွက် အတော်ကိုရင်လေးစရာပါ။ အလွယ်သောက်လို့ ရတဲ့ အရက်ဆိုင် တွေကလည်းပေါ။ ကျပ်ကျပ်မတ်မတ် အုပ်ထိန်းမယ့် မိဘနဲ့လည်း ကင်းကွားနေတဲ့ လူငယ်လေးတွေ ကိုယ့် ကိုယ်ကိုယ် သတိလေးနဲ့ ထိန်းသွားကြပါလို့ သာတိုက်တွန်းလိုပါ တယ်။ လမ်းထဲမှာ ကိုးဘွဲ့ရဆရာတော်က ဟောသွားတဲ့ ကလေးတရားပွဲက ကဗျာလေးလည်း မှတ်ထားကြပါ။ “ ကလေး .. ကလေး … ကလေးကြီးမှ လူကြီးဖြစ်တာ… ကလေးကောင်းမှ လူကြီး လူကြီးကောင်းမှာ ” လို့ ဆိုထားတယ်။ ကလေးလည်း မဟုတ် လူကြီးလည်း မဟုတ်တဲ့ လူငယ်တွေက ကလေးတွေကို ပေးတဲ့ အသိတရားလောက်ကို လိုက်နာမယ်။ အရှေ့က မှား ပြသွားတဲ့ လူကြီးတွေရဲ့ အမှားတွေကို သင်ခန်းစာယူပြီး မကောင်းတဲ့ အရက်ကို တစ်ခွက်ဆို ပြီးတော့ တောင် မစမိကြစေပါနဲ့။ ကိုယ့်တွက်လည်း ကောင်းကျိုးမရှိ။ ပတ်ဝန်းကျင်ကလည်း နှာခေါင်း ရှုံ့ကြမယ့် ဒီလုပ်ရပ်တွေကို လုပ်မိနေတဲ့ သူများလည်း ပြင်နိုင်အောင်ပြင်ကြပါ။ အဓိ ကကတော့ ကိုယ့် စိတ်ပါပဲ ။ ကိုယ့်စိတ်ကိုယ်နိုင်အောင်ထိန်းလို့ လူတော်လူကောင်းများလာ လေလေ တိုင်းပြည်အတွက် အကျိုးရှိလေ ဖြစ်တဲ့ အတွက် မမိုက်မှား မိကြစေလိုတဲ့ ဆန္ဒနဲ့ ရေးပါတယ်။

နောင်တော်လေး

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !