ကျန်းမာရေးကြောင့် အိင်္ဂလိပ်စကားပြောသင်တန်းလေး ပိတ်လိုက်ရတဲ့ အချိန်ကစပြီး အထက်တန်းကျောင်း သားအရွယ် တွေနဲ့ အဆက်ပြတ်သလောက်နီးပါးဖြစ်သွားတယ် ။ အဲဒါကြောင့် ဆယ်တန်းစာမေးပွဲအောင်စာ ရင်းထွက်တာတွေကို အာရုံသိပ်မစိုက်ဖြစ်တော့ဘူး ။
အောင်ပြီး မပျော်နိုင်ကြသူတွေ
သင်တန်းလေးရှိစဉ်ကတော့ အောင်စာရင်းထွက်ပြီး သုံးလေးရက်နေတာနဲ့ အောင်တဲ့ သူတွေ တစ်ပြုံတစ်မ ကြီး သင်တန်းတက်ဖို့ ရောက်လာလေ့ ရှိတယ် ။တက္ကသိုလ်တက်ဖို့ အချိန်အတော်ကြာ စောင့်နေရခိုက်မှာ အချိန်ကို အလဟဿမဖြစ်စေဖို့ သင်တန်းကို ရောက်လာကြတာ ဖြစ်တယ် ။ ဆယ်တန်းအောင်လို့ ရောက် လာကြတာဆိုပေမယ့် အားလုံးဟာ ပျော်ရွှင် မြူးတူးနေကြတာတော့ မဟုတ်ဘူး ။ မျှော်မှန်းထားသလို “ ဒီ ” တွေများများ ပါမလာတဲ့ အတွက် မျက်နှာ သိပ်မကောင်းသူတွေလဲ ရှိတယ် ။ တချို့က ဆေးဝင်ခွင့်မရတော့တဲ့ အတွက် ဘ၀ပျက်လောက်နီးပါး စိတ်ဓာတ်ကျနေတတ်ကြတယ် ။ သူတို့လေးတွေကို နှစ်သိမ့်အားပေးပြီး ရှေ့ ဆက်ရမယ့် ပညာရေးခရီးအတွက် အကြံပေးလမ်းညွှန်လုပ်ရတယ် ။
ဟန်ဆောင်လိမ်ညာ မတတ်သေးဘူး
သင်တန်းပိတ်လိုက်တော့ ကလေးချော့တဲ့အလုပ်မလုပ်ရတော့ဘူး။ တစ်ခါတလေတော့ ကလေးတွေကိုလွမ်း မိတယ်။ အထက်တန်းကျောင်းသူ/ကျောင်းသား အရွယ် ကလေးတွေနဲ့နေရတာ ပျော်စရာကောင်းတယ်။ သူ တို့အရွယ်လေးတွေ အများစုက ဖြူစင်ကြတယ် ။ ဟန်ဆောင်တာ လိမ်ညာတာတွေ သိပ်မလုပ်တတ်သေး ဘူး။ ၀မ်းနည်းရင်ငိုချလိုက်မယ် ။ဝမ်းသာရင်ခုန်ပေါက် မြူးထူးနေမယ်ပဲ။ နည်းနည်းကြီးလာရင် ဟန်ဆောင် တတ် ၊ လိမ်တတ် ၊ ညာတတ်လာတယ်။ ပေါင်းလို့ သင်းလို့ သိပ်မကောင်းတော့ဘူး။
အဆက်မပြတ်တဲ့ ရေစက်
တစ်နေ့တော့ ကျောင်းသားဟောင်း တပည့်ရင်းချာ တစ်ယောက်ကလေးတစ်ယောက်နဲ့ အတူရောက်လာ တယ်။ သူ့သားတဲ့ ။ ဆယ်တန်းမှာ ဘာသာစုံ ဂုဏ်ထူးထွက်ဖို့ မှန်းထားပေမယ့် ဂုဏ်ထူး နှစ်ဘာသာပဲ ရလို့ စိတ်ဓာတ်အကြီး အကျယ်ကျနေတာကြောင့် အကြံတောင်းဖို့ခေါ်လာတာပါတဲ့ ။ ရေစက်ကတော့ ဆုံးတယ် မရှိပါလား ။ အဖေလုပ်သူက သွန်သင်ဆုံးမခဲ့၊ အားပေးလမ်းညွှန်ခဲ့လုပ်တာ ဘာမှ မကြာလိုက်သေးဘူး ထင်ရပေမယ့် သူ့သားတောင် ဆယ်တန်းအောင်တဲ့ အရွယ်ရောက်လာပါလား ။ အချိန်များအကုန်မြန်လိုက် တာ ။ ဒါကြောင့် အင်္ဂလိပ်တွေက Time flies လို့ ပြောကြတာနေမှာ ။
ကျောင်းနေချင်စိတ်မရှိတော့ဘူးတဲ့
ကလေးကို ဘာဆက်ယူမယ် စိတ်ကူးထားသလဲလို့ မေးတော့ ဘာမှ ဆက်မသင်ချင်ဘူး။ ကျောင်းနေချင်စိတ် တောင် မရှိတော့ဘူးလို့ဖြေတယ် ။ ဘာဆက်လုပ်ချင်သလဲဆိုတော့ မသိဘူးတဲ့။ ဘာသာစုံဂုဏ်ထူးရပြီး ဆေးကျောင်းတက်ချင်တာက ဆရာဝန်မလုပ်ရမနေနိုင်အောင်ကို စွဲလမ်းနေလို့လားလို့ မေးတော့လည်း သွက်သွက်လက်လက် ဟုတ်ကဲ့ မဖြေဘူး ။ သိလိုက်ပါပြီ ။ ဒီခေတ်ကလေးများရဲ့ ထုံးစံအတိုင်း ဘာဖြစ်ချင် တယ် ၊ ဘာဝါသနာပါတယ် ဆိုတာ ရေရေရာရာ ရှိပုံမရပါဘူး။ သူများက ဆေးဆိုလို့ ယောရောင်ပြီး ဆေးဆို မှဆေး ဖြစ်နေတဲ့ သဘောပါ ။
လာပါ လာပါ နဲ့ကြိုကြမှာ
သူကတကယ်ကို ဆရာဝန်မဖြစ်ရ မနေနိုင်ဖြစ်နေတာ ဆိုရင်လည်း အကြံပေးလို့ ရသေးတယ်။ မိဘက တတ် နိုင်နေတာပဲ ဂျီအီးစီ တွေဘာတွေ ၀င်ဖြေပြီး နိုင်ငံခြားသွားပြီး သင်နိုင်တာပေါ့ ။ ဂျီအီးစီ ဘာသာစုံ အေ အဆင့်နဲ့ အောင်လို့ကတော့ ဘယ်နိုင်ငံက ကျောင်းမျိုးလျှောက်လျှောက် “ လာပါ ၊ လာပါ ” နဲ့ ၀မ်းသာအား ရကြိုဆိုကြမှာ သေချာပါတယ် ။ အဲ့ဒီလို ဘာသာစုံ အေနဲ့ အောင်တဲ့သူတွေကို စကောလားရှစ်ပေးချင် တဲ့ ကျောင်းတွေနဲ့ အဖွဲ့အစည်းတွေလည်း အများကြီးပဲ ။
ထင်ပေါ်ဝင့်ကြွားချင်လို့
ခက်တာက ဒီခေတ်ကလေးအမျးစုက ၀ါသနာတို့ ၊ ဖြစ်ချင်တာတို့ရေရေရာရာ စွဲစွဲလမ်းလမ်း ရှိမနေကြတာ ဖြစ်တယ် ။ ဆေးတက်မှ ဂုဏ်ရှိတယ်လို့ ယူဆတဲ့ ခေတ်ထဲမှာ မွေးဖွားကြီးပြင်းလာတဲ့အတွက် ဆေးတက် ချင်ကြတာပဲ ။ တကယ်တမ်း ဆရာဝန်ဖြစ်ချင်စိတ် ထက်ထက်သန်သန် ရှိကြတာ မဟုတ်ဘူး ။ အမှန်အတိုင်း ပြောရရင်တော့ ထင်ပေါ်ချင်လို့၊ ၀င့်ကြွားချင်လို့ တက်ကြတာတွေများပါတယ် ။ ဒါကြောင့် ဆရာဆရာဝန် ဖြစ်ပြီးမှ ဆရာဝန်မလုပ်ဘဲ တခြားအလုပ်တွေ ၀င်လုပ်ကြတာ ဖြစ်တယ် ။ ၀ါသနာ ပါလွန်းလို့ဆို ရင် တခြားအ လုပ်ဘယ်လုပ်ပါ့မလဲ ။
မိဘက ဖိအားမပေးနဲ့
ကလေးကိုယ်တိုင်က ဘာလုပ်ရမှန်း မသိဖြစ်နေချိန်မှာ မိဘတွေက သိပ်ပြီးဖိအား မပေးဖို့ အဖေဖြစ်သူကို ပြောရတယ် ။ ကလေးကို သူဝါသနာပါပြီး ဘာလုပ်ချင်တယ်ဆိုတာ သေသေချာချာ စဉ်းစားပြီးမှ ရွေးချယ် ဖို့အချိန်ပေးပါလို့လည်း မှာရတယ် ။ ကိုယ်ကတကယ်ဝါသနာပါတာကို လုပ်ရမှ စိတ်ပါလက်ပါလုပ်ပြီး ထူးချွန် ထက်မြက်လာနိုင်မှာပါ ။ ဆေးတက်မှ ဂုဏ်ရှိတယ် ဆိုတဲ့ခေတ် ကုန်ဆုံးခါနီးဖြစ်နေပါပြီ ။ အခုတောင် ဆေးကျောင်းသားများဟာ ဦးစားပေး အဆင့်တစ်နေရာမှာ မရှိတော့ပါဘူး ။ အဆင့် သုံး ၊ လေး နေရာရောက် နေပါပြီ ။
ထူးချွန်မှ နေရာရမယ်
အရေးကြီးတာက ဘယ်ဘာသာယူတယ်ဆိုတာ မဟုတ်ဘူး ။ ယူတဲ့ဘာသာကို ထူးထူးချွန်ချွန် တတ်ကျွမ်းနား လည်ဖို့ ဖြစ်တယ် ။ ဒီခေတ်က သူလိုငါလို ရွက်ကြမ်းရေကျို အဆင့်လောက်နဲ့ လူရာဝင်ဖို့ မလွယ်တော့ဘူး ။ ဘယ်နယ်ပယ်မှာ မဆို ထူးချွန်မှ နေရာရနိုင်တယ်။ ထူးချွန်ဖို့ ဆိုတာက စိတ်ပါလက်ပါ ကြိုးစားပမ်းစား လုပ်ဖို့ လိုတယ် ။ ဘယ်သူမဆို ကိုယ်ဝါသနာမပါတဲ့ အလုပ်မျိုးဆိုရင် စိတ်ပါလက်ပါလုပ်ချင်စိတ်မရှိပါဘူး ။
ဇွဲသတ္တိမရှိသူကို ကံကမျက်နှာသာမပေး
သူများယောင်လို့ယောင်တဲ့သူမျိုးနဲ့ ကံပေးသမျှကို ယူမယ်ဆိုတဲ့သူမျိုးဟာ ဘယ်တော့မှ လူတစ်လုံးသူတစ် လုံးမဖြစ်နိုင်ပါဘူး ။ ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်ချင်တာကို အဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ပိုင်းဖြတ်ချက် အခိုင်အမာရှိသူများသာ ရည်မှန်းချက်ပန်းတိုင်ကို ရောက်နိုင်ပါတယ်။ ပိုင်းဖြတ်ချက်ခိုင်မာရင် နည်းလမ်းတွေ ရှာမတွေ့ဘဲမနေပါဘူး ။ လူငယ်တွေ အနေနဲ့ ရည်းမှန်းချက်ပန်းတိုင် ပြတ်သားခိုင်မာရင် လိုရာခရီးကို မရောက်ဘဲ မနေဘူးဆိုတာ စိတ်ချယုံကြည်သင့်တယ် ။ ကံပေးသမျှကို ယူမယ် ဆိုရင်တော့ ဘာမှ မရမှာ သေချာတယ် ။ ဘာကြောင့်လဲ ဆိုတော့ ဇွဲသတ္တိမရှိသူကို ကံက ဘယ်တော့မှ မျက်နှာသာ ပေးလေ့ မရှိလို့ဖြစ် ပါတယ် ။ ။
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !