Home » » ကိုယ့်လည်ပင်းစွပ်မယ့် ကြိုးကွင်းတွေ ဘယ်သူတွေ ၀င်ကျစ်ပေးတာလဲ

ကိုယ့်လည်ပင်းစွပ်မယ့် ကြိုးကွင်းတွေ ဘယ်သူတွေ ၀င်ကျစ်ပေးတာလဲ

- လူထု စိန်ဝင်း -

အခုတစ်လော ရောက်လာသမျှ ပြည်တွင်း၊ပြည်ပ သတင်းမီဒီယာသမား အားလုံးက တစ်ခုတည်းသော မေးခွန်းကိုပဲ မေးကြတယ်။ သတင်းမီဒီယာလောကသား အားလုံး စိတ်ဝင်တစား ပြောဆိုဆွေးနွေးနေကြတဲ့ “မီဒီယာ ဥပဒေ” ဆိုတာကို ဘယ်လိုမြင်သလဲဆိုတဲ့ မေးခွန်းဖြစ်တယ်။
မီဒီယာဖွံ့ဖြိုးရေး ညီလာခံ
ဒီလ ၁၈ ရက် ၁၉ ရက်က ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ကုလသမဂ္ဂပညာရေးသိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) တို့ ပူးပေါင်းပြီး “မြန်မာနိုင်ငံ မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ညီလာခံ” ဆိုတဲ့ ညီလာခံတစ်ခု ကျင်းပခဲ့တယ်။ အဲဒီမှာ ပြည်ပအဖွဲ့အစည်းတချို့က ကိုယ်စားလှယ်တွေ တက်ရောက်ပြီး စာတမ်းဖတ် ကြားသလို ပြည်တွင်းမီဒီယာ သမားတချို့လည်း စာတမ်းများဖတ်ကြတယ်။ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက် ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်က “New Media Laws and regulations in Myanmar” ဆိုတဲ့ခေါင်းစဉ်နဲ့ စာတမ်းဖတ်ကြားသွားကြောင်း သိရတယ်။ လူတွေပြောနေကြတဲ့ မီဒီယာ ဥပဒေဆိုတာက  ဒါပဲဖြစ်ပါလိမ့်မယ်။ ဘာတွေပါတယ်ဆိုတာ မသိပါဘူး။ ယေဘုယျ သဘောတော့ပြောနိုင်ပါတယ်။
တည်ငြိမ်အေးချမ်းဖို့
ဥပဒေဆိုတာ ဘယ်နိုင်မှာဖြစ်ဖြစ် ဘာစနစ်နဲ့အုပ်ချုပ် အုပ်ချုပ်၊ လူတွေကို ထိန်းချုပ်ဖို့ လုပ်ကြတာချည်း ဖြစ်တယ်။ မရှိမကောင်း၊ ရှိမကောင်းဆိုတဲ့ အရာဖြစ်တယ်။ လူ့အဖွဲ့အစည်းတည်တည်ငြိမ်ငြိမ်နဲ့ အေးချမ်းသာယာဖို့အတွက် လူတိုင်းလူတိုင်းမှာ သဘာဝအရ ရှိနေကြတဲ့ အရိုင်းစိတ်တွေနဲ့ ပရမ်းပတာ စိတ်တွေကို အနားကွပ်ပြီး ထိန်းသိမ်းပေးဖို့လိုတယ်။ ဥပဒေက ဒီတာဝန်ကို ယူရတယ်။ လူ့အဖွဲ့အစည်းဆို တာက လူမျိုးပေါင်းစုံ ပါဝင်နေတာဖြစ်လို့ဆိုပြီး လူတိုင်းနဲ့ကိုက်ညီအောင် ဥပဒေကို လိုက်ညှိရေးလို့ မရဘူး။ ဥပဒေဆိုတာ ဘယ်နေရာဖြစ်ဖြစ်၊ ဘယ်အချိန်အခါဖြစ်ဖြစ်၊ ဘယ်သူ့အတွက်ဖြစ်ဖြစ် တစ်မျိုးတည်း၊ တစ်သမတ်တည်း ဖြစ်ရတယ်။ သူ့ကျတော့တစ်မျိုး၊ ငါ့ကျတော့ တစ်မျိုး၊ လိုရင်တစ်မျိုး၊ မလိုရင်တစ်မျိုး လုပ်လို့မရဘူး။ ဥပဒေရှေ့မှောက်မှာ နိုင်ငံသားအားလုံး တစ်ပြေးညီ ဖြစ်ရတယ်။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရဘူး။
ကာကွယ်စောင့်ရှောက်မှုပေးရမယ်
ဥပဒေက လက်လှမ်းမမီတဲ့ လူတန်းစားတစ်ရပ် သီးခြားတည်ရှိနေတာမျိုးလည်း လုံးဝမရှိစေရဘူး။ ရှိနေရင်လည်း အဲဒါ အာဏာရှင်နိုင်ငံပဲ ဖြစ်တယ်။ ဒီမိုကရေစီနိုင်ငံ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒီမိုကရေစီနိုင်ငံ ဆိုတာ တိုင်းသူပြည်သားအားလုံး တန်းတူညီမျှရှိရတယ်။ စံစရာရှိ အတူစံပြီး ခံစရာရှိလည်း အတူခံရတယ်။ တောင်ယာလုပ်တဲ့ လယ်သမားတွေဆီက ဘိမ်း(ကွမ်းပုံ) ကလေးတစ်ငုံစာမိတာကို ထောင်ခုနှစ်နှစ် ပြစ်ဒဏ်ချ ပြီး သိန်း ၇၀၀၀ ဖိုး ဘိန်းတွေ၊ ဆေးပြားတွေနဲ့မိတဲ့ လော်ပန်ကြီးကတော့ အုတ်နံရံအမြင့်ကြီးနဲ့ ဘုံခုနှစ်ဆင့် နန်းတော်ကြီးထဲမှာ ဇိမ်ကျနေမြဲ ကျနေတာမျိုး လုံးဝမရှိရဘူး။ အဲဒီလို မညီမျှမှုတွေ ရှိနေသေးသရွေ့ ဒီမိုကရေစီ နိုင်ငံလို့ မခေါ်နိုင်ဘူး။ ဒီမိုကရေစီ စနစ်မှာ အခွင့်ထူးခံ လူတန်းစားလုံးဝမရှိရဘူး။ ဥပဒေဟာ နိုင်ငံသားအားလုံးကို ထိန်းချုပ်သလို နိုင်ငံသားအားလုံး စိတ်ချလက်ချ လုပ်ကိုင်စားသောက်နိုင်အောင် ကာကွယ် စောင့်ရှောက်မှုလည်း ပေးရမယ်။

အပ်နဲ့ထွင်းရမှာ ပုဆိန်နဲ့ပေါက်
ထိန်းချုပ်မှုနဲ့ ကာကွယ်စောင့်ရှောက်မှုမှာ ကာကွယ်စောင့်ရှောက်မှုဘက်က အလေးသာမှ အဲဒီနိုင်ငံဟာ နေပျော်တဲ့ နိုင်ငံတစ်ခု ဖြစ်မှာပါ။ ထိန်းချုပ်မှု လွန်ကဲရင် စိတ်ညစ်စရာ ကောင်းပါတယ်။ အာဏာရှင် စနစ်ကို လူတွေစက်ဆုပ်မုန်းတီးတာက အဲဒီအချက်အဓိကပဲ။ အာဏာရှင်စနစ်တိုင်းမှာက ဘယ်ကိစ္စမဆို သူတို့ဘ၀လုံ ခြုံရေး၊ သူတို့အာဏာတည်မြဲရေးကိုပဲ အမြဲဂရုစိုက်တွေးလေ့၊ ကြည့်လေ့ရှိတယ်။ မလိုအပ်ဘဲနဲ့ တင်းကြပ်လွန်း တဲ့ဥပဒေတွေ ချမှတ်ပြဋ္ဌာန်းရုံမက သဘာဝမကျစွာ ပြင်းပြင်းထန်ထန် အရေးယူတာမျိုးလည်း လုပ်လေ့ရှိတယ်။ အပ်နဲ့ထွင်းရမယ့် ကိစ္စကို ပုဆိန်နဲ့ ပေါက်တတ်သေးတယ်။
သဟဇာတ ဖြစ်မှု
ပုဆိန်နဲ့ ပေါက်တဲ့ အစိုးရဆိုတော့လည်း လူတွေက ရွံကြောက်ကြီး ဖြစ်နေတာပေါ့။ ဒါဆိုရင် ဘယ်ကောင်းတော့ မှာလဲ။ အစိုးရဆိုတာ တိုင်းသူပြည်သားများရဲ့ လစာရိက္ခာကိုစားတဲ့ ပြည်သူ့ဝန်ထမ်းလို့ခေါ်တဲ့ အဆိုနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေမှာ မဟုတ်လား။ အစိုးရနဲ့ ပြည်သူဆိုတာ တစ်သားတည်းကျနေရမှာမျိုး ဖြစ်တယ်။ အစိုးရက ပြည်သူကို ကာကွယ်စောင့်ရှောက်ရမယ်။ ပြည်သူက အစိုးရကို ပံ့ပိုးကူညီရမယ်။ အစိုးရနဲ့ ပြည်သူ သဟဇာတ ဖြစ်ရင် တိုင်းပြည်သာယာတယ်။ သဟဇာတမဖြစ်ရင် ပစ္စန္တရစ်အရပ်လို နေချင်စဖွယ် မရှိဘူး။  ပစ္စန္တရစ်အရပ်ဖြစ်ရတဲ့ကိစ္စမှာ အများအားဖြင့် အုပ်ချုပ်ရေးအာဏာကို ချုပ်ကိုင်ရယူထားတဲ့ အစိုးရများရဲ့ တာဝန်သာဖြစ်တယ်။
ဒေ၀ါလီခံရအောင် လုပ်လို့
အစိုးရက အုပ်ချုပ်ရေးညံ့ဖျင်းလို့၊ အာဏာကို အလွဲသုံးစားလုပ်လို့၊ ဥပဒေကို မျက်ကွယ်ပြုလို့ တိုင်းပြည်တွေ ဆင်းရဲတွင်း နက်သထက် နက်ကြရတာသာ ရှိတယ်။ ပြည်သူတွေက ပေးဆောင်ရမယ့် အခွန်တွေ မပေးကြ လို့ ဒေ၀ါလီခံရတဲ့ တိုင်းပြည်ဆိုတာ မရှိဘူး။ အုပ်ချုပ်ရေး အာဏာကိုင်စွဲထားတဲ့ အစိုးရက  အာဏာသုံးပြီး အခွန်အခတွေ မရ ရအောင် ကောက်ယူကြမြဲ ဖြစ်တယ်။ ပြည်သူတွေက အခွန်အခမပေးရင် တရားစွဲ ထောင်ချ လို့ရပေမဲ့ အစိုးရတာဝန်ကို ကျေပွန်အောင် မထမ်းဆောင်တဲ့ အစိုးရကို တာဝန်မကျေပွန်မှုနဲ့ တရားစွဲ ထောင်ချနိုင်တဲ့ ဥပဒေတော့ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှမရှိဘူး။ တိုင်းပြည်ကို ဒေ၀ါလီခံရအောင် လုပ်လို့ ထောင်ချခံရတဲ့ အစိုးရဆိုတာလည်း ကမ္ဘာပေါ်မှာ မရှိခဲ့ဘူး။

ခြိမ်းခြောက်ဖို့ မဟုတ်
စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံမှာ တရားဥပဒေဆိုတာ အစိုးရက အသုံးချတဲ့ လက်နက်အဖြစ်သာ ရှိမနေစေရဘူး။ ပြည်သူလူထုက အစိုးရကို ပြန်လည်ထိန်းသိမ်းဖို့လည်း ဖြစ်စေရမယ်။ ပြည်သူက အခွန်အခမပေးရင် အရေးယူ သလို ပြည်သူပေးတဲ့ လစာရိက္ခာကို စားပြီး တာဝန်ကျေပွန်အောင် ထမ်းဆောင်ဖို့ ပျက်ကွက်တာကိုလည်း အရေးယူ အပစ်ပေးနိုင်ဖို့ လိုတယ်။ ဥပဒေမှန်သမျှရဲ့ အနှစ်သာရက တိုင်းသူပြည်သားများ အပူအပင်၊ အကြောင့်အကြ ကင်းကင်းနဲ့စိတ်အေးချမ်းသာစွာ လုပ်ကိုင်စားသောက် နေထိုင်နိုင်အောင် ကာကွယ်စောင့် ရှောက်မှုပေးဖို့ ဖြစ်တယ်။ ပြည်သူတွေကို ခြိမ်းခြောက်ဖို့ မဟုတ်ဘူး။ ဖိနှိပ်ဖို့ မဟုတ်ဘူး။
အခြေခံဥပဒေကို ဆန့်ကျင်
စောစောက အမေးရှိခဲ့တဲ့ မီဒီယာဥပဒေဆိုတာက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက အသိအမှတ်ပြု ပေးအပ်ထားပြီး ဖြစ်တဲ့ နိုင်ငံသူနိုင်ငံသားများရဲ့ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်၊ လွတ်လပ်စွာရေးသားခွင့်ဆိုတဲ့ အခြေခံလူ့အခွင့် အရေးကို ဆန့်ကျင်လုပ်ဆောင်ရာ ဖြစ်တဲ့ အတွက် သတင်းမီဒီယာ သမားတစ်ယောက်အနေနဲ့ ကန့်ကွက်သလို နိုင်ငံသား တစ်ယောက်အနေနဲ့ လည်းကန့်ကွက်ပါတယ်။ လက်ရှိအခြေအနေမှာတောင် သတင်းမီဒီယာတွေကို ထိန်းချုပ်ထားတဲ့ ဥပဒေတွေက လိုတာထက်တောင် အများကြီး ပိုနေပါသေးတယ်။ အသရေဖျက်မှု ဥပဒေ၊ အစိုးရကို အကြည်ညိုပျက်စေမှု ဥပဒေ၊ ဆူပူအောင် လှုံဆော်ရေးသားမှု ဥပဒေ၊ အစိုးရလျှို့ဝှက်ချက် ပေါက်ကြးမှု ဥပဒေ၊ အီလက်ထရောနစ် အက်ဥပဒေ၊ ရုံးတော်ကို မထီမဲ့မြင်ပြုမှု ဥပဒေ စတဲ့ စတဲ့ ဥပဒေတွေအများကြီး ရှိပါတယ်။
ရုပ်သိမ်းပေးရမှာ
ပြန်ကြားရေး ၀န်ကြီးဌာနက ပြောသလို သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး အတွက်၊ စတုတ္ထမဏ္ဍိုင် ကြံ့ခိုင်ရေး အတွက် လုပ်တာပါဆိုရင် နောက်ထပ်ဥပဒေပုဒ်မ အသစ်အသစ်တွေနဲ့ ထပ်ပြီး ထိန်းချုပ်ဖို့ လုပ်မယ့်အစား ရှိနေတဲ့ ကန့်သတ်ချုပ်ချယ်မှု သဘောဆောင်တဲ့ ဥပဒေပုဒ်မတွေကို ရုပ်သိမ်းပေးဖို့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ နှစ်ပေါင်း ငါးဆယ်ကျော် သတင်းသမားလုပ်လာခဲ့သူ တစ်ယောက်အနေနဲ့ သတင်းမီဒီယာကို ကန့်သတ်ထိန်းချုပ်ဖို့ လုပ်တဲ့ ဥပဒေမှန်သမျှကို လက်မခံနိုင်ပါဘူး။ သတင်းသမားအစစ် “ပရော်ဖက်ရှင်နယ်” မှန်သမျှလည်း လက်ခံကြမှာ မဟုတ်ပါဘူး။ ပရော်ဖက်ရှင်နယ် သတင်းသမား မဟုတ်တဲ့ ခေတ်ပျက် ဂျာနယ် လစ်တွေကသာ အခွင့်အရေးမျှော်ကိုးပြီး ထောက်ခံချင် ထောက်ခံကြပါလိမ့်မယ်။ ပရော်ဖက်ရှင်နယ် သတင်းသမားမှန်ရင် ကိုယ့်လည်ပင်းစွပ်မယ့် ကြိုးကွင်းကို ကိုယ်တိုင်ဝင်ကျစ်ပေးတာမျိုး ဘယ်နည်းနဲ့မှ မျက်နှာပြောင်တိုက်ပြီး လုပ်မှာ မဟုတ်တာ သေချာပါတယ်။  ။
ဒီလှိုင်း စာစဉ်ပါ
ဆရာကြီး
လူထုစိန်ဝင်း ၏ ဆောင်းပါး

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !