လောင်းရိပ်အောက်က သစ်ပင်
Posted by Naung Taw Lay
Posted on Monday, May 31, 2010
with No comments
ချုံနွယ်ပိတ်ပေါင်း အမှောင်ကြားက
မျှော်မှန်းလင့်ချက်နဲ့
အို သစ်ပင်ငယ်။ ။
နင်သည် အမှောင်ကြားမှ
မည်သို့မည်ပုံ
ရုန်းထွက်မည်လဲ။ ။
နင်၏အသီအပွင့် တို့သည်
ဖွံ့ထွားခြင်းသို့ မရောက်
ပင်စည်တို့သည် ခြောက်ကပ်၍
နင်၏ အဆီအနှစ်တို့ကို
လောင်းရိပ်ရှင်ကစားသောက်နေ၏ ။ ။
ငါသည် သစ်ပင်ငယ်
ဤ လောင်းရိပ်အောက်မှာ
ငါမနေလို သေလိုသော်သေ
ငါရှိနေလဲ ငါသည်
ဘာကိုမှ အကျိုးမပြုနိုင်သည့်
ထင်းမီးစာ ပင်သာ ဖြစ်မည်။ ။
ငါသီးလိုသော ချိုမြိန်သော
အသီးအပွင့်တို့ အတွက်
ငါ့တွင်ခွန်အားမရှိတော့၍
ငါ့ဘ၀ဆုံးပါစေ ။ ။
အို အရှင်လောင်းရိပ်
ဘာကြောင့်များ အမှောင်တွေ
ပိတ်ဖုံး ဘ၀တွေတုံးအောင်
နင်ကြံဆောင်လေသလဲ
မသဲကွဲတဲ့ အဖြေစကားက
သစ်ပင်ငယ်
ငါ၏ လောင်းရိပ်တို့သည်
သင်အတွက် မသင့်လျှော်
ငါကို ၀တ်တွားခယသူတို့အတွက်
ငါ၏ လောင်းရိပ်သည်
အေး မြ၏။ ။
ငါ့ကို ဆန့်ကျင်သူတို့ အတွက်
ငါ၏ လောင်းရိပ်သည်
အဆိပ်ဖြစ်၏ ။ ။
သင်သည် ငါ့ကို အစဉ်
ဆန့်ကျင်နေသော ကြောင့်
ငါ၏ အရိပ်တို့သည်
သင့်အတွက် ကောင်းကျိုးမဖြစ်နိုင်။
ငါသည် သစ်ပင်ငယ်
ငါသည် နင်၏ ရုပ်မာမှု့
လောင်းရိပ်အောက်တွင်
တစ်နေ့ တစ်ရက်မှ မနေလို၍
ငါ၏ လွတ်လပ်မှု့တို့အတွက်
သင်နှင့်ဝေးရာ လွတ်ရာတွင်
ဘ၀တစ်ခု ဖြင့် တည်ဆောက်အံ့။ ။
မင်းမကြောက်
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !