Home » » အမှန်တရားဆိုတာ တစ်ခုတည်းပဲရှိတယ်

အမှန်တရားဆိုတာ တစ်ခုတည်းပဲရှိတယ်

လူထုစိန်ဝင်း

ဒီမိုကရေစီနဲ့ ဗဟုဝါဒဆိုတဲ့ စကားလုံးတွေ ခေတ်စားနေတဲ့ အချိန်မှာအလားတူလူ ပြောများတဲ့ တခြားစကား တစ်ခုရှိပါသေးတယ် ။ အမှန်တရားဆိုတာ တစ်ခုတည်းရှိတာမဟုတ်ဘူး ။ ကြည့တဲ့ သူတွေရဲ့ ရှု့ထောင့် ကို လိုက်ပြီး အမှန်တရား အမျိုးမျိုး  ကွဲပြားခြားနားစွာ တည်ရှိနေတယ်ဆိုတဲ့ စကားဖြစ်တယ် ။

မရေရာမှုတွေနဲ့ခေတ်
အမှန်တရားဆိုတဲ့အပေါ်မှာကို သံသယပွားသူတချို့လည်း ရှိသေးတယ် ။ လူ့လောကမှာ သေချာရေရာတဲ့ အရာဆိုတာ ဘာမှမရှိဘူး ။ မသေချာမရေရာမှုတွေကြားမှာ မျက်မမြင်ပုဏ္ဏားများ ဆင်စမ်းသလို စမ်းတ၀ါးဝါး နဲ့ကိုယ်ထင်ရာ ကိုယ်ပြောနေကြတာပဲ ဖြစ်တယ်လို့ ဆိုသူက ဆိုကြတယ် ။ အဲ့ဒီအဆိုရဲ့ နောက်ဆက်တွဲအ ဖြစ် အမှန်တရားကို ကိုင်စွဲတယ်။ အမှန်တရားအတွက် စွန့်လွှတ်နစ်ခံတယ်ဆိုတဲ့ သူများကို တစ်ယူသန် အယူသည်း သူ၊ မျက်ကန်းများအဖြစ် ပျက်ရယ်ပြုတာတွေ ကပ်ပါလာလေ့ ရှိတယ်။

အားပေးရာကျတယ်
အမှန်တရားကို ကိုင်စွဲလို့ ပျက်ရယ်ပြုတာက ကိစ္စမရှိဘူး ၊ ထင်ရာစိုင်းပြီး မမှန်မကန် လုပ်နေတာတွေကို သူတို့လည်း သူတို့ ရှုထောင့်က အမှန်တရားလို့ ယူဆပြီး လုပ်နေကြတာပဲ ။ အပြစ်ပြောလို့ မရဘူးဆိုတဲ့ သဘောထားမျိုးကတော့ မဟုတ်တာကို အားပေးအားမြောက်ပြုလုပ်ရာ ကျတယ် ။ သဘောမတူနိုင်ဘူး။ လူ့ လောကမှာ အယူဝါဒမျိုးစုံရှိနေကြတာ မှန်တယ်။ မတူကွဲပြားတဲ့ အယူဝါဒ အမျိုးမျိုးကို သည်းခံပြီး လူတိုင့်းရဲ့ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှုကို လေးစားစွာ အတူတကွ ယှဉ်တွဲနေထိုင်ခြင်းကို လူ့ယဉ်ကျေးမှုလို့ သတ် မှတ်ခေါ်ဆိုကြတာ ဖြစ်တယ် ။ အဲ့ဒါဟာ ဒီမိုကရေစီရဲ့ အနှစ်သာရလည်း ဖြစ်တယ်။

တောင်တက်လမ်း အသွယ်သွယ်
တောင်တစ်တောင်ကိုတက်ဖို့ လမ်းကြောင်းအသွယ်သွယ်ရှိနိုင်တယ် ။အယူဝါဒမျိုးစုံဟာ တောင်တက်လမ်း ကြောင်းအသွယ်သွယ်နဲ့ တူတယ်။ ဘယ်လမ်းကြောင်းက တက်မှ မှန်တယ်လို့ သတ်မှတ်လို့မရဘူး။ ဘယ် လမ်းကြောင်းကပဲ တက်တက် မလျှော့သော ဇွဲသတ္တိနဲ့ မမှိတ်မသုံတက်ရင် နောက်ဆုံးမှာ တောင်ထိပ်ဖျားကို ရောက်မှာ သေချာတယ် ။ တောင်ထိပ်ကို ရောက်အောင်တက်မယ်ဆိုတဲ့ ပြတ်သားရေရာတဲ့ ဦးတည်ချက် နဲ့ ခိုင်မြဲတဲ့ ဇွဲသတ္တိမရှိဘဲ လမ်းတစ်ဝက်ကနောက်ပြန်လှည့်တတ်တဲ့လူစားမျိုးကတော့ တောင်ထိပ်ကို ဘယ်တော့မှ ရောက်မှာမဟုတ်ပါဘူး ။ လမ်းသွယ်တွေများတာ အကြောင်းမဟုတ်ဘူး ။ အဆုံးထိရောက် အောင်တက်ဖို့သာ အရေးကြီးတယ် ။

ထိပ်ဖျားဆိုတာ တစ်ခုပဲ ရှိတယ်
တောင်တက်လမ်းတွေ ဘယ်လောက်ပဲများများ တောင်ထိပ်ဖျားကတော့ တစ်ခုပဲရှိတယ် ။ နှစ်ခုရှိနေတယ် ဆိုရင် တောင်ထိပ်ဖျားလို့ မခေါ်နိုင်ဘူး ။ မမှိတ်မသုံခိုင်ကြည်တဲ့ ဇွဲသတ္တိနဲ့ တက်လာရင် ဘယ်လမ်းကြောင်း ကပဲတက်လာတက်လာ တောင်ထိပ်ဖျားကို မလွဲဧကန်ရောက်မှာသေချာတယ် ။ဗဟုဝါဒ ဆိုတဲ့ ၀ါဒမျိုးစုံဟာ အမှန်တရားဆိုတဲ့ တောင်ထွတ်ဖျားကို ရောက်အောင် တက်တဲ့ လမ်းသွယ်တွေပဲ ။ မရေတွက်နိုင်လောက် အောင် အများကြီး ရှိနိုင်တယ် ။ ဒါပေမယ့် တောင်ထိပ်ဖျား အခေါင်အထွဋ်ဆိုတာကတော့ တစ်ခုတည်းပဲ ရှိနိုင်တယ် ။ ဒါကြောင့် အခေါင်အထွတ်လို့ ခေါ်တာဖြစ်တယ် ။

အမှန်တရား တစ်ခုတည်း
အမှန်တရားဆိုတာ နှစ်ခုမရှိနိုင်ဘူး။ တစ်ခုတည်း ရှိလို့ အမှန်တရားလို့ သတ်မှတ်တာဖြစ်တယ် ။ အနောက် တိုင်း ရှု့ထောင့်အမှန်တရား ၊ အရှေ့တိုင်းရှု့ထောင့် အမှန်တရားရယ်လို့ မရှိဘူး။  လူ့လောကမှာ အမှန်တ ရားဆိုတာ တစ်ခုပဲ ရှိတယ် ။ အနောက်ရှု့ထောင့် ၊ အရှေ့ရှု့ထောင့် အမှန်တရား တောင်ထွဋ်များကို သွား တဲ့ ချဉ်းကပ်လမ်းကြောင်း ၊ လမ်းသွယ်တွေသာ ဖြစ်တယ် ။ အမှန်တရား မဟုတ်ဘူး ။အရှေ့တိုင်းသားများက ၃၂ ကောဋ္ဌာသနဲ့ ဖွဲ့စည်းထားပြီး အနောက်တိုင်းသားတွေက ၃၆ ကောဋ္ဌာသ အစုအဖွဲ့ကြီးသာဖြစ်ပြီး အောက်ဆီဂျင်ကို ရှုသွင်းပြီး အသက်ရှင်နေကြတာအတူတူဖြစ်တယ်။

လူ့ယဉ်ကျေးဆိုတာ
တောင်ထိပ်ကိုရောက်ဖို့ လမ်းကြောင်း တွေအသွယ်သွယ်ရှိတာကို လက်ခံအသိအမှတ်ပြုပြီး တခြားလမ်း ကြောင်းတွေက တက်နေကြသူများကို တောင်တက်ဖော်များအဖြစ် သဘောထားနိုင်သူများကို လူ့ယဉ်ကျေး လို့သတ်မှတ်ကြတယ် ။ 

အလိုတူအလိုပါပဲ
လမ်းကြောင်းနဲ့ပန်းတိုင်ကိုရောထွေးပြီး အမှန်တရားဆိုတာ တစ်ခုတည်းရှိတာမဟုတ်ဘူးလို့ ပြောနေကြတာ ဖြစ်တယ် ။ လူ့လောကမှာ လူဆိုးနဲ့ လူကောင်းရယ်လို့ ခွဲခြားသတ်မှတ်ထားခဲ့တဲ့ နှုန်းစံတွေရှိပြီးသား ဖြစ်တယ် ။ ဒါကို မရှုပ်ရှုပ်အောင် ကောင်းတယ်ဆိုးတယ် ဆိုတာ ပုံသေကားချ သတ်မှတ်ထားလို့ မရဘူး။ သူ့ဘက်က အမှန်နဲ့ ကိုယ့်ဘက်က အမှန်မတူကြဘူး ။ အမှန်တရားအများကြီး ရှိတယ် စသည်ဖြင့် ပြောနေ ကြတာ လူဆိုးတွေဘက်က ရှေ့နေလိုက်ပေးနေကြတာဖြစ်တယ်။ အလိုတူအလိုပါ ဖြစ်တယ် ။

ရောင်တော်ပြန်ရောလွှတ်တာ
ဒီမိုကရေစီနဲ့ ဗဟုဝါဒ စကားလုံးတွေခေတ်စားနေတာနဲ့ ရောင်တော်ပြန်ရောပြီး လူမသမာတွေက လူဆိုးလူ ကောင်းဆိုတဲ့နှုန်းစံတွေ မတူကွဲပြား အမျိုးမျိုးအစားစား ရှိတယ် ။ အမှန်တရားဆိုတာလည်း  အများကြီး ရှိတယ်လို့ ကြွေးကြော်ဝါဒဖြန့်နေကြတာ ဖြစ်တယ် ။ လူ့လောကမှာ မရေရာ မသေချာတာတွေ ပြည့်နှက်နေ ပေမယ့် ရေရာသေချာတာတွေလည်း  အများကြိးရှိပါတယ်။ မတရားမှုနဲ့ တရားမှုကို တိကျပြတ်သားစွာ ခွဲခြား သတ်မှတ်ချက်တွေ နိုင်ငံတိုင်းလူမျိုးတိုင်းမှာ ရှိပါတယ် ။ တာလီဘန်တွေက ဈေးထဲမှာ ဗုံးခွဲတိုက်ခိုက် တာဟာ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုလို့ ယဉ်ကျေးတဲ့ လူသားတိုင်းက သတ်မှတ် ထားကြ ပါတယ်။ 

ရက်စက်ကြမ်းကြုတ်မှုပဲ
အလားတူပဲ အာဖဂန်နိုင်ငံကမူလတန်း ကျောင်းလေးပေါ်ကျချင်ကျ ၊ လူအိုရုံပေါ်ကျချင်ကျ ဆေးရုံပေါ်ကျချင် ကျ ၊ ဈေးထဲကျချင်ကျ၊ ဘယ်နေရာကျကျ လူတွေ ကြောက်လန့်သွားရင် ပြီးရောဆိုတဲ့သဘောနဲ့ လူမပါတဲ့ လေယဉ်တွေပေါ်က ဗုံးတွေ ဒလစပ်ကြဲချနေတဲ့ အမေရိကန်ရဲ့ လုပ်ရပ်တွေဟာလည်း  လူမဆန်တဲ့ ရက် ဆက်ကြမ်း ကြုတ်မှုတွေပဲ ဖြစ်တယ်လို့ လူယဉ်ကျေးတိုင်းက သတ်မှတ်ကြပါတယ် ။  အပြစ်မဲ့တဲ့ အရပ်သူအရပ်သားတွေကို သတ်ဖြတ်တာ ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှတရားတယ်လို့ သဘောမထား နိုင်ပါဘူး ။ အဲ့ဒီလိုလုပ်ရပ်ကို မှန်တယ်လို့လည်း ဘယ်သူကမှ လက်မခံနိုင်ပါဘူး ။

ဗြောင်လိမ်နေတာ
ဒီလို ရက်စက်ကြမ်းကြုတ်မှုကြီးတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြသူများက သူတို့ရဲ့ရာဇ၀တ် မှုတွေကို ဖုံးကွယ်ဖို့အတွက် အမှန်တရားဆိုတာ တစ်ခုတည်း ရှိတာ မဟုတ်ဘူးဆိုတဲ့ အယူအဆကို ၀ါဒ ဖြန့် ကြွေးကြော်နေတာဖြစ်တယ်။ သူတို့ရှုထောင်က ကြည့်တဲ့အမှန်တရားအတိုင်း ဆောင်ရွက်တာဖြစ်လို့ သူတို့ မလွန်ဘူး၊  မမှားဘူး ။ အမှန်တရားဆိုတာ လောကမှာ တစ်ခုတည်း ပဲရှိပါတယ် ။ သွားတဲလမ်းကြောင်းတွေ သာ အသွယ်သွယ်များနေတာဖြစ်တယ်ဆိုတဲ့ အချက်ကို သဘောပေါက်ထားဖို့ လိုပါတယ် ။ အယူဝါဒ အမျိုး မျိုး ရှိနေတာနဲ့ အမှန်တရားတွေအများကြီးရှိနေတယ်လို့ နားမယောင်သင့်ဘူး။ အယူဝါဒတွေက အမှန်တရား မဟုတ်ဘူး ။ အမှန်တရားကို သွားရာလမ်းကြောင်းတွေသာ ဖြစ်တယ် ။ အမှန်တရာဆိုတာ နှစ်ခု မရှိနိုင်ပါဘူး။

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !