အရက်သမားတစ်စုအား ပုဂ္ဂိုလ်တစ်ဦးက အရက်ဖြတ်ရေးတရားဟောနေသည်။
သူက အရက်၏ ကြောက်မက်ဖွယ်ရာကောင်းပုံ ထင်ရှားစေရန်အတွက် လက်တွေ့သရုပ်ပြမှုတစ်ခု ပြုလုပ်သည်။
စားပွဲပေါ်တွင် ဖန်ခွက်နှစ်ခွက်တင်ထားသည်။ နှစ်ခွက်လုံးတွင် ကြည်လင်သောအရည်များ ပြည့်လုနီးပါး လောက် စီထည့်ထားသည်။
ဖန်ခွက်နှစ်ခွက်က တစ်ဆင်တည်း၊ တစ်ညီတည်း။ ဟောပြောသူက ဖန်ခွက်တစ်ခွက်ထဲမှာရှိသော အရည် သည် ရေသန့်စစ်စစ်ဖြစ်၍ ကျန်ခွက်တစ်ခွက်၌မူ လုံးဝရေမရောသည့် အရက်စစ်တွေ ထည့်ထား ကြောင်း ကြေ ညာ သည်။
ထို့နောက်
ပိုးကောင်လေးတစ်ကောင်ကို ဖန်ခွက်တစ်ခုထဲသို့ ထည့်လိုက်သည်။
ပိုးကောင်သည် ခွက်ထဲရှိ အရည်တွင်လှည့်လည်ကူးခတ်နေပြီးနောက် ခွက်နံရံမှနေ၍ နှုတ်ခမ်းပေါ်ချိတ်တက် သွားသည်။
ဟောပြောသူက ပိုးကောင်လေးကို အသာအယာယူပြီး၊ နောက်ခွက်တစ်ခွက်ရှိ အရည်ထဲသို့ ထည့်လိုက်သည့် အခါ ပိုးကောင်သည် အများမျက်စိရှေ့မှောက်မှာပင် ချက်ချင်း ဇီဝိန်ချုပ်ကာ ရုပ်ဆင်းသဏ္ဍာန်မှာလည်း စော စောက ခွက်တွင် လွတ်လပ်စွာ ကူးခတ်သွားနေသည့် အကောင်နှင့် လုံးဝတစ်ခြားစီဖြစ်အောင် ပျက်စီးသွား သည်။
သည်ဟာကို ပြသပြီးနောက် တရားဟောသူက “ကဲ.....ဒါကိုကြည့်ပြီး ခင်ဗျားတို့ ဘာမြင်သလဲ၊ ဘာသင်ခန်း စာတွေရသလဲ” ပရိတ်သတ်အား မေးလိုက်သည်။
“ဒါကိုကြည့်ခြင်းအားဖြင့် အရက်မှန်မှန်သောက်ရင် ခန္ဓာကိုယ်မှာ ပိုးမွှားကင်းစင်မယ်လို့ ကျွန်တော်မြင်တယ်” နောက်ဖက်နားတွင် ထိုင်နေသည့် ပုဂ္ဂိုလ်တစ်ဦးက ရှင်းလင်းပြတ်သားသော လေသံဖြင့်ဖြေသည်။
နောက်နေသည်ဟု ထင်ပါသလား။
တရားဟောသူအား လှမ်းနောက်တာဖြစ်နိုင်သလို၊ သူယုံကြည်ရာကို သူပြောခြင်းလည်း ဖြစ်နိုင်သည်။
အနည်းဆုံးတော့ ၊ ဟာ .... သည်လိုလည်း မြင်လို့ရတာပေါ့ဗျဟု စောဒကတက်ခြင်း ဖြစ်နိုင်သည်။
ဒါကို သွားငြင်းခံမည်ဆိုလျှင် သူ့ဘက်မှ ချေပစကားတွေ အဆက်မပြတ် ထွက်လာလိမ့်မည်။ “ခင်ဗျားပြတဲ အရ ကျုပ်မြင်ရတာက အရက်ခွက်ထဲကျတော့ ပိုးကောင်ဟာ သေသွားတယ်လေဗျာ။ အဲဒီတော့ ဗိုက်ထဲမှာ အရက်ရှိနေရင် အစားအသောက်ထဲ ပိုးကောင်မွှားကောင်ပါသွားလဲ ကိုယ့်အတွက် အန္တရာယ်မရှိနိုင်ဘူးဆို တဲ့ သဘောပေါ့။ .... ပြီး ခင်ဗျားပြနိုင်တာက ပိုးကောင်ကို အရက်ထဲထည့်လိုက်ရင် ပိုးကောင်သေတယ်ဆို တာပဲ ပြနိုင်တာ၊ လူကို အရက်ထဲထည့်လိုက်ရင် သူသေတယ်လို့ ပြနိုင်တာမှ မဟုတ်ဘဲ၊ မကျေနပ်ရင် ဖန် ခွက် အကြီးကြီးလုပ် အရက်တွေ အပြည့်ထားပြီး ကျုပ်လိုကောင်ကို ချကြည့်ပါလား။ မသေရုံမက ခွက်ထဲ လှည့်ပတ်ပြီးတောင် ကူးနေလိုက်ဦးမယ်၊ ကူးရင်းသောက်၊ သောက်ရင်းကူး ဟား ... .ဟား ”
ကိုင်း၊ သည်ကိစ္စမှာ သင်ဘယ်နားက ရပ်မည်လဲ။ အရက်ဆန့်ကျင်ရေးသမား၏ သရုပ်ပြဟောပြောချက်က တော့ အရက်သမားများ၏ ချေပချက်ကြောင့် မှန်းချက်နှင့် နှမ်းထွက်မကိုက် ဖြစ်သွားတာ အမှန်ပဲ ဖြစ်သည်။ သို့သော် သည်အတွက်ကြောင့်ပဲ သူမှားပြီးဟု ဆိုနိုင်ပါမည်လား။
တစ်ဖက်မှာ အရက်သမား၏ အယူအဆကိုရော သင်ဘယ်လောက်ထောက်ခံနိုင်မည်လဲ ။
သူ့စကားက ရယ်ရတာ ၊ သူ့ဆင်ခြေနှင့်သူ ဟုတ်သလိုရှိနေတာ မှန်သည်။ ဒါနှင့်ပဲ သူ့အယူအဆကို ဟုတ်လှ ပြီဟု သင်ခံယူနိုင်ပါမည်လား။
လူတွေဆိုတာက ကိုယ့်အယူအဆ ကိုယ့်အမြင် ဆိုလျှင် မှန်သည်၊ မျှတသည်၊ အစွဲအလမ်းကင်းသည်၊ ကျိုး ကြောင်းသင့်မြတ်သည်၊ ဓမ္မဓိဌာန်ကျသည်၊ objective ဖြစ်သည်ဟူ၍ ထင်မှတ်တတ်ကြသည်။ သို့သော်လက် တွေ့တွင် လူတိုင်းလိုပင် အစွဲအနည်းနှင့် အများပါတတ်ကြသည်။ ကိစ္စတစ်ခုကို ကိုယ်သန်ရာသန်ရာ ရှု ထောင့်မှ အကဲဖြတ် သတ်မှတ်တတ်ကြသည်။ တစ်နည်းဆိုရသော် subjective (ပုဂ္ဂလဓိဌာန်)။
လူတွေ၏ သဘောထားအမြင်များ၊ ရှုမြင်သုံးသက်ချက် ရပ်တည်ချက်များဟူသည်၎င်းတို့ ဘယ်အရာတွေကို ဘယ်လောက်တန်ဖိုးထားသည် မထားသည်၊ ဘာတွေကို ကောင်းသည်မှန်သည်ဟု မှတ်သားခံယူခဲ့၍ ဘယ် ဟာတွေသည် မကောင်းမမှန်ဟု စွဲလမ်းယုံကြည် ထားခဲ့သည်၊ သူ့အား ဘယ်ကာလ ဘယ်ဒေသမျိုးမှာ မွေး၍ ဘယ်ပတ်ဝန်းကျင်မှာ သူဘယ်လိုကြီးပြင်းလာခဲ့သည်ဟူသော အချက်များပေါ်တွင် များစွာ မူတည်နေတတ် သည်။
စင်စစ် နေရာတကာ ဓမ္မဓိဌာန် ကျကျ (ယထာဘူတ ကျကျ) စဉ်းစားဖြစ်ဖို့သည် လူတစ်ယောက်အတွက် မလွယ် ကူပါ။
သင်ကော အကြောင်းကိစ္စတွေအပေါ် မည်မျှ ဆန္ဒစွဲ အမြင်(ပုဂ္ဂလဓိဌာန်) ကင်းစွာ ရှုမြင်သုံးသပ်လေ့ ရှိပါ သလဲ ။ ။ ။ .........
ဖေမြင့် (စာဖတ်သမား၏ မှတ်စုများ)
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !