တောင်ပံတစ်ဖက်စီသာပါတဲ့ ငှက်နှစ်ကောင်
ပခုံးဖက် လက်တွဲ
လေမှာ အတူပျံဝဲကြပေါ့
၁၉၄၈ ခုနှစ် နွေဦးရာသီမှာ အရှေ့တောင်ပိုင်း ကိုယ်ထူကိုယ်ထ စခန်းသို့ ရူပဗေဒကုသမှု ရယူရန် မားဂရက် ပက်ထရစ်ရောက်လာသည်။အဲ့သည်က ၀ါရင့်ဝန်ထမ်းတစ်ဦးဖြစ်သူ မီလီမက္ကဟူးခ်ျ က မားဂရက်အား စခန်းမှာရှိနေသူများနှင့် မိတ်ဆက်ပေးသည်။ တစ်နေရာမှာ မားဂရက် စန္ဒရားကြီး တစ်လုံးကိုမြင်ပြီး ၀မ်းနည်းသောမျက်နှာနှင့် ငေးကြည့်နေတာ သတိပြုမိတော့ မီလီကမေးသည်။
“ ဘာဖြစ်လို့လဲဟင် ”
“ ဘာမှမဟုတ်ပါဘူး ” မားဂရက်က လေသံပျော့ပျော့နှင့် ဆိုသည်။ “ စန္ဒရားမြင်တော့အရင်တုန်းက အကြောင်းတွေ သတိရလို့ပါ၊လေမဖြတ်ခင်တုန်းကတော့ ဂီတက ကျွန်မဘ၀ပဲလေ၊”မီလီက မားဂရက်၏ လှုပ်ရှားမရသော ညာလက်တစ်ဖက်ကို အမှတ်မဲ့ကြည့်မိသည်။ မားဂရက်ထူးချွန်သော လူမည်းဂီတ ပညာရှင်တစ်ဦး ဖြစ်သည် ။တစ်ချိန်တုန်းက ဂီတနယ်ပယ်မှာ စွမ်းဆောင်ခဲ့သည့် သူမ၏ ထူးခြားသော လုပ်ရပ်တစ်ချို့အကြောင်း မီလီအား သူပြောပြနေမိသည်။ရုတ်တရက်မီလီက တစ်စုံတစ်ခု သတိရဟန်ဖြင့် “ ခဏလေးနော်၊ ဒီမှာနေဦး၊ ကျွန်မအခုပဲပြန်လာခဲ့မယ်၊”ဆိုပြီး ထွက်သွားသည်။ အတော်လေးကြာ၍ သူပြန်လာသည့်အခါ သူ့နောက်မှာ အမျိုးသမီး တစ်ယောက်ပါလာသည်။ အမျိုးသမီးက သေးသေးကွေးကွေး၊ တစ်ခေါင်းလုံးဖွေးနေသည့် ဆံပင်နှင့်၊ မျက်မှန်ထူထူနှင့်။သူက လမ်းလျှောက် အထောက်အကူ( Walker ) ကိုအသုံးပြုပြီး လျှောက်လာသည်။“ မားဂရက် ပက်ထရစ်၊ သူက ရုသ် အိုင်ဇင်ဘာ့ဂ်” ဟုမိတ်ဆက်ပေးပြီးနောက် မီလီကပြုံး၍ ပြောသည်။“ သူလဲ စန္ဒရားသမားပဲ ၊ ဒါပေမယ့် မားဂရက်လိုပဲ လေဖြတ်ပြီးကတည်းက စန္ဒရား မတီးနိုင်ဘူး၊ မစ္စစ် အိုင်ဇင်ဘာ့ဂ်က ညာဘက်လက်ကောင်းတယ်၊ မားဂရက်က ဘယ်လက်ကောင်းတယ်၊ နှစ်ယောက်သာတွဲလိုက်ရရင် အရမ်းကို အဆင်ပြေမှာပဲလို့ ကျွန်မစဉ်းစားမိတယ်” “ ရှိုပန်ရဲ့ ဝေါ့ဇ်ကို တီးကြည့်ရအောင်လား” ရုသ်က မားဂရက်အား မေးသည်။ မားဂရက်က ခေါင်းညိတ်သည်။
သူတို့နှစ်ယောက် စန္ဒရားခုံမှာ အတူတွဲထိုင်ကြသည်။ ခလုတ်ခုံပေါ်တင်လာသည့် ကျန်းမာသန်စွမ်းသော လက်နှစ်ဖက်က တစ်ခုနှင့်တစ်ခု လုံးဝဆန့်ကျင်ဘက်။ တစ်ဖက်က အဖြူ တစ်ဖက်က အနက်။ တစ်ဖက်က အတိုတစ်ဖက်က အရှည်။ အဖြူရောင် လက်ချောင်းလေးတွေက တိုတိုဖောင်းဖောင်း၊ အနက်ရောက် လက်ချောင်းတွေက ရှည်ရှည်သွယ်သွယ်။ သို့သော် စန္ဒရား၏ ဆင်စွယ်ရောင်နှင့် မဟုရာရောင် ခလုတ်များပေါ်တွင် ပြေးလွှားတီးခတ်သည့်အခါ၌မူ လက်နှစ်ဖက်က တစ်စိတ်တည်းတစ်ဝမ်းတည်း။
အဲသည်နေ့မှ စတင်ကာ စန္ဒရားခုံမှာ သူတို့အမြဲထိုင်ဖြစ်ခဲ့ကြသည်။ ရုသ်၏ ကောင်းသောညာလက်က တေးသွားအလိုက် (melody) ကိုတီးခတ်၍ မားဂရတ်၏ ကောင်းသောဘယ်လက်က နောက်ခံ အသံအတွဲအဖက်များ(accompaniment) ကိုတီးခတ်စဉ် မားဂရတ်၏ မသန်စွမ်းသော ညာဘက်လက်က ရုသ်၏ နောက်ကျောဘက်မှာ၊ ရုသ်၏ ခွန်အားကင်းမဲ့သော ဘယ်ဘက်လက်က မားဂရတ်၏ ပေါင်ပေါ်မှာ အသီးသီးငြိမ်သက်စွာ။သူတို့နှစ်ဦး တွဲဖက်၍ ရုပ်မြင်သံကြား ပရိတ်သတ်များကို ဖျော်ဖြေခဲ့ကြသည်။ စာသင်ကျောင်းများ၊ ဘုရားရှစ်ခိုးကျောင်းများ၊ နာလန်ထ စခန်းများ၊ ဘိုးဘွားရိပ်သာများတွင် တီးခတ်ခဲ့ကြသည်။ စန္ဒရားထိုင်ခုံမှာ အတူတွဲထိုင်ရင်းဂီတသာမက ဘ၀၏ အခြားအခြားသော ကဏ္ဍရပ်များကိုပါ မျှဝေခံစားခဲ့ကြသည်။ ရှို့ပန်၊ ဘတ်(ခ)၊ ဗေထိုးဗင်စသည့် ဂန္တ၀င် ပညာရှင်ကြီးများ၏ ဂီတလက်ရာများတွင် ကျွမ်းဝင်တာချင်းတူညီကြသလို၊ နှစ်ဦးစလုံးမှာမြေးမြစ်ကိုယ်စီရှိကြတာ၊ ခင်ပွန်း သည်များ မရှိကြတော့တာ၊ သားတွေမိမိတို့ထက် အရင်ကွယ်လွန်ခဲ့ကြတာ၊ စသည်ဖြင့် သူတို့ဘ၀ဖြစ် ရပ်တွေကလည်း ထင်တာထက်ပို၍ အများကြီးတူညီနေကြတာ သူတို့တွေ့ကြရသည်။
တကယ့်ဘ၀တူများပင်။
“ ကျွန်မဆီက ဂီတကို ပြန်ရုပ်သိမ်းသွားကြပေမယ့် ဘုရားသခင်က ကျွန်မအတွက် ရုသ်ကို အစားထိုး ပေးခဲ့တယ်၊”မားဂရတ် ပြောလေ့ရှိခဲ့သည်။ ရုသ်ကလည်း “ ကျွန်မတို့ နှစ်ယောက် ဆုံဆည်းဖြစ်ခဲ့တာကတော့ တကယ့်အံ့ချီးဖွယ်ပါပဲ ” ဟူ၍ လှိုက်လှဲစွာ ဆိုသည်။
ဤသည်က ဂီတသမား အဖွားအို မားဂရတ်နှင့်ရုသ်တို့ ဆုံစည်းမိခဲ့ကြပုံအကြောင်းဖြစ်၏။ သူတို့ကို တေးဂီတ ပရိတ်သတ်က မားဂရတ်နဲ့ ရုသ်အတွဲဟု ခေါ်လေ့ရှိကြ၏။ သို့သော် သူတို့ကိုယ်တိုင်ကမူ ဆင်စွယ်နဲ့ မဟူရာ ဟူ၍ သူတို့ဘာသာ နာမည်ပေးထားကြချေသည်။

[မူရင်း ။ ။ Margaret Patrick ၏ The Story of Margaret and Ruth]
ဆရာဖေမြင့် ၏ နှလုံးသားအဟာရ
ဆရာဖေမြင့် ၏ နှလုံးသားအဟာရ
အကျိုးတစ်စုံတစ်ခုရစေခြင်း ငှာ စာကိုရေးပါ၏ ။ နှစ်သက်စွာ ခံစားနိုင်ကြပါစေ. . . .
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !