Home » » အလုပ် ( WORK ) နဲ့စပ်လျဉ်းတဲ့ ပညာရှိတို့ရဲ့စကားတစ်ချို့

အလုပ် ( WORK ) နဲ့စပ်လျဉ်းတဲ့ ပညာရှိတို့ရဲ့စကားတစ်ချို့


“ အလုပ် ” သို့မဟုတ် “ အလုပ်လုပ်ခြင်း ” အကြောင်း ရှေးလူတွေပြောခဲ့တဲ့ မှတ်သားစရာ စကားများ စွာထဲက တချို့ ကို ရွေးချယ်ဖော်ပြရရင်၊
ဦးစွာပထမ အလုပ်တစ်ခု မလုပ်မှီ ကြိုတင်ပြင်ဆင်တယ်ဆိုတာနဲ့ ပတ်သတ်လို့ William Held ဆိုတဲ့ ပုဂ္ဂိုလ် က--
The best preparation for work is not thinking about work, talking about work, or studying for work: it is work.

“ အလုပ်အတွက် အကောင်းဆုံး ပြင်ဆင်မှုဟူသည် အလုပ်အကြောင်း စဉ်းစားနေခြင်း မဟုတ်၊ အလုပ်အ ကြောင်း ပြောဆိုနေခြင်း မဟုတ်၊ အလုပ်အတွက်လေ့လာနေခြင်းလည်း မဟုတ်၊ အလုပ်လုပ်ခြင်းသာ ဖြစ်၏ ” တဲ့။

လူတွေက အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင် နည်းနည်းတော့ ပြင်ဆင်ရဦးမယ်ဆိုပြီး၊ အလုပ်အကြောင်း စဉ်းစား သလိုလို တိုင်ပင်ပြောဆိုသလိုလို အဲဒီအလုပ်နဲ့ ပတ်သတ်လို့ ပိုပြည့်ပြည့်စုံစုံသိအောင် လေ့လာ သလိုလိုနဲ့ အချိန် ဆွဲနေတတ်ကြတယ်။ အချိန်ဆွဲတာ များသွားရင် အလုပ်မဖြစ်တော့ဘူး။
ဒါကြောင့်မို့ အလုပ်အတွက် ပြင်ဆင်တာတွေ ဘာတွေလုပ်မနေနဲ့၊ လုပ်မယ်ဆိုရင် ချက်ချင်းကောက်လုပ်လို့ တိုက်တွန်းတဲ့ ဒီစကားကိုပြောတာ၊ ဒါကို အတိုပြောမယ်ဆိုရင် “ အလုပ်အတွက် အကောင်းဆုံးပြင်ဆင်မှုဟူ သည် အလုပ်ကောက်လုပ်ခြင်းပင်ဖြစ်သည် ” လို့ ဆိုရလိမ့်မယ်။

အချိန်ဆွဲခြင်း
အချိန်ဆွဲခြင်း၊ ရွှေ့ဆိုင်းခြင်း (procrastination)နဲ့ပတ်သတ်လို့ အင်္ဂလိပ်မှာ လူသိများတဲ့ စကားပုံတစ်ခုရှိတယ်/

Procrastination is the thief of time.
“ ရွှေ့ဆိုင်းခြင်းကား အချိန်သူခိုးဖြစ်၏ ” တဲ့။
ရွှေ့ဆိုင်းခြင်းကြောင့် အချိန်တွေ အလဟသဖြစ်ရတယ်၊ သူခိုးခိုးခံရသလို ဆုံးရှုံးရတယ်ဆိုတဲ့ အဓိပ္ပာယ်။
ဒီသဘောကိုပဲ အင်္ဂလိပ်ကဗျာဆရာ အက်ဒ၀ပ်ယန်း (Edward Young) (၁၆၈၃ - ၁၇၆၅)က သူရဲ့ Night Thoughts ကဗျာထဲမှာ အခုလိုရေးတယ်။
Procrastination is the thief of time;
Year after year it steals, till all are fled.
ဒါက အချိန်ဆွဲတတ်တဲ့ အကျင့်ဆိုးကြီး စွဲကပ်နေသူများအတွက် ပြောတာ။ နေ့ ရွှေ့ညရွှေ့လရွှေ့ နှစ်ရွှေ့နဲ့ ရှိသမျှ အချိန်တွေ ရွှေ့ရင်းကုန်ကြလိမ့်မယ်လို့ သတိပေးတာ။
ဒီကဗျာထဲမှာ သူဆက်ရေးထားသေးတယ် ။ တစ်သက်လုံး အချိန်တွေ ရွှေ့ရင်း အိုသေသွားတဲ့လူအကြောင်း-
At thirty, man suspects himself a fool;
Knows it at forty, and reforms his plan;
At fifty chides his infamous delay,
Pushes his prudent purpose to resolve;
In all the magnanimity of thought
Resolves, and re-resolves; then dies the same.
အဲဒါကို အကြမ်းအဓိပ္ပာယ်ပြန်ရရင်
အသက် ၃၀ အရွယ်မှာ ငါ အလကားကောင်ဖြစ်နေပြီလား စစဉ်းစားမိ၊ ၄၀ ကျတော့ ဟုတ်တယ်သေချာ်တယ် လို့သိ၊ မဖြစ်ဘူး၊ ငါ့အစီအစဉ်တွေ ပြန်ပြင်ရမယ်လို့ လုပ်၊ ၅၀ ကျတော့ ဒါလောက်တောင်နှေးကွေးရကောင်း လားလို့ ကိုယ့်ကိုယ်ကို ဒေါသထွက်၊ (ကိုယ်အချိန်ဆွဲတတ်တဲ့ အကြောင်းလည်း လူတကာသိနေပြီ၊)

အဲဒီတော့မှ ကိုယ်အမြော်အမြင်ရှိစွာ ချမှတ်ခဲ့တဲ့ ကိုယ့်ရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ မမှိတ်မသုံ ဆောင် ရွက်တော့မယ်လို့ သန္နိဋ္ဌာန်ချ၊ အဲသည်နောက်လည်း မြင့်မားခိုင်ကြည်တဲ့ စိတ်ထားနဲ့ သန္နိဋ္ဌာန်တွေ ထပ်ထပ် ပြီးချ၊ ဒီလိုနဲ့ နောက်ဆုံး ဘာမှ အကြောင်းမထူးပဲနဲ့ သေဆုံးသွား၊ ဆိုတဲ့ သဘောဖြစ်တယ်။

ဒါကြောင့်မို့လို့ လူကြီးသူမတွေက ဟေ့... လုပ်စရာရှိတာမြန်မြန်လုပ်၊ အချိန်မရွှေ့ကြနဲ့လို့ သတိပေးလေ့ရှိ တာပဲ။
အင်္ဂလိပ်စာရေးဆရာကြီး ချားလ်(စ)ဒစ်ကင်း(စ) (Charles Dickens) (၁၈၁၂- ၇၀)ကဆိုရင် ဒီနေ့လုပ်နိုင်တာ ကို ဘယ်တော့မှ နောက်တစ်နေ့မရွှေ့နဲ့၊ (Never do tomorrow  what you can do today.) လို့ ရှင်းရှင်းရေးခဲ့ တယ် ။

အလုပ်ရဲ့တန်ဖိုး
ပြင်သစ်တွေးခေါ်ရှင် ဗော်လတဲယား (Voltaire) (၁၆၉၄ - ၁၇၇၈)က  Work keeps at bay three great evils; boredom, vice, and need.
(keeps at bay ဆိုတာ ထိန်းထားတာ၊ မလုပ်နိုင်အောင်တားထားတာ၊)
အဓိပ္ပာယ်က “ အလုပ်ကား ပျင်းရိထုံထိုင်းမှု၊ မကောင်းမှု ဒုစရိုက်နှင့် ဆင်းရဲမွဲတွေမှုတည်းဟူသော မကောင်း ဆိုးဝါး ကိစ္စကြီးသုံးရပ်ကို ထိန်းချုပ်ထားပေသည် ” တဲ့။ အလုပ်လုပ်ခြင်း ရဲ့ အကျိုးကိုပြောတာ။

အလုပ်ဝါဒ
ချားလ်(စ) ဟျူး(ဇ) (Charles E.Hughes) (၁၈၆၂ - ၁၉၄၈ ) ဆိုတဲ့ ပုဂ္ဂိုလ်ကတော့ အလုပ်ဝါဒသမား။
သူက ....
I believe in work, hard work and long hours of work. Men do not break down from overwork, but from worry and dissipation. တဲ့။
(believe in work ဆိုတာ အလုပ်လုပ်ခြင်းဟာ မှန်တယ်၊ ကောင်းတယ်၊ အလုပ်ဟာလူကို အကျိုးပြုတယ်လို့ ယုံကြည်ကြောင်း ပြောတာ။)
အလုပ်လုပ်တာကောင်းတယ်။ များများလုပ် အချိန်အကြာကြီးလုပ်လေ ပိုကောင်းလေ ဆိုတဲ့ သဘောပြော တာ။ (Long hours ဆိုတာ ပုံမှန်အလုပ်ချိန် တစ်နေ့ ရှစ်နာရီရှိတယ်ဆိုရင် ဒီထက်မက ပိုလုပ်တာ၊ ၉ နာရီ၊ ၁၀ နာရီ၊ ၁၁ -၁၂ နာရီ လုပ်တာ)
[ break down (breakdown) (nervous breakdown) ဆိုတာက စိတ်ရောကိုယ်ပါ မကျန်းမမာ ဖြစ်သွားတာ။] ခင် ဗျား ဒီနှုန်းအတိုင်း အလုပ်လုပ်နေရင် ဦးနှောက်ချောင်သွားလိမ့်မယ်၊ breakdown ဖြစ်သွားလိမ့်မယ်  စသဖြင့် တစ်ယောက်ကို တစ်ယောက် ပြောတတ်ကြတယ်။ ဟျူး(ဇ) ကတော့ လူတွေ breakdown ဖြစ်တာ အလုပ်လုပ် လွန်းလို့ (overwork ကြောင့်) မဟုတ်ဘူး။ စိတ်လေနေတာ (dissipation)၊ စိုးရိတ်ကြောင့်ကြများတာ(worry) တွေကြောင့်သာ ဖြစ်တယ်လို့ ဆိုတယ်။

လုပ်လည်းလုပ် နားလည်းနား
သိုသော် အလုပ်လုပ်လွန်းတာကို မကြိုက်တဲ့စကားတစ်ခု ရှေးတုန်းကပဲ ရှိပါတယ်။
All work and no play makes Jack a dull boy. တဲ့ ။ အလုပ်ချည်း လုပ်နေပြီး အပန်းဖြေမှု မြူးတူးပျော်ရွှင်မှု မရှိ ဘူးဆိုရင် လူတစ်ယောက်ဟာ မသွက်လက်မထက်မြက်တော့ဘူး၊ ( ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်လာမယ်) ဆိုတဲ့ အဓိပ္ပာယ်။ [ Jack ဆိုတာကတော့ ဘယ်သူဘယ်ဝါ ရယ်မဟုတ်၊ အများအတွက် အလွယ်တကူ သုံးတဲ့ နာမည် တစ်ခု။]

ဝါသနာပါတဲ့ အလုပ်
ဖော့က်(စ) (Sim Fox) ဆိုတဲ့ ပုဂ္ဂိုလ်က သူ့အဖေရဲ့ စကားကို ကိုးကားပြီးပြောတယ်။
My father always told me, " Find a job you love and you'll never have to work a day in your life." တဲ့။
[ a job you love= နှစ်သက်တဲ့ အလုပ် ၀ါသနာပါတဲ့ အလုပ်၊ ပျော်တဲ့ အလုပ်၊ ( အလုပ်= အလုပ်အကိုင်)
have to work = အလုပ်လုပ်ရတယ်၊ (မလုပ်ချင်ဘဲ) လုပ်နေရတယ်၊ “ အလုပ် ” ဆိုပြီးလုပ်နေရတယ်။]
အလုပ်အကိုင်ရွေးတဲ့ အခါ ကိုယ်ဝါသနာပါတဲ့ (ကိုယ်ပျော်တဲ့) အလုပ်အကိုင်မျိုးကို ရွေးဖို့ပြောတာ။ အဲဒါဆိုရင် ငါအလုပ်လုပ်နေရတယ်လို့ စိတ်ပင်ပန်းခြင်း၊ ညစ်ညူးခြင်းမျိုး ဘယ်တော့မှ ရှိမှာမဟုတ်ဘူးဆိုတဲ့ သဘော ပြောတာ။

အလုပ်လုပ်နေမှ
သံကို အသုံးမပြုတဲ့ အခါ (၀ါ) မထိတွေ့ မကိုင်တွယ်ဘဲ ထားတဲ့အခါ သံချေးတက်လာတယ် (rust)။ အလားတူ ပဲ အသိဥာဏ် (ဦးနှောက်)ကို ထုတ်မသုံးတဲ့အခါ ( ဥာဏ်ထုတ်ရတဲ့ အလုပ်မျိုး မလုပ်တဲ့ အခါ ) ဦးနှောက်ညံ့ ဖျင်း ယိုယွင်းလာတယ် (၀ါ) ဥာဏ်မသုံးတာ ကြာရင် ဦးနှောက် သံချေးတက်သွားတတ်တယ်၊ ဆိုတဲ့ အ ကြောင်းကို အီတလီ ပန်းချီကျော်ကြီး လီယိုနာဒို ဒါဗင်ချီ (Leonardo da Vinci) (၁၄၅၂-၁၅၁၉) က အခုလို ပြောတယ်။
Just as iron rusts from disuse, even so does inaction spoil the intellect. တဲ့ ။

စောစောထတဲ့လူတွေ ထိပ်တန်းရောက်မယ်
ထကြွလုံလရှိတဲ့သူဟာ အကျိုးကျေးဇူး ခံစားရမြဲ ဖြစ်သွားတဲ့ အကြောင်းကို အင်္ဂလိပ်စကားပုံမှာ The earlier bird catches the worm. (စောတဲ့ ငှက် ပိုးကောင်ဖမ်းမိတယ်၊) အိပ်ရာက စောစောထပြီး အစာရှာထွက်တဲ့ငှက် အစာရတယ်လို့ ဆိုတယ်။ ဒီစကားပုံက အသုံးများလွန်းတာကြောင့် နောက်ပိုင်းကျတော့ early bird ဆိုတာ အိပ်ရာက စောစောထလေ့ရှိတဲ့ လူ၊ ကိစ္စ၀ိစ္စရှိရင် သူများထက် နောက်ကျမခံ အရင်ဦးအောင်လာတဲ့လူလို့ အဓိပ္ပာယ်ထွက်လာတယ်။

အိန္ဒိယတိုင်းရင်းသားတို့ကတော့ ဒီစကားပုံပါ သဘောကိုပဲ အိပ်ရာထနောက်ကျတဲ့သူ နွားထီးကလေးရတယ်၊ အိပ်ရာက စောစောထတဲ့လူ နွားမကလေးရတယ်၊
(Who sleeps late gets the bull-calf, he who rises early the cow-calf.) လို့ဆိုကြတယ်။ နွားမလေးက နွားထီး လေးထက် ပိုတန်ဖိုးရှိတယ်လေ ။

အိပ်ရာက စောစောထခြင်းရဲ့ အကျိုးကို တကယ်ယုံကြည်တဲ့ ဒဲင်တင်ဂျာ (Ron Dentinger) ဆိုတဲ့ ပုဂ္ဂိုလ်တစ် ယောက်ကလည်း၊ မယုံမရှိ တကယ်ဗျ ဆိုတဲ့ သဘောမျိုးနဲ့ ခုလိုပြောတယ်။
There is a close correlation between getting up in the morning and getting up in the world.
အိပ်ရာက စောစောထခြင်း မထခြင်းနဲ့ လောကမှာ ပေါက်မြောက်အောင်မြင်ခြင်း မအောင်မြင်ခြင်းကြား နီး ကပ်သော အပြန်အလှန် ဆက်စပ်မှု (သိသိသာသာ ဆက်စပ်မှု) ရှိနေတယ်တဲ့။
စောစောထတဲ့ လူတွေ ကြီးပွားတိုးတက်ကြတယ်၊ အိပ်ရာထနောက်ကျသူ (အအိပ်ကြီးသူ၊ အလုပ်မလုပ်သူ) တွေမကြီးပွား မတိုးတက်ကြဘူးလို့ ဆိုလိုက်တာပဲ ။

အကောင်းဆုံးလက်ရာဖြစ်ပါစေ
အလုပ်နဲ့စပ်လျဉ်းတဲ့ စကားကို အမေရိကန်လူမည်းခေါင်းဆောင်ကြီးတစ်ဦးဖြစ်တဲ့ မာတင်လူသာကင်း (Martin Luther King. Jr.) (၁၉၂၉-၆၈) ရဲ့ပြောကြားချက် တစ်ခုနဲ့ နိဂုံးချုပ်တယ်။
မာတင်လူသာကင်းက ---
Whatever your life's work is, do it well. A man should do his job so well that the living, the dead and the unborn could do it no better.
If it falls your lot be a street sweeper, sweep streets like Michelangelo painted pictures, like Shakespeare wrote poetry, like Beethoven composed music; sweep streets so well that all the hosts of heaven and earth will have to pause and say, " Here lived a great street sweeper, who swept his job well."
လို့ သြ၀ါဒစကားဆိုခဲ့တယ်။
ဒါကို ဆီလျော်အောင် ဘာသာပြန်ရင်....
သည်ဘ၀မှာ ဘယ်အလုပ်ကိုပဲလုပ်ကိုင်နေသည်ဖြစ်စေ အဲသည်အလုပ်ကို ကောင်းအောင်လုပ်ပါ။ ဘယ်သူ  မဆို ကိုယ့်အလုပ်နဲ့ ပတ်သတ်လာရင် တခြားသက်ရှိလူတွေရော၊ ကွယ်လွန်ပြီးတဲ့ ပုဂ္ဂိုလ်များနဲ့ မမွေးဖွားသေး တဲ့ သူများပါ ကိုယ့်ထက်ဘယ်လိုမှ မသာနိုင်အောင် အကောင်းဆုံးလုပ်ဆောင်သင့်တယ်။
အကြောင်းကြောင်းကြောင့် လောလောဆယ် သင်ဟာ လမ်းသန့်ရှင်းရေးသမား ဖြစ်နေတယ်ဆိုပါတော့။ တံမြက်စည်းလှည်းတဲ့ အလုပ်ကိုပဲ မိုက်ကယ်အိန်ဂျယ်လို ပန်းချီကားတွေ ရေးဆွဲသလို၊ ရှိတ်စပီးယား ကဗျာ လင်္ကာတွေ ရေးဖွဲ့သလို၊ ဗေထိုးဗင်ဂီတတေးသွားတွေ သီကုံးသလို လက်ရာအမြောက်ဆုံးလုပ်ကိုင်စမ်းပါ။ အဲ ဒီအခါကျတော့ လူ့ပြည်နေတဲ့ လူတွေရော ကောင်းကင်ဘုံက ပုဂ္ဂိုလ်တွေပါရပ်ပြီး “ ဟောဒီမှာကြည့်စမ်း ဟေ့... တကယ့်ကို ထူခြားတဲ့ သန့်ရှင်းရေးသမား လမ်းတွေပြောင်အောင် ရှင်းအောင် လှည်းကျင်းထားလိုက် တာ ” လို့ ချီးကျူးစကား ဆိုကြရလိမ့်မယ် ။  တဲ့ ။။ ။ ။ ။

ဖေမြင့် ( စာဖတ်သမား၏ မှတ်စုများ)

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !