Home » » ခွင့်လွှတ်ခြင်း သင်ခန်းစာ

ခွင့်လွှတ်ခြင်း သင်ခန်းစာ

ဓနထက်
သီလကို
ဦးစားပေးပါ ။
(အေမော့စ် လောရင့်(စ) )
၄၃ နှစ်လောက်ကြာပြီးသည့် နောက်မှာတော့ မာသန် သိကျွမ်းသူတစ်ဦးကို နာမည် မှတ်မိဖို့ မလွယ်တော့ပါ။ တကယ်လည်း ကျွန်တော်ငယ်စဉ်တုန်းက သတင်းစာပို့ခဲ့ဖူးသည့် အိမ်တစ်အိမ်မှ အမျိုးသမီးကြီး၏ နာမည်ကို ကျွန်တော်လုံးဝ မေ့သွားခဲ့ပါပြီ။
၁၉၄၅ ခုနှစ် ။ ၀စ္စကွန်ဆင် ပြည်နယ် မရင်နက်မြို့မှာ ။ ကျွန်တော်က ၁၂ နှစ်သားပဲ ရှိသေးသည်။သို့သော် အဲသည် အချိန်က ကျွန်တော့်အား သည်အမျိုးသမီးကြီး ပေးခဲ့သည့် သင်ခန်းစာတစ် ခုကိုကား မနေ့တစ်နေ့ကလို ပင်ပီပီပြင်ပြင် မှတ်မိနေဆံ ဖြစ်သည် ။ တစ်ပါးသူသို့ လက်ဆင့်ကမ်းမျှ ဝေချင်စရာ“ ခွင့် လွှတ်ခြင်း ” သင်ခန်းစာ တစ်ခု။
စနေနေ့ တစ်ညနေမှာ ကျွန်တော်နှင့် သူငယ်ချင်း တစ်ယောက် မဟုတ်တာ တစ်ခုလုပ်မိကြသည်။ အဲသည် အမျိုး သမီးကြီး၏ အိမ်ခေါင်မိုးပေါ်သို့ သူ့အိမ်နောက်ဘက် မမြင်ကွယ်ရာတစ်ခုမှ ကျောက်ခဲနှင့် ပစ်ကြခြင်းဖြစ်သည်။ ရည်ရွယ်ချက်က တစ်ခြားဘာမှ မဟုတ် အိမ်ခေါင်းမိုးဇောင်းမှ လိမ့ဆင်းကြလာသည့် ကျောက်ခဲဒုံးပျံတွေ ခေါင်မိုးအစွန်းမှ နေ၍ ခြံထဲသို့ အရှိနှ်နှင့် ထိုးကျသွားပုံမှာ ဥက္ကာခဲကြွေသည်နှင့် တူလှသည်ဟူ၍ကျွန်တော်တို့ သဘောကျကြခြင်းသာ ဖြစ်သည်။
တစ်ကြိမ်မှာတော့ အလွန်ချောမွတ်သည့် ကျောက်ခဲတစ်လုံး ကျွန်တော်တွေ့ရပြီး ယူပစ်လိုက်သည့်အခါ ကျောက်ခဲက လက်ထဲချောကာ ခေါင်းမိုးပေါ်မရောက်လဲ အမျိုးသမီးကြီး၏ အိမ်နောက်ဖေး ဆင်ဝင်မှ ပြတင်းပေါက်တစ်ခုကို တိုက်ရိုက်ထိမှန်သည်။ မှန်ကွဲသံကြားသည်နှင့် တစ်ပြိုင်နက် နှစ်ယောက်သား ကျွန်တော်တို့လွှတ်သည့် ဒုံးပျံထက် ပို၍ လျှင်မြန်သောနှုန်းဖြင့် ပြေးလာခဲ့ကြသည်။
အဲသည်ညမှာတော့ လက်သည်ပေါ်မှာ ကြောက်သောစိတ် ဖိစီးနေသဖြင့် မှန်ကွဲသည့်ကိစ္စကို အမျိုးသမီးကြီး
ဘက်မှ ကျွန်တော်လုံးဝမစဉ်းစားနိုင်ခဲ့ ။ သို့သော်နောက်ရက် အနည်းငယ်ကြာပြီး ကျွန်တော်တို့လုပ်မှန်း ဘယ်သူ
မှမသိဟုစိတ်အေးရပြီ ဆိုသည့် အခါ၌မူ ကျွန်တော်ကြောင့် အမျိုးသမီးကြီးမှာ ထိခိုက်နစ်နာရခြင်း အတွက်
အပြစ်ရှိသလို ခံစားလာရသည်။အမျိုးသမီးကြီးက နေ့စဉ်ကျွန်တော်သတင်းစာ ပို့တိုင်း အပြုံးနှင့်ပင် ဆီးကြိုသည်။ သို့သော် ကျွန်တော်မှာတော့ကြာလေ သူနှင့်တွေ့ ရလျှင် အနေရခတ်လေဖြစ်လာသည်။သို့နှင့် သတင်းစာပို့ခရသည့် ငွေလေးကို စုမည်ဟုကျွန်တော်ဆုံးဖြတ်လိုက်သည်။ သုံးပတ်ခန့်ကြာသည့်အခါ၌ ပြတင်းပေါက်ပြင်ဆင်ရန်လုံလောက်သည့် ပမာဏဟု ကျွန်တော်ယူဆသည့် ငွေခုနှစ်ဒေါ်လာ စုမိသည်။ သည်ငွေကို စာအိတ်ထဲတည့်ပြီး နောက် မှန်ကွဲသွားသည့်အတွက် ၀မ်းနည်းပါကြောင်း ၊ ယခုငွေ ခုနှစ်ဒေါ်လာဖြင့် ပြန်လည်ပြင်ဆင်၍ရနိုင်မည်ဟု မျှော်လင့်ပါကြောင်း စာတစ်ဆောင်ပါရေး၍ ထည့်သည်။
ထို့နောက် နေ၀င်ချိန်ရောက်အောင်စောင့်ကာ အမျိုးသမီးကြီးအိမ်နား ချဉ်းကပ်ပြီး လျှော်ကြေးပေးသည့် စာအျတ်ကိုသူ့အိမ်တံခါးက စာတိုက်ပုံးထဲ ထည့်သည်။
အဲသည်နောက်မှာ ကျွန်တော်ရင်ထဲ တအားပေါ့ပါးသွားသည်။ ကျွန်တော်စိတ်မှာ လွတ်လပ်သွားသည်။ အဖွားကြီးနှင့်တွေ့လျှင် သူ့မျက်နှာကို တည့်တည့်ကြည့်ရဲပြီ၊ အဲသည်လိုလည်း ကြည့်ချင်လှပြီ။
နောက်တစ်နေ့နံနက် သတင်းစာသွားပေး၍ သူက လှိုက်လှိုက်လှဲလှဲ ပြုံးပြီး နှုတ်ဆက်သည့် အခါကျွန်တော်လဲ အလားတူတုန့်ပြန်နိုင်ခဲ့သည်။
အမျိုးသမီးကြီးက သတင်းစာယူရင်း ကျေးဇူးတင်စကားဆိုသည်။ အဲသည်နောက်၊ “ ဟောသည်မှာကွယ်၊ မင်းအတွက်”ဆိုပြီး အထုပ်ကလေးတစ်ထုပ် ပေးသည်။ အထဲမှာ ကွတ်ကီ တွေ။ကျေး ဇူးတင်ကြောင်း ပြောပြီးနောက် ကျွန်တော်ကွတ်ကီစားရင်း သတင်းစာ ဆက်ပို့သည်။အတော်များ များနှိုက်စားပြီး သည့်နောက်တွင် ကွတ်ကီထုပ်ထဲမှ စာအိတ် တစ်အိတ် စမ်းမိပြီး ကျွန်တော်ဆွဲထုတ်လိုက်သည်။ စာအိတ်ကို ဖွင့်ကြည့်သည့်အခါ ကျွန်တော်အကြီးအကျယ် အံ့အားသင့်သွားမိရသည်။ အထဲမှာ ငွေခုနှစ်ဒေါ်လာနှင့် စာတစ်ရွက်။ စာရွက်ပေါ်၌မူ “ မင်းအတွက် ဂုဏ်ယူပါတယ်ကွယ် ” ဟူသော စာတစ်ကြောင်း ရေးသားထားလေသည်။
[ မူရင်း ။ ။ Jerry Harpt ၏ True Forgiveness]
ဆရာဖေမြင့် ၏ နှလုံးသား အဟာရ

1 comments:

  1. ကိုယ်စိတ်ကိုယ်တော့ ညာလို့မရဘူးနော်
    ရိုးသားခြင်းသည် အောင်မြင်မှုတစ်ခုထဲမှာ အပါအ၀င်ပဲ
    ကောင်ကလေးရဲ့ စိတ်ထားကို သဘောကြတယ်ဗျာ
    လူတိုင်းအဲ့လိုရှိမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ

    ReplyDelete

never ... never ... never ...never ... never Give Up !